ကုန်သွယ်ရေးလုပ်ငန်း များဖြင့် တိုင်းပြည်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးစကားဝိုင်းဆွေးနွေး

၁၃ ဩဂုတ်

 

ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာပြီး နိုင်ငံတော်၏ စီးပွားရေး မြင့်မားတိုးတက်စေ ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကဘက်ပေါင်းစုံမှ ကြိုးစားဖော်ဆောင်လျက်ရှိရာ စီးပွားရေး အသိအမြင်များ ပိုမိုမြင့်မားလာစေရန်နှင့် ပူးပေါင်းအဖြေရှာခြင်းဖြင့် ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပသည့် စီးပွားရေးစကားဝိုင်းတစ်ခုကို သြဂုတ် လ ၉ ရက်နေ့ က နေပြည်တော်ရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်ခဲ့သည်။

 

ကုန်သွယ်ဖွံ့ဖြိုး စီးပွားတိုးခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်တို့က စကားဝိုင်းအတွင်း ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြခြင်းဖြစ်ရာ စာဖတ်ပရိသတ်များ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြအပ်ပါသည်။

 

အစီအစဉ်မှူး။ ။ ဒီနေ့တွေ့ဆုံကြတဲ့ စကားဝိုင်းကတော့ ကုန်သွယ်ရေးလုပ်ငန်း များဖြင့် တိုင်းပြည်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ ဒုတိယဝန်ကြီးကနေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်း ချက်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပြောပြပေးပါဦး။

 

 

ဒုတိယဝန်ကြီး ဦးအောင်ထူး။ ။ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ကတော့ ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးခြင်းကနေ ကူးသန်းရောင်း ဝယ်မှုအားကောင်းလာကာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်တွေ ဖန်တီး ပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်နိုင်ရေးပဲ ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်ရာမှာ ကူးသန်း ရောင်းဝယ်ရေးတစ်ခုတည်းကို အာရုံစိုက်မှာမဟုတ်ပါဘူး။ လယ်ကွင်းထဲကနေ စားသုံးသူတွေရဲ့ စားပွဲပေါ်ရောက်တဲ့အထိ၊ ထုတ်လုပ်မှုကနေ စားသုံးမှုအထိအကျုံးဝင်တဲ့ ထုတ်လုပ် စားသုံးမှုကွင်းဆက် (Supply Chain) တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုအပိုင်းကိုလည်း အထူးအာရုံထားပြီး ဆောင်ရွက်နေသလို၊ ပြည်တွင်းထုတ်လုပ်မှုဆိုင်ရာ အချက်အလက် တွေနဲ့ ဈေးနှုန်းတွေ အချိန်နဲ့တစ်ပြေးညီ ရရှိအောင်၊ ဈေးကွက်တွေ ရရှိအောင်ကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ခံယူချက်က ထုတ်လုပ်သူတောင်သူများလည်း အကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်များလည်း အကျိုးရှိပြီး စားသုံးသူတွေဟာလည်း ဘေးကင်း စိတ်ချမ်းသာမှုတွေကို ဖြစ်ပေါ်စေရမယ်ဆိုပြီး ခံယူထားပါတယ်။ ဝန်ကြီးဌာနရဲ့ မဟာဗျူဟာ ကတော့ ပို့ကုန် ဦးဆောင်တဲ့ စီးပွားရေးတိုးတက်မှု (Export Led Economic Growth) ကိုရရှိစေဖို့ပါ။ ဒါနဲ့ပတ်သက်ပြီး ရည်မှန်းချက်ကတော့ လက်ရှိအစိုးရကာလအတွင်း ပို့ကုန် ကို သုံးဆမြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။

 

ပို့ကုန်မြှင့်တင်ပြီး သွင်းကုန်အစားထိုးနိုင်အောင်ဆိုရင် အထူးစီးပွားရေးဇုန်တွေကိုလည်း အကောင်အထည် ဖော်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးဆိုရင်လည်း တရားဝင် ကုန်သွယ် ရေး ဖြစ်အောင် အားပေးဆောင်ရွက်နေပါတယ်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဇုန် တွေကို ထူထောင်နိုင်အောင် လုပ်ဆောင်နေသလို ကုန်သွယ်မှုတွေမှာ နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ၊ နယ်စပ်ကုန်သွယ်မှု (Border Trade) အပြင် ကုန်သွယ်မှုလိုငွေ လျော့နည်းစေမယ့် ကုန်ချင်းဖလှယ်မှုစနစ် (Counter Trade)ကိုပါ ကျင့်သုံးနိုင်အောင် လုပ်ဆောင်နေပါတယ်။

 

ကုန်သွယ်မှုဖွံ့ဖြိုးစေဖို့အတွက် Medium Term Program တွေချမှတ်ထားပြီး အကောင် အထည် ဖော်နေပါတယ်။ ပို့ကုန်မြှင့်တင်ဖို့အတွက်ကိုလည်း အမျိုးသားပို့ကုန် မဟာဗျူဟာ ကိုလည်း ချမှတ်ထားပါတယ်။ ပို့ကုန်တွေမြှင့်တင်ဖို့ စီးပွားရေးသံမှူးတွေကို အဓိက ဈေးကွက်ရှိရာနိုင်ငံတွေမှာ တိုးချဲ့စေလွှတ်ထားပါတယ်။ မြန်မာနိုင်ငံကထုတ်လုပ်တဲ့ ကုန်စည်တွေနဲ့ လက်မှု ပညာတွေကို ပြသနိုင်မယ့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (Myanmar International Trade Center) ကိုလည်း ရန်ကုန်မြို့မှာ ထူထောင် ထားရှိပါတယ်။

 

စားသုံးသူတွေရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ပိုမိုထိရောက်စွာ အကာအကွယ်ပေးနိုင်မယ့် စားသုံးသူ ကာကွယ်ရေးဥပဒေသစ်တစ်ရပ်ကိုလည်း လွှတ်တော်မှာတင်ပြထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ စားသုံးသူအတွက် သတင်းအချက်အလက်နဲ့ တိုင်ကြားမှုဌာန တွေကို ထူထောင်ထားပြီး အစားအသောက်အပိုင်းရော၊ ဝန်ဆောင်မှုအပိုင်းမှာပါ ထိခိုက် နစ်နာမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။

 

ဝန်ကြီးဌာနကနေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုလွယ်ကူ စေ ရေးနဲ့ ပြည်တွင်းအလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ဖို့အတွက်လည်း မိတ်ဖက် အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။



အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နေပြီး လက်ရှိပြည်ပကုန်သွယ်မှု အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တွေနဲ့ ဘယ်လို တင်ပို့နေသလဲ၊ ဘယ်နိုင်ငံတွေကို အဓိက တင်ပို့နေသလဲဆိုတာတွေ။ အဓိက သွင်းကုန် တွေနဲ့ ကုန်သွယ်ဖက်နိုင်ငံတွေ အကြောင်းကိုလည်း ပြောပြပေးပါဦး။

 

ဦးရန်နိုင်ထွန်း။ ။ ကုန်သွယ်မှုတိုးတက်တဲ့ အခြေအနေကိုမပြောမီ မနှစ်ကကုန်သွယ်မှု အခြေအနေကနေ စပြီးပြောကြားလိုပါတယ်။ မနှစ်ကကုန်သွယ်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းတစ်လျှောက်အမြင့်ဆုံးကုန်သွယ်မှု ရခဲ့ပါတယ်။ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ ရခဲ့ပါတယ်။ ဆန်တင်ပို့မှုဆိုရင် တန်ချိန် ၃ ဒသမ ၅၉ သန်းအထိ တင်ပို့ခဲ့ပြီး ပြောင်းတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၄ သန်းအထိ စံချိန်သစ်တင် တင်ပို့နိုင်ခဲ့ ပါတယ်။ ရေထွက်ကုန်ဆိုရင်လည်း အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်တင်ပို့နိုင်တာဟာ စံချိန်သစ်တွေပါပဲ။ ဒီနှစ်မှာတော့ ကာလတိုဘတ်ဂျက် ကုန်သွယ်မှု အနေနဲ့ ယခုလကုန် ဆိုရင် လေးလပြည့်သွားပါပြီ။ ဇူလိုင်လကုန်အထိ ကုန်သွယ်မှုပမာဏက ၁၁ ဒသမ ၅၇ ဘီလီယံ ရရှိထားပါတယ်။ မနှစ်က ကာလတူ ကုန်သွယ်မှုထက် ၁ ဒသမ ၆၃ ဘီလီယံ လောက် ပိုများလာခဲ့ပါတယ်။ အဲဒီလိုများပြားတာက တိရစ္ဆာန်နဲ့တိရစ္ဆာန်ထွက် ကုန်ပစ္စည်း က သန်း ၁၀ဝ ကျော်လောက်တက်လာခဲ့ပြီး သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော တင်ပို့မှုတွေ ဟာလည်း မြင့်တက်လာခဲ့ပါတယ်။

