ကသာ ၁၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ယာဉ်ထိန်းတပ်ဖွဲ့ (၁၀၆) မှ သိမ်းဆည်းရရှိသော ဆိုင်ကယ် ဆူညံပါဝါအိတ်ဇောများကို ယနေ့ နံနက်ပိုင်းက လမ်းမတော်လမ်း၊ ကသာမြို့နယ် စည်ပင်သာယာရေးရုံးရှေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖျက်ဆီးရာတွင် စစ်ကိုင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ကသာခရိုင်ရဲတပ်ဖွဲ့၊ ဒုခရိုင်မှူး ရဲမှူး တင်ထွေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆူညံအိတ်ဇောများ၏ အသံကြောင့် ပတ်ဝန်းကျင်ကို စိတ်ဒုက္ခရောက်စေသဖြင့် ယခုနှစ် သင်္ကြန်ကာလတွင် ဖမ်းဆီးအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် သင်္ကြန်အတွင်း ဖမ်းဆီးရမိသော ဆိုင်ကယ်များကို ကသာမြို့မရဲစခန်းတွင် ထိမ်းသိမ်းထားပြီး သင်္ကြန်ပြီးမှ ကသာမြို့နယ်တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်များကိုလည်း ပါဝါအိတ်ဇောများ ရောင်းချခြင်းမပြုရန် မေတ္တာရပ်ခံ အသိပေးအကြောင်းကြားထားပြီး ယနေ့ဖျက်ဆီးသော ပါဝါအိတ်ဇောများသည် ၂၀၁၈ သင်္ကြန်အပြီးမှ ယနေ့အချိန်အထိ သိမ်းဆည်းရမိသော ပါဝါအိတ်ဇော (၁၃၂)လုံးကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ယာဉ်ထိန်းတပ်စု (၁၀၆)မှ တာဝန်ခံခေါင်းဆောင် ဒုရဲမှူး ကျော်ဦး၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
ဦးခင်မောင်လေး


