ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ကိုဗစ်-၁၉ မြန်မာပြည်စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်ကစပြီး ကျွန်တော်လုပ်နေကျ အလုပ်တွေနဲ့ ကင်းကွာခဲ့တယ်။ အရင်လို ဘွဲ့လွန်သင်တန်းတွေ၊ အများအတွက်ဟောပြောပွဲတွေ မလုပ်နိုင်တော့ဘူး။ နိုင်ငံတော်ရဲ့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေရဲ့ ဘောင်အတွင်းလှုပ်ရှားရတာ။ ဒါပေမယ့် အခက်အခဲတွေကြားက အခွင့်အရေးတွေရခဲ့တယ်။ အထူးသဖြင့် အွန်လိုင်းကတစ်ဆင့် ကျွန်တော်လုပ်ချင်တာတွေကို အရင်အတိုင်းလုပ်ခွင့်ရခဲ့တယ်၊ အရင်ထက်ပိုပြီး လုပ်နိုင်ခဲ့တယ်။


အွန်လိုင်းနဲ့လုပ်လို့ရတာကို သိတယ်၊ နားလည်သဘောပေါက်တယ်။ နာမည်ကြီး နိုင်ငံခြားတက္ကသိုလ် တွေမှာ ပါမောက္ခတွေက အခုလိုပဲလုပ်နေကြတာ။ ဒါပေမယ့် ဆင်ခြေအမျိုးမျိုးပေးပြီး မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော့် အခြေအနေကိုသိလို့ တူနှစ်ယောက်က အခု ခေတ်မှာခေတ်စားနေတဲ့ Webinar လုပ်ဖို့ တိုက်တွန်းအားပေးခဲ့တယ်။ လိုအပ်တဲ့ အကူအညီတွေလည်း ပေးခဲ့တယ်။ Webinar ဆိုတာက Web နဲ့ Seminar ဆိုတဲ့ စကားလုံး နှစ်လုံးကို ပေါင်းထားတာ။ အွန်လိုင်းကတစ်ဆင့် လုပ်တဲ့ ဆွေးနွေးပွဲ၊ သူတို့တိုက်တွန်းလို့သာစလုပ်ခဲ့တယ်၊ စိတ်ထဲမှာတော့ ခပ်ရွံ့ရွံ့။ ဒါပေမယ့် လုပ်ရင်းသင်-သင်ရင်းလုပ် နဲ့ အခုနှစ်လကျော် သုံးလအတွင်းမှာ နေ့တိုင်းလိုလို လုပ်ဖြစ်ခဲ့တယ်။ ကိုယ့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရပ်တစ်ခု။

 

လူတိုင်းဟာ အသစ်ကိုကြောက်တယ်

အမှန်တော့ လူတိုင်းဟာ အသစ်ကိုကြောက်တယ်၊ ထိတ်လန့်တယ်။ မိမိရင်းနှီးတာ၊ ခုံမင်တာကိုပဲ လုပ်ချင် တယ်။ အခုတော့ အခြေအနေက တောင်းဆိုတာမို့ မလုပ်လို့မဖြစ်တဲ့သဘော။ အခုလို လုပ်တော့လည်း အထစ်အငေါ့ တွေရှိတယ်။ နည်းပညာအခက်အခဲတွေ၊ စက် ပစ္စည်းအခက်အခဲတွေ။ ဇနီးသည်ကတော့ အစစအရာရာ အဆင်ပြေ အောင်လို့ ဆောင်ရွက်ပေးရှာတယ်။ အခုတော့ မိသားစု တီဗွီကြည့်တဲ့အခန်းက စတူဒီယိုဖြစ်နေပြီ။ လုပ်တော့လည်း အကောင်းဆုံးဖြစ်ချင်တာ။ စိတ်တိုင်းကျအောင် ကြိုးစားနေရတုန်း။ အိမ်ကလုပ်ရတာမို့ အကန့်အသတ်တော့ ရှိတယ်။ မီးအလင်းရောင်၊ ငှက်အော်သံတွေ။ အခုတော့ အနေအထားကကျနေပြီ။ အဆင်ပြေလှတယ်။ အရင်တုန်းက ဟောပြောပွဲလုပ်ရင် ပရိသတ်တွေက ကိုယ့်ရှေ့ရှိတော့ သူတို့ဆီက အင်အားတွေရတယ်။ အခုတော့ ခံစားမှုကတော့ တစ်မျိုး။ တံတိုင်းကြီးခံနေ သလိုပဲ၊၊ လူဆိုတာက လူမှုရေးသတ္တဝါတွေဖြစ်တော့ အခုလိုအွန်လိုင်းက လုပ်နေရတာကို ကျေနပ်ပေမယ့် အရင်တုန်းကအချိန်ကိုတော့ သတိရမိတယ်။ ဒါပေမယ့် အခုခေတ်မှာ ပုံမှန်အသစ်ဖြစ်နေပြီ။