 

စက်မှုကုန်ချောဆိုတဲ့နေရာမှာ CMP လို့ခေါ်တဲ့ လက်ခစားအထည်ချုပ်ပါမယ်၊ သကြား ပါမယ်၊ ဓာတ်ငွေ့ပါမယ်။ ဒီလိုရလဒ်ဖြစ်လာအောင် ဦးတည်ချက်လေးရပ်ချမှတ် ဆောင်ရွက် နေပါတယ်။ ပထမဆုံးကတော့ ဈေးကွက်ရှာဖွေဖို့ ဖြစ်ပါတယ်။ ဈေးကွက်ရရှိရေးအတွက် လေ့လာမှုတွေ၊ သုံးသပ်မှုတွေပြုလုပ်ရပါတယ်။ နောက်တစ်ဆင့်ကတော့ ထုတ်လုပ်မှုပိုင်း ဖြစ်ပါတယ်။ ဥပမာ- ပြည်တွင်းမှာ ကျွန်တော်တို့ ထုတ်လုပ်နိုင်တဲ့ဟာ ဘာရှိသလဲဆိုတာ ဖော်ထုတ်ရပါတယ်။ လိုအပ်ချက်အရ ကိုယ့်နိုင်ငံမှာ မထုတ်လုပ်နိုင်တဲ့ ကုန်စည်တွေကို ဘယ်လိုနေရာမျိုးတွေကနေ ရနိုင်မလဲဆိုတာ ရှာဖွေရပါတယ်။ တစ်ဆင့်ခံကုန်သွယ်မှုလို ၊ Re-export လို သယ်ဆောင်ပြီးတော့ ဈေးကွက်ရှိတဲ့နိုင်ငံကို ဘယ်လိုနည်းနဲ့ ပို့လို့ရနိုင်မလဲ ဆိုတာ စဉ်းစားရပါတယ်။ နောက်တစ်ခုက ဒီလိုဈေးကွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ကျွန်တော်တို့ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေ လွယ်လွယ်ကူကူရောင်းချနိုင်အောင် ကုန်သွယ်မှု စေ့စပ် ညှိနှိုင်းမှုတွေလည်း ဆောင်ရွက်ရပါတယ်။

 

လက်ရှိကျွန်တော်တို့ နိုင်ငံရဲ့ကုန်သွယ်မှုဟာ ပုဂ္ဂလိကကဏ္ဍက အဓိက မောင်းနှင်မှု ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့ ဘယ်လိုလုပ်မလဲ ဆိုတာကိုလည်း စဉ်းစားဆောင်ရွက်ရပါတယ်။ ဈေးကွက်ရှာဖွေတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုအကြားမှာရှိနေတဲ့အတွက် ဈေးကွက် အကြီးကြီး ဖြစ်နေပါတယ်။ ဈေးကွက်ကြီးတွေရဲ့ လိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းမလဲ စဉ်းစားတဲ့အခါ နိုင်ငံထဲမှာ ရှိနေတဲ့ ကုန်ထုတ်လုပ်မှုကနေပြီးတော့ လယ်ယာထွက်ကုန် လိုဟာမျိုး တင်ပို့နိုင်မှုမျိုးတွေ ဆောင်ရွက်ရသလို တစ်ဖက်မှာလည်း ဈေးကွက်ရှိတဲ့ သကြား တို့ စက်သုံးဆီတို့လို ကုန်စည်တွေကို Re-export စနစ်နဲ့ တင်ပို့နိုင်ဖို့အတွက် ဆောင်ရွက် ပါတယ်။

 

ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရာမှာ ကျွန်တော်တို့ရဲ့ စီးပွားရေးသံမှူးများ၊ နိုင်ငံအကြီးအကဲရဲ့ ပြည်ပခရီးစဉ်၊ ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ရဲ့ ခရီးစဉ်တွေအတွင်းမှာ စေ့စပ်ညှိနှိုင်းရတာတွေ ရှိပါတယ်။ ဒါတွေက ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားတွေဖြစ် ပါတယ်။

 

ကုန်သွယ်ရေးရဲ့ အဓိကကတော့ ပုဂ္ဂလိကကဏ္ဍဖြစ်တာမို့ ယင်းကဏ္ဍဖွံ့ဖြိုးဖို့အတွက် ဒုတိယသမ္မတဦးဆောင်ပြီး ဥက္ကဋ္ဌအနေဖြင့် ပါဝင်ဆောင်ရွက်ပြီး ဝန်ကြီးဌာနတွေ၊ အသင်း အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြလို့ အခုလိုကုန်သွယ်မှု မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ဟုတ်ကဲ့ပါခင်ဗျ။ ဆက်လက်ပြီးတော့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က ကုန်သွယ်မှု တိုးတက်ရေးနဲ့ပတ်သက်ပြီး အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်နေတဲ့ အခြေအနေနဲ့ မကြာမီ ကျင်းပမယ့် အာဆီယံ-တရုတ် ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကပါဝင် ပြသမယ့် အကြောင်းတွေကို ပြောပြပေးစေလိုပါ တယ်။

 

ဦးအောင်စိုး။ ။ ကျွန်တော့်ဌာနက Myanmar Trade Promotion Organization မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းတွေစတင်ဆောင်ရွက် ပါတယ်။ နိုင်ငံတိုင်းမှာ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ပေးမယ့် Promote လုပ်ပေးမယ့် အဖွဲ့အစည်းတွေလိုအပ်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ် ၅၀ကျော်၊ ၆၀လောက်ကတည်းက ဖွဲ့လာခဲ့တာပါ။



ဒီမှာတော့ အခုမှ ဒီ Function ကိုအရင်က ညွှန်ကြားရေးမှူးအဆင့်နဲ့ ကိုင်တွယ်ရာကနေ အခုတော့ ညွှန်ကြားရေးမှူးချုပ်အဆင့်ကိုင်တွယ်ပြီး အရှိန်မြှင့်ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။

 

ဌာနရဲ့အဓိကလုပ်ငန်းက စီးပွားရေးတိုးတက်စေဖို့အတွက် ပို့ကုန်ကဦးဆောင်တဲ့ စီးပွားရေးကို သွားမယ်ဆိုပြီး ရည်ရွယ်ပါတယ်။ ဒါကြောင့် ပို့ကုန်မြှင့်တင်ရေးအတွက် အဓိက ရည်မှန်းချက်နှစ်ရပ် ထားရှိပါတယ်။ တကယ်မြှင့်တင်ရာမှာလည်း ဈေးကွက်စီးပွားရေးဖြစ် တာကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုတွေ ပိုမိုတိုးတက်လာအောင် သူတို့ကိုအား ပေးမြှင့်တင်တာနဲ့ ပို့ကုန်တွေဖွံ့ဖြိုးလာဖို့၊ အရည်အသွေးတွေ မြင့်မားဖို့လုပ်ဆောင်ပါတယ်။ အထူးသဖြင့် Made In Myanmar ပေါ့။ မြန်မာပြည်ကထုတ်လုပ်တဲ့ ကုန်စည်တွေ ဖွံ့ဖြိုးလာဖို့ လုပ်ဆောင် ပါတယ်။ ပို့ကုန်ကို စနစ်တကျဖွံ့ဖြိုးအောင် အမျိုးသားပို့ကုန်မဟာ ဗျူဟာကိုရေးဆွဲ အကောင်အထည်ဖော်တယ်။ အဲဒီမှာအဓိကအချက်ကလည်း Export Development ပို့ကုန် ဖွံ့ဖြိုးရေး၊ ဒုတိယက Competitive ယှဉ်ပြိုင်နိုင်ဖို့ပါပဲ။ ပစ္စည်းမရှိရင်ဘယ်လိုမှ ယှဉ်ပြိုင်လို့ မရပါဘူး။ ဒီနှစ်ခုကို အလေးပေးရပါတယ်။

