လာမည့် Games of the Future ပြိုင်ပွဲအတွက် အိမ်ရှင်ဖြစ်နိုင်ခြေရှိသည့် ကာဇက်စတန် သို့မဟုတ် တာဂျစ်ကစ္စတန်

ကာဇန်၊ ဖေဖော်ဝါရီ ၂၈

Games of the Future အားကစားပွဲတော်ကို ၂၀၂၅ ခုနှစ်တွင် ထပ်မံကျင်းပမည်ဖြစ်ရာ ရုရှားနိုင်ငံ၏ အပြင်ဘက် အခြားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲ၏ အကြီးအကဲ Igor Stolyarov က TASS သတင်းဌာနသို့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားသည်။ အဆိုပါပွဲတော်ကို ရုရှားနိုင်ငံ ကာဇန်မြို့တွင် ယခု ကျင်းပလျက်ရှိသည်။

Esportsနှင့် ကာယပညာကစားနည်းများဖြင့် ပေါင်းစပ်ထားသည့် အဆိုပါနိုင်ငံတကာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ တရားဝင်စတင်ကာ မတ် ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ ယခုနှစ် အားကစားပြိုင်ပွဲတွင် ဘီလာရုစ်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့မှ ကစားသမား ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

Stolyarov ၏ အဆိုအရ ကာဇန်မြို့တွင် ကျင်းပသည့် ယခုနှစ်ပွဲတော်သည် အစပိုင်းမျှသာဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အခြားနိုင်ငံ၏ ပိုင်နက်မြေပေါ်တွင် သေသေချာချာကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားလိုက် သည်။

“ဒီပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပပါမယ်” ဟု ၎င်းက TASS သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း နောက်နှစ် အိမ်ရှင်နိုင်ငံကိုမူ အရိပ်အမြွက် ပြောကြားခဲ့ခြင်းမရှိဘဲ လူများအနေဖြင့် သတင်းကို လိုက်စားသင့်သည်ဟုသာ အကြံပြုခဲ့သည်။

သို့သော် သတင်းများ၏ ဖော်ပြချက်အရ ဖြစ်နိုင်ခြေရှိသော အိမ်ရှင်နိုင်ငံလောင်းများမှာ ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်တို့ဖြစ်သည်။ ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန် သမ္မတများဖြစ်သော Kassym-Jomart Tokayev နှင့် Shavkat Merziyoyev တို့သည် ကာဇန်မြို့တွင် ကျင်းပသည့် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ လာမည့်နှစ်များတွင် ယင်းပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ကြေညာခဲ့သည်။

Games of the Future ပွဲတော်အတွက် အခြေခံအုတ်မြစ်ကို ရုရှားဒုတိယဝန်ကြီးချုပ် Dmitry Chrnishenko က ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့ပြီး နိုင်ငံတကာ E-အားကစားပြိုင်ပွဲများကို ဖန်တီးရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့ သည်။ ၂၀၂၂ ခုနှစ်တွင် ယင်းအိုင်ဒီယာကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုခဲ့ပြီး ကာဇန်မြို့၌ ကျင်းပမည့် နိုင်ငံတကာအားကစားပေါင်းစုံပြိုင်ပွဲကျင်းပရန် တရားဝင်အမိန့်စာကို ၂၀၂၄ ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့သည်။ သမ္မတပူတင်သည် "ဒစ်ဂျစ်တယ်နည်းပညာများနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပေါင်းစပ်ထားသည့် ဆန်းသစ်သောအားကစားများ ဖွံ့ဖြိုးတိုးတက်စေမည့် လှုပ်ရှားမှုကို အထောက်အကူပြုရန်အလို့ငှာ ယင်းအမိန့်စာ ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရုရှားအားကစားဝန်ကြီးဌာနသည် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာနယ်ပယ်နှစ်ခုလုံးရှိ လှုပ်ရှားမှုများ ပေါင်းစပ်ထားသည့် “ဖီဂျီတယ် အားကစား” (phygital sports) ကို တရားဝင်အားကစားနည်းအဖြစ် ယမန်နှစ် ဖေဖော်ဝါရီလက အသိအမှတ်ပြုခဲ့ပြီး ရုရှား Phygital အားကစားအဖွဲ့ချုပ် (the Russian Federation of Phygital Sports - VFFS) ကို တည်ထောင်ခဲ့သည်။

ယခုနှစ်အတွက် စုစုပေါင်းဆုရန်ပုံငွေမှာ ကစားနည်း ၂၁ ရပ်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀ ဖြစ်ပြီး အဆိုပါ ကစားနည်း ၂၁ ရပ်အားလုံးမှာ ဂန္ထဝင်အားကစားနှင့် esports သို့မဟုတ် augmented/virtual reality ကစားနည်းများဖြင့် ပေါင်းစပ်ထားကြောင်း သိရသည်။

ကိုးကား - TASS

ဘာသာပြန် - ဂျေတီ