ဘားအံ ၇ ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်သော ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ပြည်နယ်ပအိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ သက်ဆိုင်ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီ ၇ ရက် နံနက် ၈ နာရီခွဲက တောင်ခြေရွှေဘုံသာကျောင်းတွင် ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံကြကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က (၃)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြောစေလိုပါကြောင်း၊ ကျေးရွာတွင် လိုအပ်သည်များကို တောင်းဆိုကြရန်နှင့် လုပ်ပေးနှိုင်သည့် အတိုင်းအတာအလိုက် အရေးကြီးသည့် ကိစ္စများကို ညှိနှိုင်းသုံးသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကျေးရွာဒေသခံပြည်သူများမှ ရပ်ကွက်အတွင်းလမ်းများ ပြုပြင်ရေး၊ ပညာရေးတွင် ဆရာ/ ဆရာမများ လိုအပ်နေမှု၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ရပ်ကွက်အတွင်း လျှပ်စစ်မီးတိုင်၊ မီးကြိုးများလိုအပ်နေမှု၊ သာမညကျေးရွာအတွက် မီးသတ်ယာဉ်တစ်စီး ရေသယ်ယာဉ်တစ်စီး လိုအပ်နေမှုတို့အား တင်ပြတောင်းဆိုခဲ့ကြသည်။

 

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိန္ဒုကျေးရွာသို့ရောက်ရှိပြီး  အထက်တန်းကျောင်း စပယ်ခန်းမ၌ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အိန္ဒုကျေးရွာအနီးရှိ သမိုင်းဝင် အထင်ကရဆဒ္ဒန်ဂူသို့ လာရောက်လည်ပတ်သူများ များပြားသည့်အတွက် သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်းပြုပြင် စောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ကော့ကရိတ်-အိန္ဒုလမ်းပိုင်းကိုလည်း လမ်းအဆင့်မြှင့်တင်ခြင်းအား မိမိတို့ပြည်နယ်အစိုးရမှ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ဒေသအကျိုးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တင်ပြတောင်းဆိုကြရန် ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များအား တင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါကျေးရွာ(၂)ရွာရှိ တင်ပြတောင်းဆိုမှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

DCIM_00