 

ဘယ်လိုပို့ကုန်တွေ တင်ပို့မလဲဆိုတာ ရွေးချယ်ရပါတယ်။ ပို့ကုန်ရွေးချယ်ရာမှာလည်း Sector တွေ ခွဲခြားထားပါတယ်။ ဥပမာပြောရရင် မပါမဖြစ်တဲ့ Traditional Export ဖြစ်တဲ့ ဆန်က အဓိကဖြစ်ပါတယ်။ မဟာဗျူဟာကို စတင်ရေးဆွဲတာက ၂၀၁၃ ကတည်းကပါ။ ၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ငါးနှစ်စီမံကိန်းဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ပြီးဆုံးမှာပါ။ စီမံကိန်းကာလအတွင်း ဆန်တင်ပို့မှုဟာဆိုရင် သိသိသာသာ တက် လာပါတယ်။ ပုဂ္ဂလိက၊ အစိုးရ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့လို့သာ အခုလိုမြင့်တက် ရတာဖြစ်ပါတယ်။ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်တောထွက်ကုန်နဲ့ ရာဘာ၊ အထည်ချုပ် စတာ တွေဆိုလည်း တင်ပို့မှု သိသိသာသာ မြင့်တက်လာပါတယ်။

 

ဒါ့အပြင် ပို့ကုန်တွေကို အားပေးတဲ့အရာတွေဖြစ်တဲ့ Supporting Industry တွေလည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ Financing ပါပဲ။ သူတို့က ချေးငွေတွေ ရရှိဖို့ လိုအပ် တယ်။ ဒါကြောင့် Access to Finance ကိုလုပ်တယ်။ Trade Information and Promotion ကို ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့ဆီမှာ အခြေခံအကျဆုံး လိုအပ်ချက်က သတင်း အချက်အလက်ပါပဲ။

 

လိုအပ်တဲ့အချက်အလက်တွေကို ပြည်တွင်းပြည်ပကနေ ရနိုင်သမျှရအောင် စုဆောင်းပေးတယ်။ Promotion ကတော့ ကုန်စည်ပြပွဲမျိုးတွေလုပ်ပေးတယ်။ နောက်ဆုံး အရေးကြီးတာကတော့ Trade Facilitation and Logistic ကောင်းအောင်၊ လွယ်ကူချော မွေ့အောင် ဆောင်ရွက်ပေးပါတယ်။ ဒါကလည်း အလွန်ကျယ်ပြန့်ပါတယ်။ အခြေခံ အဆောက်အအုံ Infrastructure တွေပါလာတယ်။ နောက်ဆုံးအရေးကြီးတာကတော့ Quality ဖြစ်တဲ့ အရည်အသွေးပါပဲ။

 

ကျွန်တော်တို့မှာ ပစ္စည်းရှိတယ်။ ဈေးကွက်ရှိတယ်ဆိုရင် ရောင်းရင်ကြိုက်အောင် အရည် အသွေးကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Quality Management Sector ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့်ဒီကဏ္ဍတွေဟာ အမျိုးသားပို့ကုန်မဟာဗျူဟာရဲ့ အဓိက အခန်းကဏ္ဍတွေဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပုဂ္ဂလိကကဏ္ဍကလည်း ထပ်ထည့်ပါ ဆိုပြီး တင်ပြလာတဲ့အတွက် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ကို ဖော်ဆောင်ပါတယ်။ အခု ဆိုရင် ဖရဲသီး၊ သရက်သီး၊ ငှက်ပျောသီးစတာတွေအပြင် ထောပတ်သီးကိုပါ တင်ပို့လာရ ပါတယ်။ လက်မှုအနုပညာပစ္စည်းတွေ၊ ကျောက်မျက်ရတနာ အချောထည်တွေကိုလည်း ထည်သွင်းဖို့ဆောင်ရွက်နေပါတယ်။ Trade Policy ကလည်း ခွင့်ပြုပြီးဖြစ်တဲ့အတွက် အရင်က ကျောက်အရိုင်းတွေကိုပဲ တင်ပို့ရာကနေ အခုကုန်ချောကိုပါ တင်ပို့သွားဖို့ရှိပါတယ်။

 

နောက်ထပ် စိုက်ပျိုးရေးသီးနှံတွေကို Value Added ပြုလုပ်ပြီး Agrofood Processing ကဏ္ဍ ထပ်ထည့်ဖို့ရှိတယ်။ ဥပမာဆိုရင် ကော်ဖီ၊ သစ်သီးခြောက်နဲ့ သစ်သီးယိုတွေဖြစ် ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အီးကော့မားစ် e-Commerce နဲ့ပတ်သက်လို့ဖြစ်ပါတယ်။ ဒါကတော့ ထပ်ဖြည့်ရမယ့် အရာတွေပေါ့။ ကုန်သွယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး သတင်း အချက်အလက်တွေကို ဖလှယ်ဖို့ ပြည်တွင်းမှာ ဆိုရင် Trade Center တွေရှိပြီး ပြည်ပမှာဆိုရင် စီးပွားရေး သံအရာရှိတွေက သတင်းဖြန့်ဖြူးရေး၊ ဈေးကွက်မြှင့်တင်ရေး တွေကိုလုပ်ဆောင်ပေးကြပါတယ်။

 

ကုန်စည်ပြပွဲဆိုတာကလည်း ပို့ကုန်မြှင့်တင်ရေးရဲ့ အဓိက Activity တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က ပို့ကုန်မြှင့်တင်ဖို့ မြန်မာလုပ်ငန်းရှင်တွေအတွက် ပြည်တွငး်ပြည်ပ ကုန်စည်ပြပွဲ တွေ ကျင်းပပေးပါတယ်။ အားလုံးပါဝင်အောင်လည်း ကူညီပေးတယ်။ အရင်က တစ်လနေလို့ တစ်ပွဲ တောင်မရှိခဲ့ပါဘူး။

 

အခုနောက်ပိုင်းမှာ ပြပွဲကျင်းပမယ့် ခန်းမတွေ ရက်ရဖို့တောင် ခက်ခဲတဲ့ အထိ ကုန်စည်ပြပွဲတွေကို မကြာခဏ ကျင်းပပေးလျက်ရှိပါတယ်။ ဒါကြောင့် မကြာမီမှာပဲ နိုင်ငံတကာအဆင့်မီ ကုန်စည် ပြပွဲတွေ ကျင်းပနိုင်တဲ့ ခန်းမကျယ်ကြီးတစ်ခုကို တည်ဆောက် ဖို့အတွက် စီစဉ်နေပါတယ်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ လက်ခံကျင်းပတဲ့ အာဆီယံ-တရုတ်ကုန်စည်ပြပွဲက နှစ်တိုင်းကျင်းပပါတယ်။ အခုက ၁၅ကြိမ်မြောက်ကျင်းပမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံကလည်း နှစ်စဉ်နှစ်တိုင်း သွားရောက်ပြသပါတယ်။ ဒီနှစ်မှာ ပြခန်း ၁၆၅ခုအထိ ပြသသွားဖို့ရှိပါတယ်။ လုပ်ငန်းရှင်တွေကိုလည်း နှစ်တိုင်းဖိတ်ခေါ်ပြီး လိုအပ်ရင်လေယာဉ်စင်းလုံးငှားပြီး သွားလာရေး အတွက် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒီနှစ်မှာ အမျိုးသားပြခန်းဆောင် အနေနဲ့က ကရင်ပြည်နယ်ဘားအံမြို့ရဲ့ သာယာလှပမှုကို ပြသသွားမှာဖြစ်ပါတယ်။ အခြားသော ပြည်တွင်း ပြည်ပကုန်စည် ပြပွဲတွေကိုလည်း စီစဉ်ချိတ်ဆက်ပြီး သွားရောက်ပြသလျက် ရှိပါတယ်။ မကြာမီမှာ ရှန်ဟိုင်း၊ ပေကျင်းနဲ့ ဥရောပဒေသတွေအထိ သွားရောက် ပြသဖို့တွေ လည်းရှိပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းပြည်ပ ဘယ်မှာပဲ ဖြစ်ဖြစ် ကုန်စည်ပြပွဲတွေ ပြသချင်တယ် ဆိုရင် စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်။)

