လွိုင်ကော် အောက်တိုဘာ ၁၁
ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားပြီး ကယားပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန့်ဇင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမှုအခြေအနေများ၊ ပြည်နယ်အတွင်း အတည်ပြုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းအခြေအနေများ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုနှင့် ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေများ၊ ကြိုတင်မဲ၊ မဲစာရင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်အတွင်းရေးမှူးက မြေပြင်ကွင်းဆင်းအဖွဲ့များအား စနစ်တကျဖွဲ့စည်းပြီးဖြစ်၍ စနစ်တကျပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ပြည်သူများသို့ ထိရောက်သောအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးကုသရန် လာရောက်သည့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန်၊ ကျန်းမာရေးပစ္စည်းကိရိယာများ အမြဲအသင့်ဖြစ်စေရေးနှင့် ပျက်စီးမှုဖြစ်ပေါ်ပါက သက်ဆိုင်ရာသို့ ချက်ချင်းတင်ပြရန်၊ ဆေးရုံပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အစဉ်တစိုက် ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


