ခမ်လျန်စွမ်း(စီးပွား/ကူးသန်း)
နိဒါန်း
‘တောင်းမှာအကွပ် လူမှာအဝတ်’ ဆိုသည့်စကားပုံသည် လူ၏ဝတ်စားဆင်ယင်မှုကို အခြေခံပြီး ၎င်းလူ၏ အတွင်းအပြင်တန်ဖိုးကို ကိုယ်စားပြုပြောဆိုလေ့ရှိကြပါသည်။ သပ်သပ်ရပ်ရပ်ဖြင့် ဝတ်ဆင်သောလူတစ်ဦး သည် အရေးကြီးသည့် အခမ်းအနားတက်မည်။ အရေးကြီးသော ပုဂ္ဂိုလ်နှင့်တွေ့မည်။ အခမ်းအနားတွင် အဖိုးတန်သော စကားများပြောမည်။ အစရှိသည်ဖြင့် ထိုလူ၏ ဝတ်စားဆင်ယင်မှုက မကြာမီ ၎င်းလူက ပြုလုပ်ဆောင်ရွက်မည့် အလုပ်၏တန်ဖိုးကို ကိုယ်စားပြုလေ့ပြုထရှိတတ်ပါသည်။
ထိုနည်းတူစွာ ကုန်ပစ္စည်းများမှာလည်း ကုန်အညွှန်း အမှတ်အသားများ အပြည့်အစုံပါရှိခြင်းသည် ၎င်းကုန် ပစ္စည်း၏ အရေးပါမှုနှင့် တန်ဖိုးများကို ဖော်ညွှန်းလေ့ရှိပါ သည်။ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းမရှိ သော ကုန်ပစ္စည်းများကို များသောအားဖြင့် ပေါချောင် ကောင်း ကုန်ပစ္စည်းများဖြစ်ကြောင်း လက်ခံတတ်ကြ ပါသည်။
ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ အကြောင်းကို လုပ်ငန်းရှင်များနှင့် သိရှိလိုသူ စားသုံးသူ ပြည်သူအချို့က မကြာခဏမေးမြန်းလေ့ရှိသည့်အတွက် ဗဟုသုတရရှိစေခြင်း အလို့ငှာ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ကုန်အညွှန်းအမှတ်အသား ဖော်ပြရခြင်း အကြောင်းရင်းများ
ကုန်ပစ္စည်းထုတ်လုပ်သူများသည် ၎င်းတို့ထုတ်လုပ် သည့် ကုန်ပစ္စည်းများ၏ သမိုင်းကြောင်းအကျဉ်း(ဥပမာ- သက်တမ်းကုန်ဆုံးရက်၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်အစ ရှိသဖြင့်) နှင့် ကုန်အမှတ်တံဆိပ်၊ စားသုံးသူများ သိရှိ လိုက်နာသင့်သည့် အကြောင်းအချက်များနှင့် ထုတ်လုပ်မှု ဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားများ ( Labels) ဖြင့်ဖော်ပြလေ့ရှိကြပါသည်။ ဤသို့ဖော်ပြခြင်းကြောင့် ကုန်ပစ္စည်း၏ ပါဝင်ပစ္စည်း၊ အသုံးဝင်မှု၊ အာနိသင်၊ ဆောင်ရန်ရှောင်ရန်၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရရှိမှုအခြေအနေ၊ အသုံးပြုပုံ၊ သိမ်းဆည်း ရမည့်စနစ် စသည့် သတင်းအချက်အလက်များ ပါဝင်လေ့ရှိပါသည်။ တစ်ဖက်တွင်လည်း ၎င်းကုန်ပစ္စည်း၏ အကြောင်းကို ကြော်ငြာပြီးဖြစ်နေခြင်း၊ ကုန်အညွှန်းအမှတ်အသားကြောင့် လှပသေသပ်မှု ကိုပြသခြင်း စသည့် ထုတ်လုပ်သူ၏ ဂုဏ်သတင်းကိုလည်း ကိုယ်စားပြုနေတတ်ပါသည်။
ဤသို့ဖော်ပြရာ၌ ထုတ်လုပ်သူ၏ တံဆိပ်အမှတ် အသား၊ ၎င်းကုန်ပစ္စည်းတွင် မည်သည့် ကုန်ကြမ်းပစ္စည်း များနှင့် ထုတ်လုပ်သည်၊ မည်သည့်အကျိုးကျေးဇူးများရရှိစေသည် အစရှိသည်ဖြင့် ပါရှိလေ့ရှိသောကြောင့် စားသုံးသူများ၏ လိုအပ်ချက်များကို အလွယ်တကူ ရွေးချယ်နိုင်သော အခွင့်အရေးကို ရရှိစေပါသည်။ အချို့ သော ကုန်အမှတ်တံဆိပ်များသည် နှစ်ပေါင်းများစွာတိုင်အောင် နာမည်ကောင်းများဖြင့် ရပ်တည်တတ်ကြ ပါသည်။
စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ကို ဖတ်ကြည့်ရုံဖြင့် ၎င်းကုန်ပစ္စည်း၏ အသုံး ပြုပုံ၊ ထားသိုသိမ်းဆည်းရမည့် လုပ်ငန်းစဉ်၊ အလေးချိန်၊ ထုထည်၊ ဘေးထွက်ဆိုးကျိုး စသည့် ၎င်းကုန်ပစ္စည်း အကြောင်းကို အလွယ်တကူသိရှိ အသုံးပြုနိုင်မည်ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် ကုန်စည်ထုတ်လုပ်သူတိုင်း သည် ကုန်အမှတ်တံဆိပ်ကို အမြတ်တနိုးရွေးချယ်ဖော်ပြ လေ့ရှိကြပါသည်။ သူတို့ရွေးချယ်ထားသော ၎င်းကုန် အညွှန်းအမှတ်တံဆိပ်ကို ထိန်းသိမ်းလေ့ရှိကြရာတွင် သက်ဆိုင်ရာအစိုးရများက သတ်မှတ်ပေးထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာများကို တိကျစွာ လိုက်နာရခြင်း၊ ၎င်းတို့ထုတ်လုပ်သော ကုန်စည်၏ အရည်အသွေးကို ထိန်းသိမ်းခြင်း၊ ကုန်အညွှန်းအမှတ် အသားသည် ထုတ်လုပ်သူ၏ အကြောင်းကို ကြော်ငြာပေးသကဲ့သို့ဖြစ်ခြင်း စသည့် ခေတ်သစ် ကုန်အညွှန်းအမှတ် အသားဆိုင်ရာများက ယနေ့ ကုန်သွယ်ရေးလောက၏ မပါမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။
ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းသည် အစိုးရဌာနများ၏ စစ်ဆေးခံခြင်းထက် စီးပွားရေး လုပ်ငန်းရှင်၏ ကျင့်ဝတ်ပိုင်းကို ကိုယ်စားပြုခြင်းဖြစ်သဖြင့် မှန်မှန်ကန်ကန် ဖော်ပြနိုင်ရေးသည်လည်း အရေးပါလှပါသည်။ နောက်ဆုံးစစ်ဆေးမည့်သူမှာ စားသုံးသူများဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်များ အနေဖြင့် သတိချပ်ရန် လိုအပ်ပါသည်။ သို့မှသာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော လုပ်ငန်းဆောင်ရွက်ချက် ဖြစ်လာမည်ဖြစ်သည်။
သို့အတွက်ကြောင့် မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် လည်း ကမ္ဘာက အလေးအနက်ထားသည့် ကုန်အညွှန်း အမှတ်အသားများကို ဂရုစိုက်ပြီး စနစ်တကျ ဖော်ပြနိုင်မှသာ ဈေးကွက်ရှာဖွေခြင်းမှ ဈေးနှုန်းကောင်း ရရှိသည့်တိုင် အကျိုးဆက်များ ရရှိစေမည်ဖြစ်သည်။
စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ
မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို နှစ်ကြိမ်ပြဋ္ဌာန်းခဲ့ပါသည်။ ပထမအကြိမ် ဥပဒေကို ၂၀၁၄ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ပိုမိုပြည့်စုံသော ဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲ၍ ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်း နိုင်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) သည် ကုန်စည်လုံခြုံစိတ်ချမှုအတွက် ပိုမိုတိကျသော ပြဋ္ဌာန်း ချက်များဖြင့် စားသုံးသူပြည်သူများကို ကာကွယ်ပေးထား ကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ (၄၂)နှင့်(၄၃)တို့သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများ တိတိကျကျပါရှိပြီး “ဤ ဥပဒေကို ပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်မှ စတင်အာဏာတည်စေရမည် ” ဟု ထည့်သွင်းထားပါသည်။ ဤသို့ထည့်သွင်းရခြင်းမှာလည်း လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် ပြင်ဆင်ချိန်ကို လုံလောက်စွာ ရရှိစေရန်ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့စားသုံးသူပြည်သူများ အလွယ်တကူနားလည်စေရန် အတွက် ပုဒ်မ(၄၃)တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များအား မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟု ပါရှိပါသည်။
မြန်မာတောင်သူလယ်သမားအချို့သည် ဤဥပဒေ မပြဋ္ဌာန်းမီအချိန်များက စိုက်ပျိုးရေးဆိုင်ရာ ဓာတု ဆေးဝါးအိတ်များကို ပါးစပ်ဖြင့် ကိုက်ဖွင့်ခြင်း၊ ဓာတု ပစ္စည်းကိုင်သောလက်ဖြင့် လက်မဆေးဘဲ အစားအစာ များ စားသောက်ခြင်း၊ ဓာတုဗေဒပစ္စည်းထားသိုသော အိတ်နှင့် ပုလင်းများကို ကလေးသူငယ်များ အလှမ်းမီ သော နေရာများတွင်ထား၍ မတော်တဆ ပါးစပ်ထဲရောက် ရာမှ အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များ မကြာခဏ သတင်းများတွင် ကြားနေရ၊ မြင်နေရတတ်ပါသည်။ ယခုအခါ ဤစားသုံးသူဥပဒေပါ ကုန်အညွှန်း အမှတ်အသားများ ပြဋ္ဌာန်းပြီးသောအခါ အလားတူ မတော်တဆ ဖြစ်စဉ်များ အတော်လျော့နည်းလာကြောင်း သိရှိရသည်။ ဤကဲ့သို့ မတော်တဆဖြစ်စဉ်များ လျော့နည်းလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ကုန်အညွှန်းအမှတ်အသား၏ အရေး ကြီးသော အကြောင်းအချက်များ မြန်မာဘာသာဖြင့် ဖော်ပြစေခြင်းနှင့် သုံးစွဲသူများ၏ လိုက်နာနိုင်ခြင်း ရလဒ်များကြောင့်ဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၈၃ ၊ ပုဒ်မခွဲ(ခ) ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်သည် လုပ်ငန်းရှင်များ ကုန် အညွှန်းအမှတ်အသားနှင့်ပတ်သက်သော အသေးစိတ် လုပ်ထုံးလုပ်နည်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အဖြစ် ထုတ် ပြန်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဤညွှန်ကြားချက်နှင့် ပတ်သက်၍ ကုန်သည် လုပ်ငန်းရှင်များ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိမရှိ မေးမြန်းမှုများကို စိစစ်ဖြေကြားပေး လျက်ရှိပါသည်။
ဤညွှန်ကြားချက်တွင် ကုန်စည်အုပ်စုရှစ်စုခွဲခြား ပေးထားပါသည်။ ၎င်းတို့မှာ အုပ်စု(က) အစားအသောက် များ၊ အုပ်စု(ခ) အိမ်သုံးပစ္စည်းများ၊ အုပ်စု(ဂ) ကလေး အသုံးအဆောင်ပစ္စည်းများ၊ အုပ်စု(ဃ) ဆက်သွယ်ရေး ပစ္စည်းများ၊ အုပ်စု (င) ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ အုပ်စု(စ) အလှကုန်ပစ္စည်းများ၊ အုပ်စု(ဆ) လူသုံးကုန် ပစ္စည်းများ၊ အုပ်စု(ဇ) လုပ်ငန်းသုံးပစ္စည်းများတို့ ဖြစ်ကြပါ သည်။ ဤညွှန်ကြားချက်အရ မြန်မာဘာသာ ဖော်ပြရမည့် ပုဒ်မ(၄၃) ပါအချက်များအနက် လိုအပ်မည့်အချက်များ ကိုသာ ဖော်ပြရန်ညွှန်ကြားချက်တွင် ထည့်သွင်းထား ကြောင်း တွေ့ရှိရပါသည်။ ဥပမာ ကုန်စည်အုပ်စု(က)အစားအသောက်တွင်ပါဝင်သော သောက်ရေသန့်များ သည် သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များ မဖော်ပြထားလည်း အကျုံးဝင်ကြောင်း ဖော်ပြထားပါသည်။
လုပ်ငန်းရှင်ကြီးအချို့ အမေးများသော အချက်လေးချက်တို့ကိုလည်း တင်ပြလိုပါသည်။ ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ရှိ မှတ်ချက်(၂)(၃)(၄)(၅) တို့ကို ဖော်ပြလိုပါသည်။ မှတ်ချက်(၂)- မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့်မြင်နိုင်သော စာလုံး အရွယ်အစား ဖြစ်ရမည်၊ မှတ်ချက်(၃)- မြန်မာဘာသာဖြင့် ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားအပေါ် အခြေခံ၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်၏ ထုပ်ပိုးပစ္စည်း ပေါ်တွင် ဖော်ပြရန်၊ မှတ်ချက်(၄) - ကုန် ပစ္စည်းပေါ်တွင် အချက်အလက်များဖော်ပြရန် မဖြစ်နိုင် ပါက ကုန်စည်အမျိုးအစားနှင့် စပ်လျဉ်းသည့် လက်ကမ်း စာစောင်/ အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့ တစ်ပါတည်းပေးအပ်ရန်၊ မှတ်ချက်(၅) - ပြည်ပမှ တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ဈေးကွက် ဖြန့်ဖြူးခြင်း မပြုမီပြုပြင်ရန်(ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်း) တို့ဖြစ်ပါသည်။
အချို့သော ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ် အသားများ မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြရန်မှာ မလွယ်ကူသည့်အခြေအနေမျိုးရှိတတ်ပါသည်။ ဥပမာ-စက်ပစ္စည်းများသည် မူလထုတ်လုပ်သည့် နိုင်ငံက အသားတံဆိပ်ဖြင့် ဖော်ပြပြီး မြန်မာဘာသာဖြင့် ဖော်ပြ ရေးမှာ မူလထုတ်လုပ်သည့်နိုင်ငံတွင် မြန်မာစာ၊ စာလုံး ဖောင့်မရနိုင်ခြင်းနှင့်၎င်းတို့စက်ရုံတွင် ဘာသာပြန်မရှိ နိုင်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးမှ ဖြန့်ချိမည့် လုပ်ငန်းရှင်က ညွှန်ကြားချက်ပါ မှတ်ချက်အပိုဒ်(၄)တွင် ဖော်ပြထားသည့်အတိုင်း လက်ကမ်းစာစောင် သို့မဟုတ် အသုံးပြုသူလမ်းညွှန်စာအုပ်များဖြင့် ဖော်ပြနိုင်ပါက သတ်မှတ်ချက်နှင့် အကျုံးဝင်သွားမည် ဖြစ်ပါသည်။