စီးပွားရေးစကားဝိုင်းဆွေးနွေး

(ယမန်နေ့မှ အဆက်)

အစီအစဉ်မှူး။ ။ဒီနှစ်က ဝါထပ်တဲ့နှစ်ဖြစ်သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း ရေကြီး ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် ဧက ၇ သိန်းရေလွှမ်းခဲ့ပြီး ဧက ၃ သိန်း ပျက်စီးတယ်လို့သိရပါတယ်။ ဒီလိုထိခိုက်ပျက်စီးမှုတွေဟာ လက်ရှိဆန်ထုတ်လုပ်မှုကို ထိခိုက်စေပါသလား။ မြန်မာနိုင်ငံရဲ့ ဒီနှစ်ဆန်တင်ပို့မှု အလားအလာနဲ့ ဈေးနှုန်းအခြေ အနေကို လည်း ကိုနေလင်းဇင်က ရှင်းပြပေးစေလိုပါတယ်။

 

 

ဦးနေလင်းဇင်။ ။ ရေကြီးနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပုံမှန်ဆိုရင်တော့ ဝါထပ်တဲ့နှစ်တွေဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ ရေကြီးရေလျှံလေ့ရှိတာကြာပါပြီ။ မိုးများတဲ့နှစ် တွေမှာ မိုးဦးကျကာလ ရေနစ်မြှုပ်မှုက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ခုနှစ်တုန်းက လောက်တော့ အခုအချိန်အထိ မဆိုးရွားသေးဘူးလို့ထင်ပါတယ်။ အဲဒီတုန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုမှာ ၁၃ ခုအထိ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပါတယ်။ ဆန်တင်ပို့မှုကိုပြောရရင် တန်ချိန် ၁ သန်းနီးပါးအထိ ကျဆင်းသွားခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။

 

ဒီနှစ်မှာတော့ လက်ရှိမှာမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ရေကြီးခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ စိုက်ပျိုးဧက ၉သိန်း လောက် ရေနစ်မြုပ်ခဲ့တယ်။ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဧရိယာ ၁သိန်း ကျော်ရှိပါတယ်။ မွန်ပြည်နယ်မှာတော့ ရေလွှမ်းမှုကိုခံစားရတဲ့ စိ်ုက်ပျိုးမြေဧက ၅၆၀ဝ၀ ရှိ ပါတယ်။ အဲဒီထဲမှာမှ ပျက်စီးဆုံးရှုံးမှု ဧက ၁၆၀ဝ၀ နီးပါးရှိပါတယ်။ ကရင်ပြည်နယ်မှာ စိုက်ပျိုးမြေ ဧက ၁၂၀ဝ၀ ရေနစ်မြုပ်ခဲ့ပြီး ဧက ၁၅၀ဝ၀ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

လက်ရှိ ရေကြီးရေလျှံတဲ့ကာလမှာ စိုက်ပျိုးဧက ၁ သိန်းခွဲကနေ ၂ သိန်းကြား ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ဆန်အထွက်နှုန်းဆုံးရှုံးမှုက တန်ချိန် ၁ ဒသမ ၂သိန်း လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထိခိုက်မှုတွင် တန်ချိန်ကို တွက်ကြည့်ရတဲ့အခါ မနှစ်ကဆန် ထုတ်လုပ်မှုက တန်ချိန် ၁၄ သန်းရှိပါတယ်။ ဒါကြောင့် အခု ထိခိုက်ဆုံးရှုံးမှုက မနှစ်က အထွက်နှုန်းနဲ့ တွက်မယ်ဆိုရင် ၁ရာခိုင်နှုန်းမပြည့်ပါဘူး။ လက်ရှိမှာ ရေကြီးနစ်မြုပ်မှု ကြောင့်တော့ အများကြီး ဆုံးရှုံးတယ်လို့ ပြောလို့တော့ သိပ်မရပါဘူး။

 

ရေကြီးတယ်ဆိုရင် ဆန်ဈေးက တက်လေ့တက်ထရှိပါတယ်။ ဒီနှစ်မှာတော့ ဆန်ဈေးက ရေကြီးလို့တက်တယ်ဆိုတာ သိပ်တော့မတွေ့ရပါဘူး။ ဆန်ဈေးတက်တယ် ဆိုတဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတို့လို အမျိုးအစားတွေက ပြီးခဲ့တဲ့တစ်လကျော်လောက်ကတည်းက အနည်းငယ်တက်နေတာပါ။ ပေါ်ကျွဲအမျိုးအစားလည်း ဈေးတက်ပါတယ်။

 

ဧည့်မထလို့ အများခေါ်ကြတဲ့ စားဆန်ရယ်၊ တရုတ်နယ်စပ်ကနေ ကုန်သွယ်ရေး သွားတဲ့ ဆန်ရယ်၊ ပြည်ပကိုရေကြောင်းကနေတင်ပို့တဲ့ ဆန်တွေကတော့ လက်ရှိမှာဈေး ကွက် အတွင်းမှာလည်း အရောင်း သွက်လက်မှု မရှိတဲ့အတွက် လက်ကျန်တွေရှိနေပါသေး တယ်။ ဒါကြောင့် ဈေးငြိမ်နေပါတယ်။ ဈေးနှုန်းမတက်ပါဘူး။ လက်ရှိအခြေအနေအရတော့ ရေကြီးမှုကြောင့် ဆန်ဈေးနှုန်းတွေ တက်တာ၊ မလုံလောက်ဖြစ်တာမျိုးမရှိနိုင်ပါဘူး။



ဆန်တင်ပို့မှုကို ကြည့်တဲ့အခါမှာတော့ မနှစ်က အားလုံးသိကြတဲ့အတိုင်း ပြည်ပကို ဆန်တင် ပို့မှုဟာ များပြားခဲ့ပြီး တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးအထိ တင်ပို့ခဲ့လို့ နိုင်ငံတော် အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အမေရိကန် ဒေါ်လာငွေကြေးက မြင့်မားလာခဲ့ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် တို့ကို ပြန်ကြည့်တဲ့အခါ သူတို့ဆန်ဈေးက တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀ လောက် ကျဆင်းသွားပါတယ်။ ပြည်တွင်းကလည်း အဲဒီဈေးနဲ့ နှိုင်းယှဉ်ရောင်းနိုင်ဖို့တော့ အခက်အခဲ တွေရှိပါတယ်။ ဒါကြောင့် လာမယ့်ကာလအတွင်း တင်ပို့မှုမှာ ပြီးခဲ့တဲ့နှစ် ကာလတူကို မီမယ်လို့မထင်ပါဘူး။ အများဆုံး ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်း ကနေ ၂ သန်းခွဲအကြားပဲ တင်ပို့နိုင်မယ့် အနေအထားကို မြင်တွေ့ရပါတယ်။ နောက်တစ်ချက်က ဒီကာလမှာ ပြည်ပ ဆန်တင်ပို့မှုက တစ်လကို တန်ချိန် ၂ သိန်းအောက်ပဲ တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။

 

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ အခြေခံစားကုန်တွေရော ဈေးနှုန်းတွေ မြင့်တက်နေပါ သလား။ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့လက်ရှိအခြေအနေအပေါ် အခြေခံပြီး ကုန်စည်စီးဆင်းမှု အခြေအနေတွေကိုလည်း ဆွေးနွေးပေးပါဦး။

 

