၁၀ ဖေဖော်ဝါရီ
တာလီဘန်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကူဒက်ဇ်ပြည်နယ်ရှိ လေယာဉ်ကွင်းတစ်ကွင်းကို ယမန်နေ့က ဒုံးကျည်များ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထိုပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်ခါလီလီ က ပြောကြားခဲ့သည်။
ထိုစစ်သွေးကြွများသည် မွန်းတည့်ချိန်ခန့်တွင် ကူဒက်ဇ်ပြည်နယ် မြို့တော်ကူဒက်ဇ် အပြင်ဘက်ရှိ လေယာဉ်ကွင်းဆီသို့ ဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ကြောင်းနှင့် အနီးနားရှိ စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်သွေးကြွ ခြောက်ဦးသေဆုံးခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
၎င်းပစ်ခတ်မှုတွင် စစ်သွေးကြွလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ လေဆိပ်တွင် ပျက်စီးဆုံးရှုံးမှု၊သေဆုံးမှု မရှိကြောင်း ခါလီလီက ထပ်မံပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွများက မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


