နေပြည်တော် စက်တင်ဘာ ၂၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားရုံ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ ၆၀ ခန့် ရပ်နားနိုင်သည့် အလျား ၁၉၉ ပေ၊ အနံ ၁၁၄ ပေရှိ ကားပါကင်နှင့် မြေယာရှုခင်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ ပေ(၂၀၀ x ၁၃၀) အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် လှာကမြင်ကွက်သစ် ဇွဲကပင် အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အမျိုးသားအကြို ဗိုလ်လုပွဲစဉ်အဖြစ် လဝကအသင်းနှင့် ဆည်မြောင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ လဝကအသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသွား သည်။
ဆက်လက်၍ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး ကရင်ပြည်နယ် ဧည့်ရိပ်သာရှေ့ ရိပ်သာ ပန်းခြံတည်ဆောက်နေမှုကို လည်းကောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ ၁၃ မှ တာဝန်ယူတည် ဆောက်လျက်ရှိသော ကရင်ပြည်နယ် ဧည့်ရိပ်သာ ပရိဝုဏ်အတွင်း နှစ်ခန်းတွဲ သုံးထပ် အမှုထမ်းနေအိမ် နှစ်လုံး တည်ဆောက်နေမှုကို လည်းကောင်း၊ နိုင်ငံတော်အဆင့် အကြီးအကဲများ၊ နိုင်ငံတကာမှ အထူးဧည့်သည်တော်များ ရောက်ရှိတည်းခို နေထိုင်နိုင်ရန် ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်သော ကရင်ပြည်နယ် ဧည့်ရိပ်သာပင်မဆောင်အတွင်း ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုတို့လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


