ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ အချက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို တွန်းအားပေးရာ ရောက်ပါတယ်။ အမှန်တော့ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်အတွက် မြှုပ်နှံမှုတွေသာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေတင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေ အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြတယ်။ အားပေးကြတာတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို စဉ်းစားတဲ့နေရာမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ပိုင်းရှိတာကို သတိပြုရမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အခြေခံစဉ်းစားချက်က ရင်းနှီးမြှုပ်နှံသူရဲ့ သဘောထားဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူရဲ့ယုံကြည်မှုသည် ပဓာနကျတဲ့အချက် ဖြစ်တာ တွေ့ရတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ ကြိုဆိုတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်အောင် ကြိုးစားလျက်ရှိတာ တွေ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် နိုင်ငံတိုင်းက အပြိုင်အဆိုင် ဆွဲဆောင်နေကြတယ်။ ယှဉ်ပြိုင်မှုအရှိန်အဟုန် အလွန် မြင့်မားတာတွေ့ရမှာဖြစ်တယ်။ မက်လုံးတွေ အမျိုးမျိုး ပေးပြီး ဆွဲဆောင်နေကြတာ တွေ့ရတယ်။ သူ့ထက် ကိုယ်သာအောင် ကြိုးစားနေကြတယ်။ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ အခြေခံ အဆောက်အအုံ ပြီးပြည့်စုံမှု၊ ကျွမ်းကျင်လိမ္မာတဲ့ ဝန်ထမ်းရရှိရေး၊ ဥပဒေအာမခံ ပေးနိုင်ရေး၊ လုံလောက်တဲ့ အခွန်အခကင်းလွတ်မှု ရရှိ ရေး စတဲ့အချက်တွေဟာ အလွန်အရေးကြီးလှပါတယ်။ ဒီပတ်ဝန်းကျင်တစ်ရပ် ပေါ်လာနိုင်ဖို့ နိုင်ငံတော်အစိုးရ က တစ်ဖက်က ဦးဆောင်ဖို့ လိုအပ်သလို တစ်ဖက် ကလည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ အရေးကြီးမှာဖြစ်တယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အခန်းကဏ္ဍ
ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖန်တီးတဲ့နေရာမှာ အလွန်အရေးပါတဲ့သော့ချက်က ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွေဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ အစိုးရတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုစိစစ်တဲ့ ယန္တရားတစ်ရပ် အနေနဲ့ ကော်မရှင်တွေကို တည်ထောင်ဖွဲ့စည်းကြပါတယ်။ အခေါ်အဝေါ် မတူညီပေမယ့် အနှစ်သာရက တူညီတာ တွေ့ရှိရပါတယ်။
အာဆီယံနိုင်ငံတိုင်းမှာ ကော်မရှင်တွေကို တည် ထောင်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံ မှာ(နဝတ)အစိုးရလက်ထက်ကစပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ အဆက်ဆက်မှာ ကော်မရှင်ဟာ လှုပ်ရှားခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ကော်မရှင်ဖွဲ့စည်းမှုကို ပုံစံအသစ်တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တယ်။ ပုံမှန် အားဖြင့် ကော်မရှင်ဥက္ကဋ္ဌလုပ်သူဟာ တစ်ဖက်မှာ ဝန်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို တစ်ဖက်မှာ လည်းဥက္ကဋ္ဌတာဝန်ကို ပူးတွဲယူခဲ့တယ်။ ယခုအချိန်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိ တာ တွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူဟာ တခြားတာဝန်တွေမရှိဘဲ ကော်မရှင်တာဝန်ကို ဝန်ကြီးအဆင့်ဖြင့် တာဝန်ယူလျက် ရှိတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌကို ဝန်ကြီးချုပ်ကိုယ်တိုင်တာဝန်ယူထားတာ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌတာဝန်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တာဝန်ယူလျက် ရှိပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ပါဝင်ပြီး ကျန်အဖွဲ့ဝင်များက အစိုးရဌာနဆိုင်ရာ အကြီးအကဲ တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ အပါအဝင် စုစုပေါင်း ၁၃ ဦးနဲ့ လှုပ်ရှားလျက်ရှိပါတယ်။ အတွင်းရေးမှူးတာဝန်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန့်ဇင်လွင်က တာဝန်ယူလျက်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွေကို ရန်ကုန်မြို့မှာ နှစ်ပတ်တစ်ကြိမ် ပုံမှန်ကျင်းပပါတယ်။ ကိုဗစ်-၁၉ ကာလမှာ Zoom meeting ကို အသုံးပြုပြီး ဆောင်ရွက်ခဲ့ပါတယ်။ ယခုအချိန်မှာ ပုံမှန်အတိုင်း အစည်း အဝေးတွေ ကျင်းပလျက်ရှိပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်ရဲ့ အဓိကတာဝန်နှစ်ရပ် ရှိပါတယ်။ ရင်းနှီးမြှုပ်နှံ သူတွေ တင်သွင်းသော အဆိုပြုလွှာတွေကို စိစစ်မှုသည် ပထမတာဝန်ဖြစ်ပါတယ်။ အခုလို စိစစ်မှုမပြုမီ အဆိုပြု လွှာများကို အလွယ်တကူ တင်သွင်းနိုင်ဖို့ အွန်လိုင်း စနစ်နဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို ချောမွေ့စွာ အဆင်ပြေမှုရှိဖို့ ခေတ်မီနည်းစနစ်တွေ အသုံးပြုပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ခွင့်ပြုသင့်မသင့် စဉ်းစား ဆုံးဖြတ်တဲ့နေရာမှာ အခြေခံစဉ်းစားချက်က တာဝန် ကျေပွန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ရမယ်ဆိုတဲ့ပေတံကို အသုံးပြု လျက်ရှိပါတယ်။ တစ်နည်းပြောရရင် ရင်းနှီးမြှုပ်နှံမှုပမာဏ သာမက ရင်းနှီးမြှုပ်နှံမှုရဲ့ အရည်အသွေးကိုလည်း ဆန်းစစ် တွက်ချက်လျက် ရှိပါတယ်။
တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှု
တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို သုံးသပ်ရာမှာ ပုံစံအမျိုးမျိုးနဲ့ စိစစ်နိုင်တာ တွေ့ရပါတယ်။ အသုံးများတဲ့ ပုံစံတစ်ခုက ESG ပေတံဖြစ်တယ်။ Environment(E)ပတ်ဝန်းကျင်၊ Social(S) လူမှုရေး၊ Governance(G) စီမံ အုပ်ချုပ်မှုဆိုတဲ့ အချက်သုံးချက်အပေါ်အခြေခံပြီး သုံးသပ်တာဖြစ်တယ်။ ပထမအချက်ဖြစ်တဲ့ ပတ်ဝန်းကျင် ဟာ အလွန်အရေးကြီးလှပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အနေအထားနဲ့ ဆင်ခြင်သုံးသပ်တဲ့နေရာမှာ ပိုပြီးသတိပြုရမှာဖြစ်တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကိုအလေးမထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့မှာ တွေ့ရှိရပါတယ်။
စီးပွားရေးအကျိုးအမြတ်တစ်ခုတည်း သုံးသပ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ရမယ့် တာဝန်လုပ်ငန်းအားလုံးက ဦးထိပ်ထားရမှာဖြစ်တယ်။ တစ်လောက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဖြစ်ပေါ်လာ ခဲ့တဲ့ အနေအထားတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အလွန်လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ ရှိပါတယ်။ ဥပမာအားဖြင့် မြိတ်ကျွန်းစုဟာ တစ်ကမ္ဘာ လုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ပါက အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပါတယ်။ ဒီဒေသမှာ ဟိုတယ်ခရီးသွား လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ လိုတဲ့သူတွေရှိတာ တွေ့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ အဆိုပြုလွှာတွေကို သတိထားပြီး စိစစ်ခဲ့ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ (Social) လူမှုရေးအကျိုးဆက်တွေဟာ အရေးကြီးလှပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ လူမှုရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုး တွေမဖြစ်အောင် ဂရုစိုက်ပြီး စိစစ်ခဲ့ပါတယ်။
နောက်ဆုံးအချက်ကတော့ စီမံအုပ်ချုပ်မှု Governance (G) ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်သွင်းတဲ့ ကုမ္ပဏီလုပ်ငန်းတွေရဲ့ စီမံအုပ်ချုပ်မှုဟာ အလွန်အရေး ကြီးလှပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အတွင်းရေးမှူးအဖွဲ့ဟာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဖြစ်ပါတယ်။ ဦးစီးဌာနဟာ မြန်မာ နိုင်ငံမှာ ကုမ္ပဏီတွေဖွဲ့စည်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်လိုတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်ပေးတဲ့ဦးစီးဌာန ဖြစ် ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ စီမံအုပ်ချုပ်မှုဟာ အလွန် အရေးကြီးတဲ့ အခြေခံတစ်ခုဖြစ်ပါတယ်။ အခုချိန်မှာ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမှုဟာ ခေတ်စားနေတာ တွေ့ရပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ အများပိုင်ဆိုတဲ့ အသုံး အနှုန်းကို သုံးစွဲနေတာတွေ့ရပါတယ်။ အမှန်တော့ အများပိုင်ကုမ္ပဏီတစ်ခုမှာ ရှိသင့်ရှိအပ်တဲ့အရည်အချင်းတွေ၊ လုပ်ထုံးလုပ်နည်း တွေရှိပါတယ်။ အခုလိုကုမ္ပဏီတွေကို စနစ်တကျဖွဲ့စည်းမှုရှိခြင်းဟာ အခြေခံတစ်ခုဖြစ်ဖို့ လိုအပ် ပါတယ်။
စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးတာဝန်ရှိခြင်း
