ဘားအံ ဩဂုတ် ၁၄

 

ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးပြီးမိုးစပါးဧက ၁၈၆၆၅ ဧကကျော် ထိခိုက်ပျက်စီးခဲ့ရပြီး အချိန်မီ ပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် ကုစားမှုများ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ကော်မတီဝင်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးက သီးနှံအာမခံလျော်ကြေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက ၂၀၂၅ -၂၀၂၆ ခုနှစ် သီးနှံ ၁၀ မျိုး စိုက်ပျိုးထုတ်လုပ်မှု၊ ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှုအပေါ် နှိုင်းယှဉ်ချက်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှု၊ ပြန်လည်စိုက်ပျိုးမည့်အစီအစဉ်နှင့် ပြီးစီးမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဘားအံစက်မှုဇုန်၌ Bajaj အမှတ်တံဆိပ် သုံးဘီးလူစီးယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော Precision Auto Engineering Co.,Ltd. ၏ Managing Director Mr Vikram Krishna နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ကိုင်နိုင်ရေး၊ EV ထုတ်လုပ်တပ်ဆင်နိုင်ရေး၊ ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အသိပညာပေး ဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး Mr Vikram Krishna က ကရင်ပြည်နယ်သဘာဝဘေး (ရေကြီးရေလျှံမှု) အတွက် အလှူငွေကျပ်သိန်း ၁၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)