mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

တာ့ဂျ်မဟာ အနီးတစ်ဝိုက်မှာ အရာရှိတွေ အလုပ်ရှုပ်နေကြတာကိုတွေ့မြင်နေရတော့ အရေးကြီးပုဂ္ဂိုလ် တစ်ဦးလာဖို့ ပြင်ဆင်နေတဲ့ပုံပါပဲ။ အိန္ဒိယကို လာရောက်မယ့် အရေးကြီးပုဂ္ဂိုလ်ဟာ ဘယ်သူများဖြစ်နေမလဲ။ သူကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပါပဲ။

 

ကုန်သွယ်ရေးစာချုပ်အပြီးသတ်နိုင်ရေးကြိုးပမ်း

 

ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အိန္ဒိယကို လာရောက်ဖို့ရှိတာမို့ အိန္ဒိယအရာရှိတွေဟာ ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။ သူတို့ ပြင်ဆင်နေကြတဲ့အထဲမှာ ကုန်သွယ်ရေးသဘောတူ စာချုပ် နောက်ဆုံးအပြီးသတ် ညှိနှိုင်းဆွေးနွေးမှုတွေပါ ရှိပါတယ်။ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန် ကုန်သွယ်ရေးသဘောတူ စာချုပ်ကြီးကို လာမယ့်လအတွင်းမှာ အပြီးသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ သမ္မတထရမ့် အိန္ဒိယကို လာရောက်တဲ့အခါ လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထား ကြပါတယ်။

 

စီးပွားရေးပိုမိုလုပ်ဆောင်ရန်ဆန္ဒရှိ

 

သမ္မတ ထရမ့်ဟာလည်း လက်တလောမှာတော့ သူ့ကိုစွဲချက်တင်ဖို့ အငြင်းအခုန် ဖြစ်နေတာတွေရဲ့ အဝေးကို ထွက်သွားချင်တဲ့ပုံ ပေါ်နေပါတယ်။ အိန္ဒိယနိုင်ငံကို နှစ်ရက်တာ ခရီးသွားရောက်ဖို့ စီစဉ်ထားတယ်လို့သိရပါ တယ်။ အမေရိကန်အနေနဲ့ အိန္ဒိယမှာ စီးပွားရေးတွေ ပိုမိုလုပ်ဆောင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာလည်း လက်ရှိ အခြေအနေမှာတော့ နိုင်ငံရေးပြဿနာတွေနဲ့ရင်ဆိုင်နေရ တဲ့အချိန်လည်း ဖြစ်ပါတယ်။

 

မိုဒီအတွက် အားတက်စရာ

 

ဝန်ကြီးချုပ်မိုဒီရဲ့ လက်တလောချမှတ်ခဲ့တဲ့ နိုင်ငံရေးမူဝါဒကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဆန့်ကျင်ဆန္ဒ ပြမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သမ္မတထရမ့်ရဲ့ ခရီးစဉ်ဖြစ်လာတော့ မိုဒီအတွက် အားတက်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်များ အတွင်းက နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကြောင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဥပဒေသစ်ကြောင့် အိန္ဒိယမှာရှိတဲ့ လူနည်းစု မူဆလင်တွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ဟာ အရင်တုန်းကလည်း တက္ကဆက်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။ အဲဒီတုန်းကလည်း ခေါင်းဆောင် နှစ်ဦးကို ထောင်ပေါင်းများစွာသော အိန္ဒိယ - အမေရိကန် တွေက ကြိုဆိုခဲ့ကြဖူးပါတယ်။ ယခုအခါမှာလည်း သမ္မတထရမ့်နဲ့ မိုဒီတို့ဟာ မိုဒီရဲ့ ဇာတိဖြစ်တဲ့ ဂူဂျာရက် ပြည်နယ်က အာမီတာဘတ်ဆိုတဲ့ ခရစ်ကက် အားကစားရုံကြီးမှာ လူထုနဲ့ တွေ့ဆုံသွားမယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

 

အကူအညီတစ်ခုဖြစ်နိုင်

 