အများပိုင်ကုမ္ပဏီနဲ့ပတ်သက်တဲ့ စီမံအုပ်ချုပ်မှုမှာ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ Board of Directors ဟာ အလွန် အချက်အချာကျပါတယ်။ စနစ်တကျဖွဲ့စည်းဖို့ လိုအပ် ပါတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံ အရည်အချင်းဟာ အရေးကြီးလှပါတယ်။ အထူးသဖြင့် ဒါရိုက်တာအဖွဲ့ဝင်တွေကို စနစ်တကျသင်တန်းပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်တွေ့ ဖော်ဆောင်နိုင်ရန်အတွက် Corporate Social Responsibility (CSR) ဆောင်ရွက်မှုဟာ အလွန်အရေးပါလာပါတယ်။ စီးပွားရေးလုပ်ငန်းများ အနေနဲ့ လူမှုရေးတာဝန်ရှိခြင်းကို ဖော်ဆောင်ခြင်း ဖြစ်တယ်။ တစ်ချိန်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမြတ်ရရှိရေး တာဝန်တစ်ခုသာရှိကြောင်း သတ်မှတ်ခဲ့ တယ်။ စီးပွားရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက် နိုင်မှုပေတံဟာ အမြတ်ရရှိရေးကို အာရုံပြုဖို့ အာရုံထားခဲ့ပါတယ်။ အခုခေတ်မှာတော့ စီးပွားရေးလုပ်ငန်းတွေမှာ PPP တာဝန်သုံးရပ်ရှိကြောင်း လက်ခံအသိအမှတ်ပြုခဲ့ ပါတယ်။ ပထမ P က (Profit) အမြတ်ဖြစ်ပြီး ဒုတိယ P က (People) လူတွေ ဖြစ်ပါတယ်။ လူလို့ပြောတဲ့ နေရာမှာ ဝန်ထမ်းတွေသာမက ဖောက်သည်တွေ၊ ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ ပါဝင်ပါတယ်။ တတိယ P ကတော့ (Planet) ကမ္ဘာမြေကြီး သဘာဝပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ အမြတ်ကိုကြည့်ဖို့ လိုအပ်တယ်။ လူတွေကိုလည်း ဂရုစိုက်ရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ရင်းနှီး မြှုပ်နှံလိုတဲ့ အဆိုပြုလွှာတွေ တင်သွင်းတဲ့နေရာမှာ CSR နဲ့ ပတ်သက်ပြီး အနည်းဆုံးနှစ်စဉ် အမြတ်ငွေရဲ့ ၂%-၅% ကိုအသုံးပြုဖို့ အကြံပြုခဲ့ပါတယ်။ CSR ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အလှူအတန်းဆောင်ရွက်မှု တွေသာမက မိမိလုပ်ငန်းနဲ့ ဆက်စပ်နေတာနဲ့ ပတ်သက် ပြီး (CSR )လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ဖို့အကြံပြုပါ တယ်။ တစ်ဆက်တည်းမှာ အဆိုပြုလွှာတင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ဖော်ထုတ်ခဲ့တဲ့ (UN Global Compact) အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဖွဲ့ဝင်ကုမ္ပဏီများအနေနဲ့ တာဝန် လေးရပ်ကို တာဝန်ယူဖို့ ကတိပြုရမှာ ဖြစ်တယ်။ ပထမအချက်က လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ခံရမှာဖြစ်တယ်။ ဒုတိယအချက် ကတော့ ဝန်ထမ်းတွေအပေါ် ပြုစုစောင့်ရှောက်ဖို့ ဖြစ်ပြီး တတိယအချက်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ထိန်းသိမ်းမှု ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ အဂတိလိုက်စားမှုကို လုံးဝဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့အကြံပြုချက်ကို အဆိုပြုလွှာတင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ကြည်ကြည်ဖြူဖြူ လက်ခံတာ တွေ့ရပါတယ်။ အဖွဲ့ဝင်ကုမ္ပဏီတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း အသိအမှတ်ပြုကုမ္ပဏီဖြစ်လာပြီး မိမိရဲ့ ပုံမှန်လုပ်ငန်းတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို တစ်ဖက်မှကြိုဆိုခဲ့သလို တစ်ဖက် မှာမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရန် ကြိုဆိုတဲ့ဖိတ်ခေါ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပါတယ်။ ဥက္ကဋ္ဌဦးစီးတဲ့အဖွဲ့တွေဟာ ပြည်ပခရီးစဉ်တွေကတစ်ဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်း ထင်မှတ်ခဲ့သလို ရင်းနှီး မြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားခဲ့ခြင်း မရှိတာကို ဝမ်းသာ စရာတွေ့ရပါတယ်။ မကြာမီကာလက ထင်ရှားလှတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ အဆိုပြုလွှာတွေ တင်သွင်းလာခဲ့ပါတယ်။ သာမန်ကုမ္ပဏီတွေမဟုတ်ဘဲ အလွန်ကြီးမားလှ တဲ့ လုပ်ငန်းတွေဖြစ်တာ တွေ့ရပါတယ်။ ကော်မရှင်က သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်တွေကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် လာရင် “မ” သုံးလုံးကို ဦးထိပ်ထားဖို့ လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ “များ” ဖို့ လိုတယ်။ “မြန်” ဖို့လိုတယ်။ “မှန်” ဖို့လိုပါတယ်။ “မှန်” ခြင်းဆိုတာဟာ တာဝန် ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ပါတယ်။ ။