 

ရှေ့သို့ချီတက်ဖို့သာ ရှိတော့တယ်

နောက်မလှည့်ဘဲ ရှေ့သို့ချီတက်ဖို့သာ ရှိတော့တယ်။ တူတွေရဲ့အကူအညီနဲ့သောကြာနေ့တိုင်းအခမဲ့ Webinar ကိုလုပ်ပေးခဲ့တယ်။ အစကရိုးရိုး၊ နောက်တော့ဖေ့စ်ဘွတ် ကတစ်ဆင့် တိုက်ရိုက်လွှင့်နိုင်ခဲ့တယ်။ ပရိသတ်တွေက တစ်ပတ်တစ်ခါအနည်းဆုံး ၃၊ ၄ ထောင်။ အရင်တုန်းက ပုံစံနဲ့ ပရိသတ် ၄၀၀ ရဖို့ အတော်ကြိုးစားရတာ။ ဖေ့စ်ဘွတ်ကတစ်ဆင့် မေးခွန်းတွေ မေးကြတယ်၊ ဆွေးနွေးကြတယ်၊ အားရမိပါတယ်။ အများနဲ့ဆိုင်တဲ့ ခေါင်းစဉ်၊ အများစိတ်ဝင်စားတဲ့ခေါင်းစဉ်တွေ ရွေးချယ်ပြီး ဟောပြောခဲ့တာ။ ဖေ့စ်ဘွတ်ကတစ်ဆင့် Share လုပ်ပေး ကြသူတွေလည်း အမြောက်အမြား။

 

ကျွန်တော်က တစ်ပတ်တစ်ခါ မှန်မှန်လုပ်သွားဖို့ ရည်ရွယ်တယ်။ အကြောင်းအရာတွေ မထပ်အောင်လည်း ကြိုးစားခဲ့ရတယ်။ တစ်ဖက်ကလည်း ကျွန်တော့် မိခင်ဌာနဖြစ်တဲ့ စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှာ ဘွဲ့လွန်တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် စနေနေ့တိုင်း လုပ်ပေးဖြစ်တယ်။ ငါးပတ်ရှိ သွားပြီ။ ပါမောက္ခ၊ ဌာနမှူးဒေါက်တာ ဒေါ်စိုးသူက တပည့်အရင်း။ သူ့ရဲ့အစီအစဉ်နဲ့ လုပ်ပေးဖြစ်တယ်။ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်ရဲ့ စီစဉ်မှုနဲ့ မန္တလေး၊ နေပြည်တော်နဲ့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားတွေအတွက် လုပ်ပေးဖြစ်တယ် လေးကြိမ်ရှိသွားပြီ။

 