အေးသောနိုင်ငံများက ထုတ်လုပ်သည့် ဝီစကီ အရက် များသည် Codex International Food Standards အရ ထားသိုပုံ ဖော်ပြရန်မလိုကြောင်း လုပ်ငန်းရှင်အချို့က ပြောပြဖူးပါသည်။ ဤနေရာတွင် စဉ်းစားရမည့် အချက်တစ်ခုမှာ ထုတ်လုပ်သည့် နိုင်ငံသည် အအေးပိုင်း တွင်တည်ရှိပြီး ဖြန့်ချိသည့်နိုင်ငံသည် အပူပိုင်းတွင် တည်ရှိနေခြင်းကြောင့် ၎င်းစားသောက်ကုန်သည် အပူ ချိန်မြင့်မားသည့် အခြေအနေဖြစ်ပေါ်ပါက ဓာတ်ပြောင်း လဲနိုင်သည့်အတွက် မူလဝီစကီသည် ဓာတ်တိုးရန် အလားအလာရှိနိုင်ပါသည်။ သို့အတွက်ကြောင့် ၎င်းဝီစကီကဲ့သို့သော ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများတွင် သိမ်းဆည်းထားသိုပုံ ထည့်သွင်းဖော်ပြခြင်း သည် လုပ်ငန်းရှင်များအတွက်လည်း အပန်းမကြီး သည့်အပြင် စားသုံးသူအတွက် ဘေးကင်းလုံခြုံသော ကုန်ပစ္စည်းများ ရရှိစေမည်ဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေပါ အခြားကုန်အညွှန်းအမှတ်အသားများ
အထက်စာပိုဒ်တွင် ကုန်ပစ္စည်းများ၏ အရေးကြီး သောအပိုင်းများ၏ ကုန်အညွှန်းအမှတ်အသားကို မြန်မာ ဘာသာဖြင့် ဖော်ပြစေခဲ့ပါသည်။ ဤကဲ့သို့ဖော်ပြစေ ခြင်းမှာ ထုတ်လုပ်သူအတွက် ရှိသမျှအားလုံး ဘာသာပြန် ဖော်ပြရမည်ဆိုပါကလည်း နေရာကအစ အခက်အခဲရှိ နိုင်သည့်အပြင် ဘာသာမပြန်လည်း အများပြည်သူ နားလည်ရလွယ်ကူသည့် အခြားကုန်အညွှန်းများကို ခွင့်ပြုထားခြင်းကြောင့်ဖြစ်ပါသည်။
၎င်းတို့မှာ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၄၁ နှင့် ၄၂ ပါပုဒ်မများဖြစ်ကြပြီး ကုန်စည်၏ တံဆိပ်အမှတ် အသား၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်ပစ္စည်းတွင် ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည် များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ် ထားသော အချက်အလက်များ၊ သိပ္ပံနည်းကျသုတေသနပြု ဆောင်ရွက်ချက်များနှင့် ကျန်းမာရေး အာဟာရဆိုင်ရာ အာမခံချက်များတို့ ဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားများအား တိကျစွာလိုက်နာရန် လိုသကဲ့သို့ အခြားအစိုးရဌာနများ၏ ဥပဒေ၊ အမိန့်ညွှန်ကြားချက် များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ သည်။ သို့မှသာ ပြီးပြည့်စုံသော ကုန်အညွှန်းအမှတ် အသားအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။
ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက
ယနေ့ခေတ်တွင် ကုန်ပစ္စည်းများ အပြိုင်အဆိုင် ထုတ်လုပ်ကြရာတွင် ကုန်ပစ္စည်း၏ အရည်အသွေးသာ မက ကုန်အညွှန်းအမှတ်အသားများကိုပါ ယှဉ်ပြိုင်နေရ သော အခြေအနေတစ်ရပ်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ကုန်အညွှန်းအမှတ်အသားများသည် ၎င်းညွှန်းလိုသော ကုန်ပစ္စည်းကို ကိုယ်စားပြုသည်ကို သိရှိလာကြ ကြောင်း တွေ့ရှိရပါသည်။ စားသုံးသူအများစုသည်လည်း ကုန်ပစ္စည်းများ ဝယ်ယူကြရာတွင် ကုန်အညွှန်းအမှတ်အသား များကို ယခင်ကထက် ပိုမိုလေ့လာကြပါသည်။ ၎င်းတို့ ဝယ်ယူမည့် ကုန်ပစ္စည်း၏ အရည်အသွေးကို ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားအတိုင်း ဟုတ်မဟုတ် ပိုမိုအာရုံစိုက် လာကြပါသည်။