အိန္ဒိယကိုရောက်လာတဲ့အခါမှာတော့ အရင်အမေရိ ကန်သမ္မတတွေ ဖြစ်ကြတဲ့ ဘီလ်ကလင်တန်၊ ဘားရက် အိုဘားမားတို့ တည်းခိုခဲ့ကြတဲ့ နယူးဒေလီမြို့ရှိ အမေရိ ကန်သံရုံးအနီးက ဟိုတယ်မှာ တည်းလိမ့်မယ်ဆိုပြီး လည်းခန့်မှန်းနေကြပါတယ်။ ဇန်နဝါရီလအစောပိုင်းမှာ သမ္မတထရမ်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ ဖုန်းဖြင့်ဆက်သွယ်ကာ နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားရင်း အိန္ဒိယကို လာရောက်ဖို့အစီအစဉ် ဖြစ်လာခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေမှာဖော်ပြကြပါတယ်။ ဝန်ကြီးချုပ်မိုဒီအတွက်တော့ သမ္မတ ထရမ့်ရဲ့ ခရီးစဉ်ဟာ အကူအညီတစ်ခုဖြစ်သွားနိုင် ပါတယ်။ ဒီအချိန်ဟာ မိုဒီအတွက် ခြောက်နှစ်တာ ကာလ အတွင်း ပထမဆုံး ဆန္ဒပြမှုတွေနဲ့ တွေ့ကြုံနေရတဲ့အချိန် လည်းဖြစ်ပါတယ်။

 

ရေငုံနှုတ်ပိတ်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုကို အစိုးရက ပြုလုပ်ခဲ့ပါတယ်။ အိမ်နီး ချင်းနိုင်ငံတွေက မူဆလင်မဟုတ်တဲ့ ရွှေ့ ပြောင်းနေထိုင် သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့် ဥပဒေသစ်ပြင်ဆင်ခဲ့ တဲ့အတွက်ကြောင့်ပါပဲ။ အဲဒီနောက်မှာတော့ စွပ်စွဲမှုတွေ တသီတတန်းကြီးနဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာ ပါတော့တယ်။ အဲဒီလို ပြုလုပ်ခဲ့တဲ့အတွက်လည်း ဝန်ကြီး ချုပ်မိုဒီကို ပြည်ပနိုင်ငံတွေက ဝေဖန်လာကြပါတယ်။ အချို့သော အမေရိကန်အရာရှိတွေဆိုရင် ပိတ်ဆို့မှု ပြစ်ဒဏ် ပြုလုပ်ဖို့အထိ တောင်းဆိုလာကြပါတယ်။ ဥရောပသမဂ္ဂ ကလည်း သူတို့ရဲ့ ပါလီမန်မှာဒီကိစ္စကို ဆွေးနွေးဖို့အထိ စဉ်းစားလာကြပါတယ်။ အမေရိကန်အရာရှိတွေကတော့ သမ္မတ ထရမ့်ရဲ့ အိန္ဒိယ ခရီးစဉ်ကို ရေငုံနှုတ်ပိတ်နေပါတယ်။ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဘာမှမပြောဘဲ နေကြပါတယ်။

 

ကုန်သွယ်ရေးအရ အစဉ်လာကြီးတဲ့မြို့

 

အချို့သော အိန္ဒိယသတင်းဌာနတွေမှာတော့ ယခုလ အတွင်းအမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ပုံတွေကို ပြသ လာပါတယ်။ နေကာမျက်မှန်တွေဝတ်ထားတဲ့ အဖွဲ့တွေဟာ လုံခြုံရေးအစီအမံတွေပြုလုပ်ဖို့ တျာ့မဟာကိုလာရောက် တာကိုလည်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ နယူး ဒေလီတစ်ဝိုက်ကို လည်ပတ်ဖို့လည်း ခရီးစဉ်ထဲမှာပါတယ် လို့ ယူဆနေကြပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဂူဂျာရတ်ပြည်နယ်မှာပဲ ပွဲလုပ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ် ကြပါတယ်။ ဂူဂျာရတ်ပြည်နယ်ဟာ ကမ်းရိုးတန်းပြည်နယ် တစ်ခုဖြစ်ပြီး ကုန်သွယ်ရေးအရ အစဉ်အလာကြီးတဲ့ မြို့လည်းဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးချုပ်မိုဒီအတွက်လည်း ယခုထက်ထိတိုင်အောင် ထောက်ခံမှုအများဆုံး ရရှိ ထတဲ့ပြည်နယ် ဖြစ်ပါတယ်။ ခမ်းခမ်းနားနားကြိုဆိုမှုတွေ နောက်ကွယ်မှာ ထရမ့်နဲ့ မိုဒီတို့ကြားပထဝီဝင် နိုင်ငံရေးကို ဆွေးနွေးသွားလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

