လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်

နေပြည်တော် ၂၀ ဇန်နဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။ ညအပူချိန်များမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် မွန်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန် ခန့်သာရှိခဲ့သည်။ 

 

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (-၃) ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် ရမ်ကလောင်းတို့တွင် (၂)ဒီဂရီစင်တီဂရိတ်စီ၊ သီပေါမြို့နှင့် နမ့်စန်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ လွိုင်လင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

 

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်။

 

နေပြည်တော်၊ ရနကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။

 

MDN