ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

ပြည်တော်ပြန်လုပ်သားများဆိုတဲ့ ဝေါဟာရကို အရင်က ကျွန်တော်မကြားဖူးပါဘူး။ ကိုဗစ်-၁၉ ကာလအတွင်း သတင်းစာ၊ ဂျာနယ်တွေမှာ သုံးစွဲခဲ့တာကို တွေ့ရှိရပါတယ်။ ပြည်တော်ပြန်ဆိုတဲ့ အသုံးအနှုန်းဟာ နှစ်သက်စရာ တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားလိုက်ရင်လည်း ကျွန်တော်ဟာ ပြည်တော်ပြန်တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နှစ်ပေါင်း ၂၀ နီးပါး အလုပ်လုပ်ခဲ့ပြီး အငြိမ်းစားယူတဲ့အချိန်မှာ ပြည်တော်ကိုပြန်ခဲ့သူပါ။ ကိုယ့်သဘော၊ ကိုယ့်ဆန္ဒနဲ့ လိုလိုချင်ချင် ပြန်လာခဲ့တာဖြစ်တယ်။


ကိုဗစ်ကာလ ပြည်တော်ပြန်များ

ကိုဗစ်-၁၉ ကာလအတွင်း ပြည်တော်ပြန်လုပ်သားတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ၊ ဂျပန်၊ ကိုရီးယားနဲ့ အခြားနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ ဖြစ်ကြတယ်။ သူတို့အနေနဲ့ ပြည်တော်ပြန်လာတာဟာ ကိုယ့်ဆန္ဒနဲ့ ပြန်လာတာမဟုတ်ဘဲ အိမ်ရှင်နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူ မှုကြောင့် ပြန်လာရခြင်းဖြစ်တယ်။ အစီအစဉ်ချပြီး ပြန်ခဲ့တာမဟုတ်ကြဘူး။ အရေးပေါ်အနေအထားကြောင့် ဖြစ်တယ်။ စုထား၊ ဆောင်းထားပြီး ပြန်လာခဲ့တာမဟုတ်ဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြန်ခဲ့ကြတာ။ အိမ်ရှင်နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကြောင့်၊ လုပ်ငန်းအဖွဲ့အစည်းတွေ ပိတ်ခဲ့တာကြောင့် သူတို့ဟာ အလုပ်လက်မဲ့ ဖြစ်သွားလို့ နိုင်ငံတော်ကတာဝန်ယူပြီး ပြန်လည်ခေါ်ယူခဲ့ကြတာ။


ကျွန်တော်တို့နိုင်ငံမှာလည်း ကပ်ရောဂါကြောင့် လုပ်ငန်းတွေပိတ်ခဲ့ရတယ်။ လုပ်ငန်းတွေလျှော့ပေါ့ခဲ့တယ်။ အကျိုးဆက်ကတော့ အလုပ်လက်မဲ့ဦးရေတွေ တိုးပွားလာခဲ့ပါတယ်။ ကိန်းဂဏန်းအတိအကျ မသိရပေမယ့် ဦးရေအနေနဲ့ မနည်းပါဘူး။ ပြည်တော်ပြန်တွေနဲ့ပေါင်းရင် ပမာဏဟာ ကြီးလှပါတယ်။


အခုလိုပြည်တော်ပြန်အခြေအနေဟာ ကျွန်တော်တို့ နိုင်ငံမှာသာမဟုတ်ဘဲ နိုင်ငံတိုင်းလိုလိုမှာ ကြုံတွေ့ရင်ဆိုင် နေကြရတယ်။ ဆင်းရဲတဲ့နိုင်ငံတွေသာမက ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။


ရေကြည်ရာ မြက်နုရာသို့

ပြည်တော်ပြန်လုပ်သားတွေအကြောင်း မဆွေးနွေးမီ ကျွန်တော်တို့နိုင်ငံမှ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြ သူတွေအကြောင်း စဉ်းစားဖို့လိုအပ်ပါတယ်။

 

