နေပြည်တော် ၁၇ နိုဝင်ဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက်ကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ ညအပူချိန်များမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီစင်တီဂရိတ်နှင့် ကချင်ပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီ၊ မိုင်းယန်းမြို့တွင် (၈)ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့၊ မင်းတပ်မြို့နှင့် တီးတိန်မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်မှာ မချမ်းဘောမြို့တွင် (၀.၀၈)လက်မ ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
MDN