ဦးခင်ဟန်။ ။ စားသောက်ကုန်ပစ္စည်းအခြေခံစားကုန်တွေအားလုံးရဲ့ တကယ့်အသက် သွေးကြောက ဘုရင့်နောင်ကုန်စည်ဒိုင်ပဲဖြစ်ပါတယ်။ ကုန်စည်ဈေးနှုန်းတွေအကြောင်း မပြောပြခင် ဘုရင့်နောင်ရဲ့ လက်ရှိအခြေအနေလေးကို ပြည်သူတွေသိထားဖို့လိုအပ်ပါ တယ်။ ဘုရင့်နောင်ပွဲရုံနယ်မြေက ဧက ၁၀ဝ နီးပါးကျယ်ဝန်းပြီး ပွဲရုံပေါင်း ၁၂၀ဝ ကျော်ရှိ ပါတယ်။ အဲဒီအထဲမှာ ငပိငခြောက်ပွဲရုံပေါင်း ၁၅၀၊ ဆန်ပွဲရုံ ၂၀ဝနဲ့ အခြားကုန် ခြောက်ပွဲရုံပေါင်း ၅၀ဝ နီးပါးရှိပါတယ်။ ကုန်ပစ္စည်းသိုလှောင်ရုံ ၂၀ဝ လောက်ရှိပါတယ်။ နေ့စဉ်ကုန်ကားပေါင်း ၈၀ဝ ကနေ ၁၂၀ဝ အကြားဝင်ထွက်ကုန်စည် သယ်ယူနေကြပြီး ဈေးဝယ်တဲ့ကား၊ ခေါက်တိုကားတွေနဲ့ လုပ်ငန်းရှင် တွေရဲ့ကားတွေ စုစုပေါင်း ကားအစီး ၄၀ဝ၀ လောက်ရှိပြီး နေ့စဉ် လှုပ်ရှားနေကြတဲ့ အလုပ်သမားအပါအဝင် လူပေါင်းက ၅ သောင်းကျော် ရှိပါတယ်။

 

ကုန်စည်ရောင်းဝယ်တတ်ကြတဲ့ အချိန်တွေကလည်း ကုန်စည်အမျိုးအစားအလိုက် မတူညီကြပါဘူး။ ဥပမာပြောရရင် ငါးခြောက်ပွဲရုံတွေဆီကို နံနက်အာရုဏ်ကနေနံနက် ၁၁ နာရီလောက်အထိ လူစည်ကားနေတတ်ပြီး ကြက်သွန်၊ အာလူးစတာတွေက တစ်နေကုန် ရောင်းကြပါတယ်။ ကုန်ခြောက်အများစုကို စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီး ဘက်နေ အများဆုံးလာဝယ်ကြပါတယ်။ ကြက်သွန်နီ အစီး ၃၀ ကနေ ၃၅စီး၊ အာလူးဆိုရင် ၁၀စီးကနေ ၁၂စီး၊ ကြက်သွန်ဖြူတောင်ကြီး ပခုက္ကူအဝင်ဝက အိတ်ရေ ၂၀ဝ၀ နဲ့ ၃၀ဝ၀ အကြားနေ့စဉ် ဝင်ရောက်ပါတယ်။ ဈေးနှုန်းတွေက လစာတွေတိုးပေးလိုက်တဲ့အတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်တယ်လို့ အများစုက ပြောနေကြတယ်။ ကျွန်တော်ကတော့ ဒါကိုတိုက်ရိုက်အချိုးကျတယ်လို့မထင်ဘူး။ အခုလက်ရှိ ဈေးနှုန်းတွေက လစာမတက်ခင်ဈေးနှုန်းထက် ငြုပ်သီး တစ်ခုကလွဲရင် အကုန် ဈေး ကျနေပါတယ်။ အခြေခံ စားကုန်တွေ အားလုံးနီးပါးဈေးနှုန်းတွေ ကျဆင်းနေတာပါ။



ကျွန်တော်တို့ဆီမှာနေ့စဉ် ဈေးနှုန်းတွေ ထုတ်ပြန်ပေးနေပါတယ်။ ကြက်သွန်နီ ဈေးဟာ ပြီးခဲ့တဲ့နှစ်က ဈေးအလွန်ကောင်းခဲ့တယ်။ နိုင်ငံခြားကိုလည်း တင်ပို့ရတယ်။ ရာသီဥတုကြောင့် အသစ်ပေါ်ရမယ့်အချိန်နဲ့ အဟောင်းကျန်ရမယ့်အချိန်မှာ ပစ္စည်းကပြတ် သွားတဲ့ အတွက် ဈေးကတစ်ပိဿာကို ငွေကျပ် ၃၀ဝ၀ ကျော်သွားတယ်။ ဒီနှစ်ကျတော့ တောင်သူ တွေကလည်း တိုးပြီးစိုက်တယ်။ အရောင်းအဝယ်က ထင်သလောက်မကောင်း ဘူး။ အခု စကားဝိုင်းကျင်းပတဲ့ သြဂုတ်လ ၉ ရက်နေ့မှာဆိုရင် ကျွန်တော့်ပွဲရုံကို အိတ် ၁၀ဝ ကျော်ပဲ ရောက်တယ်။ ဘုရင့်နောင်တစ်ခုလုံးကို အစီးရေ ၃၀ ကျော်ပဲ ရောက်တယ်။ ရောင်းလို့မရဘူး။ တစ်ပိဿာကို ငွေကျပ် ၄၇၅ ကနေ ၆၀ဝပဲရှိတယ်။

 

ကြက်သွန်ဖြူ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီအချိန်က တစ်ပိဿာကို ငွေကျပ် ၁၅၀ဝ ကနေ ၃၀ဝ၀ပဲရှိတယ်။ အခုတစ်ပိဿာကို ငွေကျပ် ၆၀ဝ ကနေ ၁၂၀ဝကြားဖြစ်လာတယ်။ စားအုံးဆီဆိုရင်လည်း အမေရိကန် ဒေါ်လာဈေးမြင့် လာလို့ ဧပြီလ ယခုရက်မှာ တစ်ပိဿာကို ငွေကျပ် ၁၅၇၀ နှုန်းလောက်ကနေ ယနေ့ ၁၈၅၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်စည်စီးဆင်းမှုကိုကြည့်ပြီး တစ်နိုင်ငံလုံးရဲ့ အခြေခံ စား ကုန်ဈေးနှုန်းကို တွက်ဆနိုင်ပါတယ်။ မြို့ကြီးအများစုမှာ ကုန်စည်ဒိုင်တွေ ၁၅ခုလောက် ရှိပါတယ်။ အားလုံးက ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းအပြောင်းအလဲကို စောင့်ကြည့်ရ ပါတယ်။ ဥပမာအားဖြင့် ပဲဈေးကွက်မှာ နယ်စုံပဲ ထွက်ပေမယ့် နိုင်ငံခြားကိုတင်ပို့တဲ့ ပဲအားလုံးရဲ့ သုံးပုံနှစ်ပုံက ဘုရင့်နောင်မှာပဲအရောင်းအဝယ်လုပ်တာပါ။ ဈေးနှုန်းတွေကို ကျွန်တော်တို့ဆီမှာ မနက်ပိုင်းဖြတ်ပေမယ့် နေ့လည် ၁၂ နာရီမကျော်မီ အားလုံးဈေးတွေ လာရောက်ပေးထားရပါတယ်။ ကျွန်တော်တို့က နေ့စဉ် အသင်းရုံးရဲ့ Digital Board မှာ ဖော်ပြပေးသလို စာစောင်တွေ၊ ရေဒီယိုတွေနဲ့ ရုပ်သံတွေကိုလည်းပေးပို့ပါတယ်။ အခြားနေ ရာ တွေကတော့ ပွဲရုံဈေး မဟုတ်ဘဲ လက်ကားဈေးဆိုတော့ စားကုန်တွေ ဈေးအနည်းငယ် များချင်များပါလိမ့်မယ်။

 