 

လိုလိုလားလားမရှိ

 

နှစ်ပေါင်းများစွာကတည်းက အမေရိကန်အရာရှိတွေဟာ တရုတ်နိုင်ငံကိုထိန်းချုပ်နိုင်ဖို့အရေး အိန္ဒိယကို မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် စည်းရုံးဖို့ကြိုးပမ်းခဲ့ကြ  ပါတယ်။ သို့ပေမယ့်လည်း အိန္ဒိယဘက်ကတော့ သိပ်ပြီး လိုလိုလားလား မရှိလှပါဘူး။ အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေး  အင်အားကြီးနိုင်ငံထဲက တစ်ခုဆိုတာလည်း ငြင်းဖွယ်ရာ မရှိပါဘူး။ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေကို လျှော့ချ လိုပြီး အိန္ဒိယအနေနဲ့လည်း အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ ကိုပိုမို ဝယ်ယူပေးစေချင်ပါတယ်။ သမ္မတထရမ့်နဲ့ မိုဒီ တို့ကြား ကန့်သတ်မှုရှိတဲ့ ကုန်သွယ်ရေးစာချုပ်မှာ လက်မှတ် ရေးထိုးဖြစ်လိမ့်မယ်လို့ စီးပွားရေးခေါင်းဆောင်တွေနဲ့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ လွန်ခဲ့တဲ့ ၊ တစ်နှစ်ခွဲခန့်က အမေရိကန်နဲ့ အိန္ဒိယတို့အကြား အခွန် စည်းကြပ်မှုတွေ၊ တန်ပြန်အခွန်စည်းကြပ်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ အခုအချိန်မှာသာ ကုန်သွယ်ရေးသဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ပြီဆိုရင် သိသာထင်ရှား တဲ့ ပြန်လည်သင့်မြတ်မှုတွေကို တွေ့မြင်လာရမှာပဲ ဖြစ်ပါတယ်။

 

အခွန်စည်းကြပ်မှုလျော့နည်းပေးဖို့လို

 

အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပ ယှဉ်ပြိုင်မှုကနေ အကာအကွယ်ပေးတဲ့ နိုင်ငံတွေထဲမှာ နာမည်ကြီးပါပဲ။ နိုင်ငံခြားကုမ္ပဏီတွေကို ဟန့်တားနိုင်ဖို့အရေး အခွန်စည်းကြပ်မှုတွေနဲ့ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ ပြည်တွင်းကို တင်သွင်းမယ့် ဆေး ပစ္စည်းတွေမှာ ဈေးနှုန်းကန့်သတ်မှုကို အဆုံးသတ်ပေးဖို့ အိန္ဒိယဟာ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒါဟာလည်း ကုန်သွယ်ရေးအတွက် ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေး ရခက်တဲ့အပိုင်းတစ်ခုပါပဲ။ ထရမ့်အစိုးရအနေနဲ့လည်း အိန္ဒိယအတွက် ဦးစားပေးကုန်သွယ်မှု အဆင့်အတန်း တစ်ခု ပြန်လည်ထိန်းသိမ်းပေးဖို့ အိန္ဒိယဘက်က တောင်း ဆိုထားပါတယ်။ အမေရိကန်ဘက်ကလည်း ချည်မျှင်ကဲ့ သို့သော ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှု လျော့နည်းပေးဖို့ လိုအပ်ပါတယ်။

 

အချိန်ကောင်းတစ်ခု

 

စီးပွားရေးလုပ်ငန်းတွေအပြင် ခေါင်းဆောင် နှစ်ဦးဟာ လက်နက်ဝယ်ယူရေးကိစ္စတွေမှာလည်း အသိပေး ကြေညာမှုတွေပြုလုပ်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိအခြေအနေမှာ ထရမ့်ဟာ စွဲချက်တင်ခံရမှုနဲ့ ရင်ဆိုင်နေရပြီး သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံ ဖို့လည်း မဲဆွယ်မှုတွေ စတင်နေတဲ့ ကာလပါပဲ။ ဒီလို  အချိန်မျိုးမှာ သူဟာ ကုန်သွယ်ရေးအတွက်ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို မဲဆန္ဒရှင်တွေကိုပြသရ မယ့်အချိန်ကောင်းပါပဲ။

 

ကိုးကား-နယူးယောက်တိုင်းမ်