ဟိုင်းကြီးကျွန်း ၂၁  မတ်

 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကပ္ပလီကမ်းခြေတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးကြပ်ကာ ဇန်နဝါရီလ ၂၁ ရက်က စတင်ဆောက်လျက်ရှိသော ရေတားကျောက်စီတမံ တည်ဆောက်မှု လုပ်ငန်းမှာ ယနေ့တွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

ကပ္ပလီကမ်းခြေကို ပင်လယ်ရေတိုက်စားမှု မြင့်တက်လာခြင်းကြောင့် လူနေအိမ်များ ထိခိုက်မှုရှိလာပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် လယ်ကွင်းများဆီသို့ ပင်လယ်ဒီရေဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ်သန်းပေါင်း (၂၅၀) ဖြင့် ရေတားကျောက်စီတမံ တည်ဆောက်ရန် ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

 

ယနေအချိန်၌ ကျောက်စီတမံ၏ အရှည်ပေ (၉၇၀) တွင် ပေ (၆၀ဝ) ကျော်ပြီးစီးနေပြီး ပေ (၃၀ဝ) ကျော်မှာ လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်သည်။ မူလက ၂၀၁၉ ခုနှစ် မတ်လကုန်တွင် လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ကျောက်ကြီးများ အချိန်နှင့် တစ်ပြေးညီရောက်ရှိလာမှု မရှိသည့်အပေါ် စောင့်ဆိုင်းနေရသည့်အတွက် လုပ်ငန်းခွင်အတွင်း ကြန့်ကြာမှုများ မကြာခဏဖြစ်ပေါ်နေရကြောင်း၊ လုပ်ငန်းသုံးပစ္စည်းများ စုံလင်မှ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သတ်မှတ်ကာလထက် ရက်အနည်းငယ် ကျော်လွန် ဆောင်ရွက်ရနိုင်ဖွယ်ရာရှိကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးခင်မောင်ဇော်ကပြောသည်။

 

လက်ရှိပြီးစီးနေသော ကျောက်စီတမံ၏ အစိတ်အပိုင်းများမှာ အစစ်ဆေးခံနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံးပြီးစီးပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အသီးသီးကို ပွင့်လင်းမြင်သာစွာချပြ၍ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများကို စနစ်တစ်ကျ အပ်နှံသွားမည်ဖြစ်ကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကပ္ပလီကမ်းခြေရှိ ရေတားကျောက်စီတမံကို နှစ်စဉ် စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကိုလည်း ပုံမှန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

mdn