ဆွေးနွေးပွဲတွေ လုပ်ဖြစ်ခဲ့တယ်

ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး စီစဉ်ပေးတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖြစ်ခဲ့တယ်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ အားပေးမှုနဲ့ ပညာရေးဝန်ကြီးဌာနက အရာရှိကြီးများအတွက်လည်း လုပ်ပေးနိုင်ခဲ့တယ်။ အရင်နှစ်ပတ်လောက်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအတွက်လည်း ဟောပြောပွဲတစ်ခု လုပ်နိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေဟာ ဝန်ထမ်း တွေကို အိမ်ကတစ်ဆင့် အလုပ်လုပ်ခွင့်ပေးခဲ့တယ်။ အခုလိုအိမ်မှာနေရင်း ဝန်ထမ်းတွေရဲ့ အရည်အသွေး တိုးတက်စေဖို့အတွက် ကျွန်တော့်ကို အကူအညီတောင်းခဲ့တယ်။ ကျွန်တော်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အကူအညီပေးခဲ့တယ်။ အလုပ်သစ်တစ်ခုကို မရည်ရွယ်ဘဲ ရုတ်တရက် ထလုပ်ရတာမို့ ပြင်ဆင်ချိန်မရှိခဲ့ဘူး။ စမ်းသပ် ရတာ၊ အထစ်အငေါ့မျိုးစုံ ရင်ဆိုင်ဖြေရှင်းရတာ။ အွန်လိုင်းဟောပြောပွဲတွေလုပ်ရင်း လောဘကြီးတာကြောင့် ပရိသတ်တွေ အခုထက်များစေချင်တာ။ အခမဲ့အခွင့်အရေး ကိုရစေချင်တာ။ လာတာမလာတာတော့ ကိုယ်မတတ်နိုင် ပါဘူး။ လုပ်ပေးဖို့က ကိုယ့်တာဝန်ပါ။

 

အမေးအဖြေကဏ္ဍ
မျက်နှာချင်းဆိုင် ဟောပြောပွဲတွေနဲ့ အွန်လိုင်းဟော ပြောပွဲတွေ လုပ်တဲ့နေရာမှာ တူတာတစ်ခုရှိတယ်။ ဒါက တော့ အမေးအဖြေကဏ္ဍ။ ဟောပြောပြီးလို့ မေးကြပါလို့ ပြောရင် အသံတွေက တိတ်သွားတယ်။ ကျွန်တော် အွန်လိုင်းမှာ ပိုပြီးမေးမယ်ထင်ခဲ့တာ။ အခုတော့ သိပ်မထူးဘူး။ မမေးတာအကြောင်းရှိမှာ။ ကိုယ်ပြောတာများ နားမလည်လို့လား၊ သဘောမပေါက်လို့လား စိတ်ပူရတယ်။ မေးခွန်းမေးတတ်တဲ့ ယဉ်ကျေးမှုက အားနည်းနေလို့လား အမျိုးမျိုး စဉ်းစားနေမိတယ်။ ဟောပြောပွဲတွေမှာ သာမက အစည်းအဝေးတွေမှာလည်း ဒီအတိုင်းပဲ လူကြီးလုပ်တဲ့ လူပြောပြီးရင် ကျန်တဲ့သူက ဘာမှမပြောကြတော့ဘူး။ မေးခွန်းထုတ်ဖို့ကတော့ အဝေးကြီးပဲ။ အကျင့်လုပ်ဖို့ လိုအပ်တယ်။ သူငယ်တန်းက စရမလား၊ မိသားစုအတွင်းက စရမလားပဲ။ ငယ်ငယ်ကတည်းက အကျင့်ပါ အောင်လုပ်ဖို့ လိုလိမ့်မယ်။ ကျွန်တော်ဟော ပြောတဲ့အခါ Slides တွေ အမြဲသုံးတယ်။ Slides တွေ မပါဘဲ ဟောပြောပွဲ မလုပ်တတ်ဘူး။ Slides တွေဟာ ကျွန်တော့်အတွက် ချိုင်းထောက်တွေပဲ။ ဒါကြောင့် ဒါတွေမသုံးဘဲ ဟောပြောပွဲလုပ်ဖို့ စဉ်းစားနေတာ။ အွန်လိုင်းဟောပြောပွဲတွေဟာ အနာဂတ် ဖြစ်တယ်။ တက္ကသိုလ်တွေပြန်ဖွင့်ရင် အွန်လိုင်းတစ်ဝက်၊ အတန်း တက်တာတစ်ဝက်နဲ့ အရောပုံစံနဲ့ လုပ်ကြရတော့မှာ။ ကျွန်တော်အားကျတာတစ်ခုက ကိုဗစ်-၁၉ ဖြစ်ဖြစ်ချင်း အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တွေဟာ အွန်လိုင်းပေါ် ချက်ချင်းတင်တယ်။ ပညာရေးလုပ်ငန်းတွေ အဆက်မပြတ်အောင် ကြိုးစားခဲ့တယ်။ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကိုလည်း အွန်လိုင်းပုံစံနဲ့ လုပ်ခဲ့ကြ တယ်။ တိုက်တိုက်ဆိုင်ဆိုင် အွန်လိုင်းသင်တန်းတစ်ခုမှာ သင်တန်းဆင်းလက်မှတ်ပေးတဲ့ အခမ်းအနားမှာ ကျွန်တော်က အွန်လိုင်းမိန့်ခွန်း ပေးခွင့်ရတယ်။ အွန်လိုင်း သတင်းစီစဉ်သူက 7day က ဦးသောင်းစုငြိမ်း။ သူ့ကြောင့် ကျွန်တော် အတွေ့အကြုံအသစ်တစ်ခု ရခဲ့တယ်။ အမေရိကန်တက္ကသိုလ်တစ်ခုမှာ သမ္မတအိုဘားမား ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တာကို ကြားရပါတယ်။

 

ကျွန်တော့်အနေနဲ့ အခုလို အွန်လိုင်းဟောပြောပွဲတွေ လုပ်ပေးနေပေမယ့် အွန်လိုင်းနဲ့ဝေးနေတဲ့ သူတွေ အကြောင်းစဉ်းစားမိတယ်။ အင်တာနက်မရောက်တဲ့ ဒေသတွေ ရှိနေသေးသလို အင်တာနက်ရရင်တောင် တစ်ခါတလေ အဆင်မပြေလှဘူး။ အခြေခံအဆောက်အဦတွေက လိုအပ်နေသေးတာ။

 

လူမှုရေး တာဝန်ကျေမှု

ပညာရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းသုံးစွဲတဲ့သူတွေရဲ့ သုံးစွဲမှုစရိတ်လျော့အောင် ကြိုးစားသင့်တယ်။ နဂိုနှုန်းတ ွေကြောင့် မသုံးနိုင်တဲ့သူတွေအတွက် စဉ်းစား သင့်တယ်။ အခုလို အခလျှော့လိုက်တာကို ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီများရဲ့ လူမှုရေးတာဝန်ကျေမှုအဖြစ် သတ်မှတ်ပေးသင့်တယ်။ အရာရာတွေဟာ ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲလာခဲ့ပြီး အထူးခြားဆုံး ပြောင်းလဲမှုက ပညာရေးကဏ္ဍဖြစ်တယ်။ နည်းပညာအကူအညီနဲ့ ပညာ ရေးလုပ်ငန်းတွေကို အရင်ထက်ပိုပြီး ထိရောက်အောင်လုပ်ဖို့ လိုအပ်တယ်။ သက်ဆိုင်တဲ့ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒီနေရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့ အကူအညီကိုလည်း ရယူနိုင်ဖို့လိုအပ်တယ်။ ကျွန်တော် ဒီကာလအတွင်း အရပ်ဘက်လူ့အဖွဲ့ စည်းတစ်ခုအတွက် စီမံကိန်းရေးဆွဲမှု အစီအစဉ် တစ်ရပ်ကို အွန်လိုင်းက လုပ်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ အစိုးရ၊ ပုဂ္ဂလိကနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကဏ္ဍ သုံးခုစလုံးအတွက် လုပ်ပေးနိုင်ခဲ့တာကို ပီတိဖြစ်မိပါတယ်။    ။