နေပြည်တော် ၉ ဇန်နဝါရီ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ရုံးအတွင်း စပယ်ယာလိုင်စင်အတု ပြုလုပ်ပေးသူ ဦးထွန်းဦးနှင့် စပယ်ယာလိုင်စင် ပြုလုပ်ပေးမည်ဟု ပြောဆိုကာ ငွေကျပ် ၃၁၀၀၀ တောင်းယူခဲ့သူ ဦးကျော်နိုင်တို့အား လိမ်လည်ခံရသူ ဉီးထွန်းထွန်းနိုင်က သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန (မြင်သာ) ရုံးဝင်းအတွင်း၌ ဦးထွန်းထွန်းနိုင်က စပယ်ယာလိုင်စင် လျှောက်ထားရန်အတွက် ရုံးသို့ရောက်ရှိလာစဉ် ပွဲစားဖြစ်သူ ဦးကျော်နိုင်က စပယ်ယာလိုင်စင် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လိုင်စင်အတွက် ကျသင့်ငွေကျပ် ၃၁၀၀၀ ရယူကာ စပယ်ယာလိုင်စင်တစ်ခုအား ဦးထွန်းထွန်းနိုင်ထံ ပေးခဲ့ကြောင်း သိရသည်။

ဦးထွန်းထွန်းနိုင်က ၎င်း၏ စပယ်ယာလိုင်စင်၌  ပြင်ရာဖျက်ရာများ ရှိခြင်း၊ ဟိုလိုဂရမ် မပါရှိခြင်းတို့ကြောင့် မသင်္ကာ၍ ဇန်နဝါရီ ၂ ရက်တွင် ရုံးမှတ်တမ်းများနှင့် စိစစ်ရန်ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့်  တွေ့ဆုံသတင်းပို့ခဲ့ကြောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးက ဦးကျော်နိုင်ကို စိစစ်မေးမြန်းခဲ့ရာ ၎င်းကိုယ်တိုင် ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ ပွဲစားဖြစ်သူ ဦးထွန်းဦးကို ငွေကျပ်တစ်သောင်းပေး၍ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ဦးထွန်းဦးကို ခေါ်ယူ၍ ထပ်မံစိစစ်ရာ မှတ်တမ်းဝင် စပယ်ယာလိုင်စင် မဟုတ်သည်ကို တွေ့ရှိခဲ့ရကြောင်း။

သို့ဖြစ်၍ ရုံးဝင်းအတွင်း ဝင်ရောက်ကာ ရုံးကိုအယောင်ပြပြီး လိုင်စင်အတု ပြုလုပ်ပေးသူ ဦးထွန်းဦးနှင့် ဦးကျော်နိုင်တို့အား တာဝန်ရှိသူတို့က သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ ထိန်းသိမ်းပို့ဆောင်၍   သင်္ဃန်းကျွန်းမြို့မရဲစခန်းက တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

သတင်းစဉ်