၂၃ ဇန်နဝါရီ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်သည် ယမန်နေ့က တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပေးပို့ရာတွင် ကုလသမဂ္ဂကို ပံ့ပိုးပေးမှုအတွက် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများကို ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

ဗွီဒီယို မက်ဆေ့ချ်တစ်ခုတွင် ဂူတာရတ်စ်က တရုတ်ဘာသာဖြင့် Chun Jie Kuai Le ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပါ ဟု နှုတ်ခွန်းဆက် စကားအဖွင့်အနေဖြင့် ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်သည် ကုလသမဂ္ဂတည်ထောင်သည့် ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအတွက် ဆယ်စုနှစ်တစ်စု၏ အစဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မငြိမ်သက်မှုနှင့်ကွဲပြားခြားနားမှုများ ရှိနေသည့် ယခုအချိန်တွင် လူတိုင်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် အဖြေရှာရန် အတူတကွ လုပ်ဆောင်ကြရမည်ဟု ဂူတာရတ်စ်က တိုက်တွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂကို ထောက်ခံအားပေးမှုနှင့် ဘက်ပေါင်းစုံပါဝင်မှုတို့အတွက် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ပြည်သူများ ကျန်းမာရေးကောင်းမွန်မှု၊ ပျော်ရွှင်မှု နှင့် အောင်မြင်မှုများ ရရှိပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့သည်။ 

ယခုနှစ်  လာမည့် ဇန်နဝါရီ ၂၅ နေ့တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး သို့မဟုတ် ကြွက်နှစ်သည် တရုတ်လူမျိုးများအတွက်  အရေးပါဆုံးသောပွဲတော် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို