လွိုင်ကော် ဇန်နဝါရီ ၉

 

ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် ပထမအဆင့်အနေဖြင့် ဆောက်လုပ်ပေးခဲ့သည့် တန်ဖိုးသင့်အိမ်ရာများကို ပြည်သူများထံ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တန်ဖိုးသင့်အိမ်ရာများကို သာမန်အဆောက်အအုံတစ်ခုအဖြစ် ဆောက်လုပ်ပေးခြင်းမဟုတ်ဘဲ လူမှုဘဝအတွက် အခြေခံ အကာအကွယ်ကို ပြန်လည်ပေးအပ်ခြင်း၊ ယုံကြည်ချက်နှင့် မျှော်လင့်ချက်ကို ပြန်လည် တည်ဆောက်ပေးခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအတွက် ပြန်လည်နေရာချထားပေးခြင်းနှင့် မူလအသက်မွေးဝမ်းကျောင်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နေအိမ်အလုံး ၅၀ ကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး နောက်ဘဏ္ဍာရေး နှစ်များတွင်လည်း ထပ်မံဆောက်လုပ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများထံသို့ တန်ဖိုးသင့်အိမ်ရာများ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် တန်ဖိုးသင့်အိမ်ရာရရှိခဲ့သည့် ပြည်သူများကိုယ်စား ဒေါဥခူရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသနေပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နောင်ယား (က)ရပ်ကွက်အတွင်းရှိ တည်ဆောက်ပြီးစီးသည့် တန်ဖိုးသင့်အိမ်ရာများကို လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် အကျယ် ၁၀၂ ပေ x ၂၉ ဒသမ ၅ ပေ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးပိုင်းတွင် သတ်မှတ်စံချိန် စံညွှန်းနှင့် ပြည့်မီစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)