ဒုတိယကမ္ဘာစစ် မဖြစ်မီကာလအတွင်း မြန်မာနိုင်ငံကို အိမ်နီးနားချင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေ သန်းနဲ့ချီ ဝင်ရောက်ခဲ့ကြတယ်။ စီးပွားရေးဖွံ့ဖြိုးနေတဲ့ကာလမို့ မဖွံ့ဖြိုးတဲ့ ဒေသမှာရှိသူတွေက အခုလိုပဲ ရွှေ့ပြောင်းလာခဲ့တာ သဘာဝတရားဖြစ်တယ်။

 

အမေရိကန်ပြည်ထောင်စုဟာ အမှန်တော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံ ဖြစ်တယ်။ ဥရောပနိုင်ငံက ရွှေ့လာသူတွေ၊ လက်တင်အမေရိက ကရွှေ့လာသူတွေ၊ အာရှတိုက်က လာသူတွေ၊ ကျွန်အဖြစ် အာဖရိကနိုင်ငံက ရောက်လာသူတွေနဲ့ ဖွဲ့စည်းခဲ့တာ။

 

အမှန်တော့လူသားတွေဟာ ‘‘ ရေကြည်ရာ မြက်နုရာ’’ သို့ ရွှေ့ပြောင်းတာက သဘာဝဖြစ်တယ်။ ‘‘ တစ်ရွာမပြောင်း သူကောင်းမဖြစ်’’ ဆိုတဲ့အဆိုဟာ ရွှေ့ပြောင်းမှုကို ပုံဖော်ခြင်းဖြစ်ပါတယ်။


နိုင်ငံရေးဘောဂဗေဒ ရှုထောင့်နဲ့ သုံးသပ်ရင် ရွှေ့ပြောင်းလုပ်သားတွေဟာ နိမ့်ရာက မြင့်ရာကို ရွှေ့ပြောင်းကြတယ်။ ဆင်းရဲရာဒေသကနေ ချမ်းသာတဲ့နေရာကို ရွှေ့ကြတာ။ ချမ်းသာတဲ့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံကို ရွှေ့တာမရှိနိုင်ပါဘူး။ သဘာဝမကျပါဘူး။ အခုဆိုရင် အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဥရောပ နိုင်ငံကို အလုအယက်သွားဖို့ ကြိုးစားနေတာတွေ့ရတယ်။ အိမ်ရှင်နိုင်ငံတွေက လက်မခံတာမို့ ပြဿနာတွေ အကြီးအကျယ်ဖြစ်နေတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်းက မြန်မာနိုင်ငံက ပြည်ပနိုင်ငံကို အလုပ်လုပ်တဲ့သူ အင်မတန် ရှားပါးလှပါတယ်။ ရှိရင်တောင် အရေအတွက်က နည်းနည်းပဲ။ အခြားနိုင်ငံက ကိုယ့်နိုင်ငံကိုသာ လာရောက်သူတွေများတာ။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ ရွှေ့ပြောင်းလုပ်သား အဝင်အထွက်နဲ့ ချိန်ဆလို့ရနိုင်ပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် အပြင်ထွက်တဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ တစ်စတစ်စ များလာတာတွေ့တယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ ကျေးရွာတွေမှာ ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေသာကျန်ပြီး အလုပ်လုပ်နိုင် တဲ့သူတွေဟာ ပြင်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။ တစ်လောက ကျွန်တော် မြင်းခြံ၊ ပခုက္ကူမြို့တွေရောက် တဲ့အခါ ထန်းတောတွေခုတ်ခဲ့တာ ကြားရတယ်။ ထန်းတက်တဲ့လူငယ်တွေမရှိတာကြောင့် ဖြစ်တယ်လို့ ပြောကြတယ်။