ကျွန်တော့်သဘောကတော့ မိသားစုများတဲ့ အိမ်ထောင်စုတွေဟာ ကျွန်တော်တို့ ဘုရင်နောင် ကုန်စည်ဒိုင်က ကံ့ကော်လမ်းမကြီးပေါ်က ဆိုင်တွေမှာလာရောက်ဝယ် ထားကြမယ် ဆိုရင် အပြင်နဲ့ဘာမှမဆိုင်တဲ့ ပွဲရုံဈေးထက် တစ်ပိဿာကို ငွေကျပ် ၅၀ ကနေ ၁၀ဝ အကြား လောက်ပဲ ပိုပေးရတဲ့ဈေးနဲ့ ဝယ်ယူနိုင်ပါတယ်။ ဥပမာပြောရရင် အာလူး တစ်ပိဿာကို ပွဲရုံဈေးငွေကျပ် ၅၉၀ဝ ဆိုရင် ကံ့ကော်လမ်းမှာ အာလူးတစ်ပိဿာကို ငွေကျပ် ၆၀ဝ၀ ပဲ ကုန်ကျမှာဖြစ်ပါတယ်။ ယာဉ်အဝင်အထွက်လွယ်ကူအောင်လည်း နေ့စဉ် ယာဉ်ရှင်းလုပ်သား ၄၀ နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ပိတ်ရက်တွေမှတစ်ပါး အဆင်ပြေ မယ်လို့ထင်ပါတယ်။ ကြက်သွန်နီဆိုရင် တစ်ပိဿာကို အများဆုံးမှ ၆၅၀ ကျပ်၊ ကြက်သွန်ဖြူဆို အများဆုံးမှ တစ်ပိဿာ ၁၅၀ဝ ကျပ်စသည်ဖြင့် အပြင်ဈေးနှုန်း ထက်သက်သာတဲ့အတွက် လာရောက် လေ့လာပါလို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။

 

အစီအစဉ်မှူး။ ။ကုန်သွယ်မှုဖြေလျော့ပေးတာအဖြစ် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ငန်းတွေကို လက်လီလက်ကားရောင်းဝယ်ခွင့်ပေးခဲ့ပါတယ်ခင်ဗျ။ ဒါနဲ့ ပတ်သက်ပြီး တော့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ တုန့်ပြန်မှုကရော ဘယ်လိုဖြစ်လဲဆိုတာနဲ့ ဒီလိုလုပ်ပိုင်ခွင့်ပေး လိုက်တာက မြန်မာနိုင်ငံကိုရော ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်သလဲဆိုတာကို ဆွေးနွေး ပေးပါဦး။

 

ဦးရန်နိုင်ထွန်း။ ။ ကျွန်တော်တို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှုဖြေလျော့ရေးနဲ့ ကုန်သွယ်မှုလွယ်ကူစေရေးကို အဓိကထားဆောင်ရွက်ပေးနေ တာပါ။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့အညီ စနစ်တကျလုပ်ရ ပါတယ်။ Wholesales Retail ကို နိုင်ငံခြားကုမ္ပဏီတွေကို ခွင့်ပြုပေးတဲ့ကိစ္စကို ၂၀၁၃ခုနှစ် ကတည်းက စတင်ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံက WTO အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်WTO နဲ့ အာဆီယံက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ အဆင့်လိုက်လိုက်ပါ ဆောင်ရွက်ရပါတယ်။

 

ဒါကြောင့် နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ ဒေသတွင်းစီးပွားရေးအဖွဲ့အစည်းတွေနဲ့ inline ဖြစ်ဖို့ စဉ်းစားကြရပါတယ်။ ဒီအပေါ်မှာ Wholesale Retail လိုမျိုး၊ နိုင်ငံတကာ Shopping Mall လိုမျိုးတွေ ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် စဉ်းစားဆောင်ရွက်ပါတယ်။ ၂၀၁၃ ကတည်းက သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာမှာ နောက်ဆုံးအတည်ပြုချက်ရရှိခဲ့ပါတယ်။ ဒီပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အတည်ပြုချက်ရယူလို့ ၂၀၁၈ မေမှာ ထုတ်ပြန် နိုင်ခဲ့ပါတယ်။

 

ဇူလိုင်လ ၃၀ရက်မှာ နိုင်ငံခြားကုမ္ပဏီတွေရော ပြည်တွင်းကုမ္ပဏီတွေရောကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ခေါ်ယူညှိနှိုင်းရှင်းလင်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က နိုင်ငံ တကာ က Shopping Mall ကြီးတွေလာရောက်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်တွင်းအလုပ် အကိုင်အခွင့် အလမ်းတွေ ပေါများလာမယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာမယ်၊ ကျွန်တော်တို့ဆီမှာ ဝယ်ယူစားသုံးနေရတဲ့ ပစ္စည်းတွေက နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်း တွေဖြစ်ဖို့နဲ့ နိုင်ငံတကာမှာ ပေါက်နေတဲ့ ဈေးနှုန်းအတိုင်း လွယ်လွယ်ကူကူ ဝယ်ယုူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

 

နောက် တစ်ခုက ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို Value Added ထုတ်လုပ်ပြီး တော့ ဒီလိုShopping Mall တွေမှာတင်မယ်။ 



ဒါကို နိုင်ငံတကာဈေးကွက်အထိ တင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ Shopping Mall တွေမှာလည်း ကိုယ့်နိုင်ငံကထုတ်တဲ့ Value Added လုပ်ထားတဲ့ ကုန်စည်တွေကို အဓိကဦးစားပေးပြီး ရောင်းချသွားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ Fair Competition ပေါ့။ နိုင်ငံထဲ မှာပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ မျှတစွာ ယှဉ်ပြိုင်ရောင်း ချဖို့အတွက်ပါ။

 

ကျွန်တော်တို့ဒီလိုလုပ်ဆောင်မယ်လို့ အသိပေးလိုက်တဲ့အတွက် ဂျပန်သတင်းစာတွေ ဆိုရင် ခေါင်းကြီးပိုင်းကနေ ရေးသားဖော်ပြကြပါတယ်။ ဒီအပေါ်မှာ အလွန်လိုလားကြောင်း ကိုလည်း ပြသပါတယ်။ အလားတူပဲ အဲဒီနေ့မှာ အမေရိကန်ရဲ့ Chamber of Commerce က ကျွန်တော်တို့ ဌာနနဲ့တွေ့ဆုံပြီး လိုလားထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအပေါ်သိ လိုတဲ့ အချက် တွေကို သူတို့ကမေးမြန်းပြီး ဘယ်လိုပူးပေါင်းဆောင် ရွက်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ပါ တယ်။ ၂၀၁၆ခုနှစ်ကလည်း ဂျာမန်က လုပ်ငန်းစုတစ်ခုလာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို သူတို့ နည်းပညာနဲ့ ပေါင်းစပ်ပြီး Wholesale နဲ့ Redial ရောင်းချဖို့အတွက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလည်း တရားဝင် လာရောက်ဆွေးနွေးခဲ့ပြီး မြန်မာ ထုတ်ကုန်တွေကိုပြည် တွင်းမှာထုတ်ပြီး ပို့ကုန်ပြန် လုပ်မယ်ဆိုပြီးတော့ ဆွေးနွေးပါတယ်။ (ဆက်လက်ဖော်ပြပါမည်။)

 

စီးပွားရေးစကားဝိုင်းဆွေးနွေး

(ယမန်နေ့မှ အဆက်)

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ ဆက်လက်ပြီးတော့ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ်ကနေပြီး အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း အဝေးကို မကြာခင်ကကျင်းပခဲ့တဲ့အကြောင်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး တော့ရော ဘယ်လိုထူးခြားချက်တွေရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးစေလို ပါတယ်။

 

