ကသာ    ၂၀  မတ်    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ရေရရှိမှု အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအတွက် ရေရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း က ပြောပြ၍ သိရသည်။


ကသာမြို့တွင် မြို့ပေါ်တွင် ရပ်ကွက် ၁၀ ရက်ကွက်ရှိပြီး ၎င်း ၁၀ ရပ်ကွက် အနက် အမှတ် ၅ ရပ်ကွက် အမှတ် ၇ ရပ်ကွက် အမှတ် ၉ နှင့် တိုးချဲ့ စက်မှုရပ်ကွက်တို့သည် ကုန်းမြင့်ပိုင်း ရောက်ရှိနေသည့်အတွက် ရေရရှိမှု အခက်အခဲဖြစ်ပေါ်နေသောကြောင့် ထိုရပ်ကွက်များအတွက် ကသာမြို့၊ ပင်းမလွှတ်ကျေးရွာရှိ စကားပုံတောင်ချောင်း၌ ရေစုကန်ပြုလုပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပြသည်။


''ကသာမြို့မှာ မြို့ပေါ် ၁၀ ရပ်ကွက်ရှိတယ်။ ၄ ရပ်ကွက်က ကုန်းအမြင့်ပိုင်း ရပ်ကွက်တွေ ဖြစ်တဲ့ အတွက် ရေတွင်းတူးလို့လဲ အဆင်မပြေနိုင်ဘူး၊စိမ့်စမ်းရေလုပ်ငန်းနဲ့ လုပ်ပေးမှ အဆင်ပြေမှာ။ ကျန်တဲ့ရပ်ကွက်တွေက အနိမ့်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့အတွက် ရေတွင်းတူး အဆင်ပြေတယ် မြစ်နဲ့ကလည်း နီးတဲ့ အတွက် ရေရရှိရေး အခက်အခဲ မရှိဘူး။ အမြင့်ပိုင်း ရပ်ကွက်တွေသာ အခက်အခဲ ရှိတဲ့ အတွက် ကသာမြို့နဲ့ ရှစ်မိုင်အကွာက ပင်းမလွှတ်ကျေးရွာမှာရှိတဲ့ စကားပုံတောင်ချောင်းကနေ စိမ့်စမ်းရေးနဲ့ သွယ်တန်းပြီးတော့မှ အဲရပ်ကွက်တွေကို ဦးစားပေးအ နေနဲ့ရေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာဒီဘဏ္ဍာရေးနှစ်မှာပဲ ရေစုကန် တည်ဆောက်နေပါပြီ။ ၈၀ ရာခိုင်းလောက်တော့ပြီးနေပါပြီ။ ချောင်းကို တာတမံပိတ်ပြီး ရေစုကန်သဘောလုပ်မယ်။ အဲမှာရေပိုက်ထုတ်ပြီး ရေပိုက်လိုင်းတွေနဲ့ မြို့ထဲကို သွယ်သွားမှာပါ'' ဟု ၎င်းက ပြောပြသည်။


၂၀၁၈ -၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘတ်ဂျတ် ငွေကျပ်သိန်း ၅၀ဝ ဖြင့် ရေစုကန်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ရေပိုက်လိုင်းသွယ်ရန်အတွက် ငွေကျပ်သိန်း ၂၀ဝ၀ ခန့် လိုအပ်မည်ဖြစ်ပြီး လိုအပ်ငွေကို တိုင်းဒေသကြီးအစိုးရထံ တင်ပြတောင်းခံထားကြောင်း နောက်ပိုင်းတွင် ကသာမြို့ပေါ် ၁၀ ရပ်ရှိ အိမ်တိုင်းရေရရှိရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ကိုမင်း(အင်းတော်)