ဆွဲအားနဲ့ တွန်းအား

အခုလို နိုင်ငံရပ်ခြားတွေမှာ ရွှေ့ပြောင်းလုပ်နေမှုကို (Brain Drain) ဦးနှောက်ယိုဖိတ်မှုအနေနဲ့ သတ်မှတ်ခဲ့ တယ်။ နိုင်ငံအတွက် နစ်နာမှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီအယူအဆကို ကျွန်တော်က သိပ်ဘဝင်မကျပါဘူး။ တခြားနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတွေအပေါ် အမြင်စောင်းနေတဲ့ သဘောဆောင်နေတာ။ တိုင်းပြည်အပေါ် သစ္စာမရှိဘဲ အခုလိုစွန့်ခွာခဲ့တယ်လို့ လွဲမှားပြီး ယူဆခဲ့ကြတယ်။ အမှန်တော့ ရွှေ့ပြောင်းလုပ်သားတွေဟာ ဆွဲအားနဲ့ တွန်းအား နှစ်ရပ်ကြောင့် အခုလိုဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဆွဲအားအနေနဲ့ လုပ်ခလစာ ပိုမိုရရှိနိုင်တဲ့ အခွင့်အရေး မက်လုံးတွေကြောင့် သွားကြသလို တချို့ကတော့ မိမိအသိပညာ၊ အတတ်ပညာကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်တာမို့ သွားရောက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆွဲအားကို နိုင်ငံအနေနဲ့ တုံ့ပြန်နိုင်စွမ်းမရှိပါဘူး။ ကိုယ်ဆောင်ရွက် နိုင်တာက တွန်းအားကို ဖြေလျှော့ဖို့သာ ဖြစ်တယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော်က (Brain Drain) ဦးနှောက်ယိုဖိတ်မှုအစား (Brain Gain) ဦးနှောက်ဖြည့်ဆည်းမှုအဖြစ် သုံးသပ်မိပါတယ်။ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်းရရှိတဲ့ အတွေ့အကြုံတွေ၊ အသိတွေ၊ အတတ်တွေဟာ တစ်ချိန်မှာ ကိုယ့်နိုင်ငံအတွက် အလွန်တန်ဖိုးရှိတဲ့အရာတွေအဖြစ် မြင်မိပါတယ်။


ဒါကြောင့် လက်ရှိအချိန်မှာ ပြည်တော်ပြန်လုပ်သားတွေနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာ အတွေးသစ်၊ အမြင်သစ်တွေ နဲ့ မြင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ စုဆောင်းထားတဲ့ ငွေတွေပိုက်ပြီး ပြန်လာကြတာမဟုတ်ဘဲ လက်ချည်း သက်သက် လာရောက်ကြသူတွေဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ နည်းပညာ တွေ၊ အသိပညာတွေ ပါဝင်လာကြတယ်။ ဒါကြောင့် ပြည်တော်ပြန်လုပ်သားတွေကို နိုင်ငံရဲ့ရတနာတွေအနေနဲ့ သတ်မှတ်ဖို့ လိုအပ်ပါတယ်။


ခက်တာက ပုံမှန်အခြေအနေကြောင့် ပြန်လာတာမဟုတ်ဘဲ ကိုဗစ်-၁၉ ကြောင့်မို့ သူတို့ကို ချက်ချင်းအလုပ် ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း မရှိတာမို့ ပြဿနာက ပိုပြီးရှုပ်ထွေးခက်ခဲမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံယူချက်တစ်ခုက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားက အခွင့်အရေးတွေရှိတယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် ပြည်တော်ပြန်လုပ်သားတွေကို အခွင့်အရေးတစ်ရပ်အနေနဲ့မြင်ပြီး ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေရှိသလို တစ်ဖက်မှာလည်း လုပ်ငန်းတွေ တိုးချဲ့နိုင်တဲ့အဖြစ်တွေလည်း တွေ့ရပါတယ်။


ကိုဗစ်အလွန်အတွက် စဉ်းစားပြင်ဆင်

ပြီးခဲ့တဲ့သုံးလအတွင်း အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ သုံးဆတိုးလာတာတွေ့ရတယ်။ စားသုံးသူများအနေနဲ့ ဝယ်ယူစားသုံးမှုပုံစံတွေပြောင်းလာပြီး သူတို့ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကြောင့် အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ တစ်ဟုန်ထိုးတိုးလာတာ တွေ့ရတယ်။ တစ်ဖက်က ဟိုတယ်ခရီးသွားလုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ လျှော့ချလိုက်ပေမယ့် အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေတိုးလာတာ တွေ့ရပါတယ်။