ဦးအောင်စိုး။ ။ ကျွန်တော်တို့ဆီမှာ အထူးစီးပွားရေးဇုန်ဥပဒေရှိပြီး ၂၀၁၄ခုနှစ်မှာ ပြန်လည် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကို ဒုတိယသမ္မတ ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ကျွန်တော်တို့ဆီမှာ အထူးစီးပွားရေးဇုန် ၃ခု ရှိပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွေ ဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်ကတော့ လည်ပတ်တဲ့အဆင့် ဖြစ်ပြီး ထားဝယ်နဲ့ ကျောက်ဖြူဇုန်တွေကတော့ ဖော်ဆောင်ဆဲအဆင့်ဖြစ်ပါတယ်။ ထားဝယ် ဇုန် ဆိုရင် အချို့စာချုပ်တွေချုပ်ဆိုထားတာ ရှိပါတယ်။ ထားဝယ်က ထိုင်းနိုင်ငံနဲ့ နီးစပ်တော့ ဇုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ထီးခီးအထိ လမ်းဖောက်လုပ်မယ့်လုပ်ငန်းတွေ စလုပ်သွားဖို့ ရှိပါ တယ်။ ထိုင်းနိုင်ငံကနေ လမ်းတည်ဆောက်ဖို့ ချေးငွေရယူဖို့အစီအစဉ်တွေလည်း ရှိပါ တယ်။ လမ်းပြီးသွားရင် ဇုန်ရော၊ တနင်္သာရီဒေသပါ ဖွံ့ဖြိုးလာမှာဖြစ်တယ်လို့ ယုံကြည်ပါ တယ်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကတော့ တရုတ်နိုင်ငံနဲ့ လမ်းကြောင်းသင့်တယ်လို့ ပြောနိုင်ပါ တယ်။ အိန္ဒိယနဲ့လည်း နီးစပ်ပါတယ်။ အာဆီယံနဲ့လည်း ဆက်သွယ်လို့ရတဲ့ စင်္ကြ ဖြစ်တာ ကြောင့် အလားအလာကောင်းတဲ့ ဇုန်တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကပို့ကုန် မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်နေတဲ့အခါမှာ ဒေသအစဉ်အလာအရ ပို့ကုန် တွေတင်ပို့တာအပြင် စက်မှုထုတ်ကုန်တွေ တိုးတက်ထုတ်လုပ်နိုင်အောင် အထူးစီးပွားရေး ဇုန်တွေကို တည်ဆောက် ပေးရတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ အခြေခံအဆောက် အအုံတွေကို မတည်ဆောက်ပေးနိုင်သေးတဲ့အတွက် အခုလိုတစ်နေရာတည်းမှာ လိုအပ်တဲ့ အခြေခံအဆာက်အအုံ ရေ၊ မီး စတာတွေ ဖြည့်ဆည်းပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါကလည်း Export-led Growth ဖြစ်ပြီး ရေရှည်စီမံကိန်းတစ်ခုဖြစ်ပါတယ်။

 

အခုအချိန်မှာ ကျောက်ဖြူဇုန်ရဲ့အဆင့်က နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူ ထားခဲ့ပြီး အောင်မြင်တဲ့ ကုမ္ပဏီနဲ့ ကျွန်တော်တို့ဘက်က ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုကော်မတီ တို့ ပူးပေါင်းပြီး ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှာပါ။ စီမံခန့်ခွဲမှုကော်မတီမှာတော့ ဒုတိယဝန်ကြီး ဦးဆက်အောင်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒေါက်တာစိုးဝင်းကလည်း ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပါတယ်။ ကျောက်ဖြူဇုန်မှာ လုပ်ငန်းတွေဆက်လက်လုပ်ကိုင်ဖို့ မူဘောင် သဘောတူညီ ချက်တွေကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ နှစ်ပိုင်းပါဝင်ပြီး တစ်ခုကတော့ Deep Sea Port ရေနက် ဆိပ်ကမ်းဖြစ်ပြီး နောက်တစ်ခုကတော့ စက်မှုဇုန်အပိုင်းဖြစ်ပါတယ်။ ရေနက်ဆိပ် ကမ်း အတွက် မူဘောင်သဘောတူညီမှု Framework Agreement ကို ဆွေးနွေးခဲ့ကြတာ ပြီးစီးသလောက် ဖြစ်နေပါပြီ။ ကျောက်ဖြူဒေသဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေမယ့် အပြင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အကျိုးကျေးဇူးများ စေမှာပါ။ မူဘောင် သဘောတူညီချက်တွေ ရလာမယ်ဆိုရင်တော့ လုပ်ငန်းအပ်နှံတဲ့ သဘောတူစာချုပ်တွေ ချုပ်သွားမှာပါ။ ကျောက်ဖြူဇုန်ဟာ တရုတ်နိုင်ငံရဲ့ OBOR နဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် ဆိပ်ကမ်းပြီးသွားရင်များစွာအကျိုးရှိမယ်လို့ ယူဆရပါတယ်။

 

အချို့က စိုးရိမ်ပူပန်ကြပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာတန်ဖိုးကြီးတယ်။ အကြွေး များတယ် ဆိုတာလည်းမဟုတ်ပါဘူး။ အဆင့်လိုက်အဆင့်လိုက် တည်ဆောက် သွားမှာဖြစ်ပြီး လိုသလောက်ပဲ ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ အဆင့်တစ်ခု အောင်မြင်မှသာ နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာဖြစ်ပြီး မလိုအပ်ဘဲနဲ့ နိုင်ငံကိုဝန်ထုပ်ဝန်ပိုးကြီး ပိအောင် မဖြစ်ဖို့အတွက် သေသေချာချာ စိစစ်ညှိနှိုုင်းဆောင်ရွက်နေသလို စီမံခန့်ခွဲမှု ကော်မတီ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ အားလုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ရခိုင်တိုင်းရင်းသား အများစုပါဝင်တဲ့ ကုမ္ပဏီတစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်လို့ အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်မှာ လည်းဖြစ်ပါတယ်။ ဒါကြောင့် အများစိုးရိမ် သလို အကြွေးဝန်ထုပ်ပိမယ့် လုပ်ငန်းကြီးမဟုတ် ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း စီးပွားရေးမှာ ကိုယ်လည်းအကျိုးရှိ၊ စီးပွားရေးလည်း လုပ်ကိုင်နိုင် အောင်ပြင်ဆင်နေ ပါတယ်။ ပြီးရင်တော့ EIA တို့ SIA တို့စတဲ့ ဆန်းစစ်မှုတွေ လုပ်ဆောင်ပြီး လုပ်ငန်း အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ဟုတ်ကဲ့ပါခင်ဗျာ။ အခုဆိုရင် ပရိသတ်အတွက် စီးပွားရေးဆိုင်ရာ အသိပညာတွေ၊ ဗဟုသုတတွေနဲ့ မရှင်းလင်းတဲ့အချက်အလက်တွေအတွက်လည်း အများကြီး သိရှိသွားရပြီလို့လည်းထင်ပါတယ်။ နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့ အကြောင်း အရာတစ်ခုကို ဒုတိယဝန်ကြီးက ပြောကြားစေလိုပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တက်သလား၊ ကျသလားဆိုတာနဲ့ မြန်မာ့စီးပွားရေးယခု ထက်ပိုမိုမြင့်မား အောင် ဘာတွေလုပ်သင့် သလဲဆိုတာကို ပြောပြပေးပါခင်ဗျာ။

 

ဒုတိယဝန်ကြီး။ ။ ဒီမေးခွန်းက Social Media တွေ၊ စာစောင်တွေနဲ့ အသိုင်းအဝိုင်း အတော်များများမှာတွေ့ရတဲ့ ဝိဝါဒကွဲပြားတဲ့ မေးခွန်းဖြစ်ပါတယ်။ အစိုးရကတော့ စီးပွားရေး တက်နေတယ်၊ အောက်ခြေမှာတော့ စီးပွားရေးကျဆင်းနေတယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တမ်းပြန်ကြည့်တဲ့အခါ မကျပါဘူး၊ တိုးတက်နေပါတယ်။

 

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၁၈ခုနှစ် မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မယ်၊ ၂၀၁၉ ခုနှစ်မှာ ၇ ဒသမ ၃ ရာခိုင်နှုန်း အထိ တိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ စီးပွားရေးသဘောတရားအရကတော့ Capital Output Ratio လို့ခေါ်တဲ့ မတည်အရင်းအနှီးထည့်ဝင်ငွေကနေ ကုန်ဘယ်လောက် ထွက်လာ သလဲဆိုတာ အရင်တွက်ရတယ်။ အဲဒီအပေါ် မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိသလဲ အဲဒီနှစ်ခုကို အခြေခံပြီး တွက်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ADBဘဏ်၊ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ ခန့်မှန်းချက်တွေဟာ တစ်ခုနဲ့တစ်ခု အများကြီး မကွာခြားပါဘူး။

 