ဤအတွက်ကြောင့် စားသုံးသူများအနေဖြင့် ကုန်စည်များ၏ ဘေးကင်းလုံခြုံမှုသည် ကုန်အညွှန်း အမှတ်အသားပေါ်တွင် မူတည်ပြီး ကြည့်ရမည့်ခေတ် ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ထုတ်လုပ်သူများအနေ ဖြင့် မိမိထုတ်ကုန်၏ ရေရှည်ရပ်တည်မှုကို အလေးထား သည့်အနေဖြင့် ထုပ်ပိုးခွံတွင်ပါရှိသည့် ကုန်အညွှန်းအမှတ် အသားများကို အရည်အသွေးမီမီ ဖော်ပြရန် လိုအပ်ပါသည်။ စားသုံးသူများအနေဖြင့်လည်း ကုန်အညွှန်းအမှတ် အသားများ သေချာဖတ်ရှုပြီး ဝယ်ယူအသုံးပြုကြရန်လည်း တိုက်တွန်းလိုပါသည်။ ထို့ကြောင့်လည်းစားသုံးသူရေးရာ ဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားသုံးသူများ အခွင့် အရေးနေ့ အထိမ်းအမှတ်၊ ကုန်အညွှန်းအမှတ်အသားအတွက် ဆောင်ပုဒ်တစ်ခု သတ်မှတ်ပေးရာ “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူ၍ ဖြစ်ပါသည်။
ယခုအခါ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား ဘေးအန္တရာယ်အပေးနိုင်ဆုံးသော ကုန်ပစ္စည်း များကို ဦးစားပေးရွေးချယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာ ကော်မတီများ၏ ကြီးကြပ်မှုဖြင့် စစ်ဆေးလျက်ရှိနေပါသည်။ ထိုသို့စစ်ဆေး ရာတွင် အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုရှိသော ကုန်စည်များအတွက် စိတ်ပူစရာမလိုသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်အညွှန်း အမှတ်အသားပါ ကုန်စည်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်လျက်ရှိပါသည်။
နိဂုံး
နိုင်ငံတကာအလေ့အကျင့်ကောင်းများတွင် ကုန် အညွှန်းအမှတ်အသားများသည် ၎င်းကုန်ပစ္စည်း၏တန်ဖိုး ကို ကိုယ်စားပြုလေ့ရှိရာ စားသုံးသူများအနေဖြင့် အလွယ်တကူဝယ်ယူနိုင်ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း လွတ်လပ်သော ဈေးကွက် စနစ်ဖြင့် ရှေ့သို့ မှန်မှန်သွားနေချိန်တွင် မိမိတို့ထုတ်လုပ် သော ကုန်အညွှန်းအမှတ်အသားသည် မိမိတို့ထုတ်လုပ်သော ထုတ်ကုန်ကို ကိုယ်စားပြုသည် သာမက အမိ မြန်မာနိုင်ငံတော်ကိုပါ ကိုယ်စားပြုသည် ဟူသောအချက်ကို အစဉ်သတိရ ဆောင်ရွက်ရန် တိုက်တွန်း လိုပါသည်။ ထိုနည်းတူစွာ ပြည်ပမှ တင်သွင်းလာသော ကုန်စည် များ၏ ကုန်အညွှန်းအမှတ်အသားများကို သေချာ ဂရုစိုက် ဖတ်ရှုလေ့လာရန်လည်း လိုအပ်မည်ဖြစ် ပါသည်။
ဤအတွက်ကြောင့် ကုန်ပစ္စည်းများ၏ ကုန်အညွှန်း အမှတ်အသားက ပြောသော ကုန်ပစ္စည်းအကြောင်းကို နားလည်လိုက်နာကျင့်သုံးတတ်စေရန်နှင့် ကုန်ပစ္စည်း ထုတ်လုပ်သော မြန်မာလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ နားလည်လိုက်နာ၍ မိမိ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ ဂုဏ်သတင်းကိုပါ မြှင့်တင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက် ပါသည်။ ။