ပြည်တော်ပြန်လုပ်သားများနဲ့ ပတ်သက်လာရင် ကနဦးအနေနဲ့ အရေအတွက်ကို အတိအကျသိဖို့ လိုအပ် ပါတယ်။ တရားဝင် ဝင်ရောက်လာသူတွေရှိသလို စာရင်း မရှိတာတွေလည်း ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တိတိကျကျ သိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အရေအတွက် သိရှိရုံမဟုတ်ဘဲ တစ်ဦးချင်း၊ တစ်ယောက်ချင်းမှာ ပါလာတဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေကိုလည်း ဖော်ထုတ်သင့်ပါတယ်။


ဒီစစ်တမ်းတွေကောက်ယူရာမှာ အစိုးရ၊ ပုဂ္ဂလိက နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်။ စစ်ဆေးမှု အသွင်မဆောင်ဖို့ အရေးကြီးလှတယ်။ ဘယ်ပုံစံနဲ့ ပြန်လာသည်ဖြစ်စေ သူတို့ကို အသိအမှတ်ပြု ရမယ်၊ စာနာရမယ်၊ မေတ္တာထားရမယ်။ ပြီးတော့ သူတို့တစ်တွေ လုပ်ချင်တဲ့အလုပ်တွေ၊ အလုပ်အကိုင်တွေကိုလည်း သိအောင် ဖော်ထုတ်ရမှာဖြစ်တယ်။


ပြည်တော်ပြန်တွေကိုကြိုဆိုပြီး သူ့အတွက်ရော ကိုယ့်လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိမယ့်အဖြေတွေ ဖော်ထုတ်သင့်ပါတယ်။ ပြည်တော်ပြန်လုပ်သားတွေနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် အစီရင်ခံစာတစ်ရပ် ဖော်ထုတ်သင့်တယ်။ တိုင်းဒေသကြီးအစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အလုပ်အကိုင်အခွင့်အရေးတွေ ဖော်ထုတ်သင့်ပါတယ်။ ချေးငွေထုတ်ချေးရာမှာလည်း ပြည်တော်ပြန် တွေ ကိုယ်ပိုင်အလုပ်လုပ်နိုင်ဖို့ ဆောင်ရွက်သင့်တယ်။ နိုင်ငံခြားမှာ နေထိုင်လုပ်ကိုင်ခဲ့ဖူးသူတွေ ဖြစ်ကြတာမို့ အင်တာနက်နဲ့ ရင်းနှီးကြသူတွေဖြစ်တယ်။ ဒီအတွေ့အကြုံကို အားကိုးပြီး အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ တည်ထောင်ဖို့ တိုက်တွန်းအားပေးသင့်ပါတယ်။


ကိုဗစ်-၁၉ ဟာ ဘယ်အချိန်မှာ ပပျောက်နိုင်မယ်ဆိုတာ မပြောနိုင်ပါဘူး။ သေချာတာတော့ အချိန်တိုတိုအတွင်း မဖြစ်နိုင်တာတော့ သေချာတယ်။ ဒါကြောင့် ကိုဗစ်-၁၉ အလွန်ဆိုတာကို အခုချိန်ကစပြီး စဉ်းစားထားဖို့ လိုအပ်တယ်။ ပြည်တော်ပြန်တွေဟာ အခြေ အနေကောင်းရင် လာခဲ့တဲ့နေရာတွေကို ပြန်နိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် တချို့ကတော့ ပြန်မှာမဟုတ်ပါဘူး။ ဆက်နေမယ့်သူတွေအတွက် အဖြေရှာဖွေပေးမှာသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရင်သွေးတွေအဖြစ် နွေးနွေးထွေးထွေး ကိုင်တွယ်သွားရမှာသာ ဖြစ်ပါတယ်။     ။