စိတ်ဝင်စားစရာကောင်းတဲ့အချက်က အဖွဲ့အစည်းတွေတွက်ချက်ပေးကြတဲ့အခါ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၄၀ဝ ဝန်းကျင်လို့ တွက်ချက် အဖြေထုတ်ပါတယ်။ ဒါကတော့ စုစုပေါင်းဂျီဒီပီကို လူဦးရေနဲ့ စားလိုက်တာပါ။ တစ်ဦးချင်း ဝင်ငွေကို တွက်တဲ့ နောက်ထပ်တွက်နည်းတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ phurchasing power parity ဆိုတဲ့ တွက်နည်းပါပဲ။ အဲဒါက ဝယ်နိုင်စွမ်းအားညီမျှတဲ့ တွက်နည်း ဖြစ်ပါတယ်။

 

အဲဒီနည်းနဲ့တွက်တဲ့အခါ ADB ဘဏ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ တွက်တဲ့အခါ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆၀ဝ၀ ဖြစ်နေပါတယ်။ တရားဝင်နှုန်းနဲ့ PPPနဲ့တွက်တဲ့နှုန်းဟာ လေးဆလောက်ကွာနေပါတယ်။ ဒါကို စီးပွားရေးပညာ ရှုထောင့်က ကြည့်မယ်ဆိုရင် အမှန်ဖြစ်နေတာနဲ့ စာရင်းကွာဟမှု ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ဆီမှာ Informal Sector လို့ခေါ်တဲ့ စာရင်း မဝင်တဲ့ ကဏ္ဍဟာ အလွန်ကို ကြီးမားနေပါတယ်။ အချို့စီးပွားရေးလုပ်ငန်းတွေဟာ စာရင်း ထဲမှာ မပါဘူး။ အချို့လုပ်ငန်း တွေဟာ တရားမဝင်လုပ်ကိုင်ရာကနေရတဲ့ ငွေတွေဖြစ် ပါတယ်။ ဂျီဒီပီစာရင်းတွေထဲမှာ မပါတဲ့ ထင်ရှားတဲ့အချက်က မြန်မာနိုင်ငံက အလုပ်သမား တွေ သုံးသန်းကနေ လေးသန်းကြားက ပြည်ပမှာ သွားရောက် အလုပ်လုပ် ကိုင်နေကြပါတယ်။ ဒါပေမယ့် GDP ထဲမှာ သူတို့ကနေ ပြန်လည်ပေး ပို့တဲ့စာရင်းတွေ အပြည့်အဝမပါဘူးလို့ ကျွန်တော်ထင်ပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ GDP တွက်ချက်ပုံ၊ တိုင်းပြည်ဝင်ငွေ တွက်ချက်ပုံဟာ စာရင်းတွေကွာဟမှုရှိနေပါတယ်။ စာရင်းမဝင်တဲ့ ဝင်ငွေတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ကတော့ သုံးသပ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့ တစ်ဦးချင်း ဝင်ငွေ ဟာ အမေရိကန်ဒေါ်လာ ၁၄၀ဝ လောက်လို့ပြောပေမယ့် ဒီထက်ပိုမယ်လို့ ကျွန်တော်ပြော ချင်ပါတယ်။

 

တိုးတက်မှုနှုန်းနဲ့ပတ်သက်လို့က စီးပွားရေးကတိုးတက်နေတယ်။ ဒါပေမယ့် တိုးတက်မှုဟာ အခြားနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို လိုက်မီအောင် တိုးတက်မှုနှုန်းက မြင့်မားရမှာဖြစ်ပါတယ်။ ဒါမှ လိုက်မီမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး တိုးတက်မှုနှုန်း ကိုတော့ မြန်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံ မှု တွေလို ပါတယ်။ ပြည်ပကရရှိတဲ့ ODA ချေးငွေတွေ၊ အထောက်အပံ့တွေ၊ FDI လို့ ခေါ်တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံတာတွေ လိုအပ်ပါတယ်။ အခုဆိုရင် ဖွံ့ဖြိုးမှုမိတ်ဆက် နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်မှာ ဝင်ရောက်ကူညီမယ်ဆိုတာကြား သိရပါတယ်။

 

ဥပမာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က မြန်မာနိုင်ငံမှာ Country Program လို့ခေါ်တဲ့ နိုင်ငံအလိုက်အစီအစဉ်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းကရပ်ဆိုင်းခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ကစပြီး ဆွီဒင်နိုင်ငံရဲ့ ထောက်ပံ့မှု ဒေါ်လာ ၆ ဒသမ ၈သန်းနဲ့ ပြန်စပါမယ်လို့ သိရပါ တယ်။ ၂၀၁၈ကနေ ၂၀၂၂အထိ ကြာရှည်ပါမယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ကလည်း နိုင်ငံ အလိုက် အစီအစဉ်က ၂၀၁၇ခုနှစ်မှစတာပါ။ ၂၀၂၁ ခုနှစ်အထိဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် ဖြစ်ပါတယ်။

 

နောက်တစ်ခုက ကမ္ဘာ့ဘဏ်ကလည်း ငြိမ်းချမ်း၍ သာယာဝပြောသော အသိုက် အဝန်းများ အစီအစဉ်ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ သန်း ၂၅၀ အထိ ထောက်ပံ့မှာဖြစ်ပြီး စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူမှုဝန် ဆောင်မှုတွေ တိုးတက်မှုအတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ပြန်လည်ဂရုစိုက်လာခြင်းက မြန်မာ့ စီးပွားရေးကိုများစွာ အလားအလာကောင်းစေပါတယ်။

 

လက်ရှိမြန်မာ့စီးပွားရေးကို ပြန်ကြည့်မယ်ဆိုရင် အစိုးရသစ်လက်ထက်မှာ စီးပွားရေး တည်ငြိမ်မှု Stabilization ကို အရင်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အလွန် မတက်အောင်၊ ပြည်ပ ငွေးပေးငွေယူ ရှင်းတမ်းမှာ လိုငွေပြတာကို အရမ်းမဖြစ် အောင်နဲ့ ဘတ်ဂျက်လိုငွေကိုလည်း သတ်မှတ်ထားတဲ့ GDP ရဲ့ အချိုးအစားတစ်ခုကိုပဲ လိုငွေကို လက်ခံတဲ့ အခြေအနေမျိုးမှာ လုပ်ခဲ့တာကြောင့် စီးပွားရေးကို တည်ငြိမ်စေခဲ့ပါ တယ်။ ဒါကို Macroeconomic Stability လို့ခေါ်ပါတယ်။

 

အခုအချိန်ကတော့ တည်ငြိမ်မှု ရသွားတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဖို့ အတွက် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ လုပ်ဆောင်ဖို့ ရှိသလို ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ရမှာဖြစ်ပါတယ်။ လာမယ့် ဘတ်ဂျက်ကစပြီး အစိုးရက ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံ အဆောက်အအုံ ထူထောင်ဖို့ကိစ္စတွေမှာ လိုငွေ ပိုများမှာ ဖြစ်ပေမယ့် ဒီလုပ်ငန်းတွေကို လုပ်ကိုင် နိုင်ဖို့ ခွင့်ပြုဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ ပြောချင်တာက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေတက်လာမယ်၊ နိုင်ငံတကာအထောက်အပံ့ တွေ ပိုမိုတိုးတက်ရရှိလာမယ်ဆိုရင် အလားအလာကောင်းတွေဖြစ်လာပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နိုင်ငံတကာ အဖွဲ့အစည်း တွေ မျှော်မှန်းထားတဲ့ အခြေအနေထက်တောင် ပိုလာနိုင်ပါတယ်။

 

အဓိကပြောကြားချင်တာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို ယုံကြည်ပေးပါ။ စီးပွားရေးမှာ ယုံကြည်မှုက များလာတာနဲ့အမျှ လက်ရှိလုပ်နေတဲ့အရှိန်အဟုန်ထက်ကို ပိုမိုပြီး မြင့်မားလာ နိုင်ပါတယ်လို့ ပြောကြားချင်ပါတယ်။

 

ကျေးဇူးတင်ပါတယ်ခင်ဗျာ။