လာမယ့်ဘတ်ဂျက်နှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးလာမယ်လို့ မျှော်လင့်ပြီး ပြင်ဆင်ဖြေလျှော့မှုတွေ အများကြီးလုပ်ပေးနေတယ်၊ ဦးရန်နိုင်ထွန်း (အမြဲတမ်းအတွင်းဝန်)

ရှင်မင်း၊ မွှေးကြူဇင်၊ ဓာတ်ပုံ- ထိန်နန်နော်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက်Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်တာ နေပြည်တော်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာ ကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။

ဦးနေအောင် (Founder& CEO) OWAY COMPANY LIMITED

ကျွန်တော်တို့ မြန်မာနိုင်ငံ စီးပွားရေးက ရေရှည်ကို ကြည့်မယ်ဆိုရင် ဘယ်နေရာမှာ အခက်အခဲတွေ ရှိနေသလဲ၊ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ လေ့လာတဲ့အခါ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခွင့်အလမ်းတွေ ရှိနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ မန္တလေးမှာ mini oway ဆိုပြီး Taxiလုပ်ငန်း တွေကို စနေပါတယ်။ Call Center ပဲဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းကနေပဲဖြစ်ဖြစ်ခေါ်ပြီး ပို့ဆောင်ပေးတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ ဥပမာအနေနဲ့ မန္တလေးမှာဆိုရင် ဆိုင်ကယ်ကယ်ရီ တွေရှိတယ်။ ဈေးကြီးတဲ့ Taxi တွေရှိတယ်။

လူတိုင်းအနေနဲ့ နေ့တိုင်းသုံးနိုင်တဲ့ သယ်ယူ ပို့ဆောင်ရေးတော့ မတွေ့သေးပါဘူး။ နည်းပညာ အရ မိုဘိုင်း applicationကနေ driver တွေကိုခေါ်ပြီး ပို့ဆောင်သယ်ယူမှုကို လုပ်နိုင်တဲ့အတွက်ကြောင့် အလုပ်တွေ အများကြီးပိုရပါတယ်။ အဲဒီလိုပဲ Travel Industry အနေနဲ့ လေယာဉ် လက်မှတ်တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ bus ticket တွေ၊ ဟိုတယ်တွေကိုလည်း ကျွန်တော်တို့က mobile application၊ website နဲ့ Call Center တွေကနေ ဆောင်ရွက်တာကို လုပ်နေ ပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လာမယ့် နှစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်အထိ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ဟာကို နည်းပညာအသုံးပြုပြီး ဖြေရှင်းသွားဖို့ ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေက လုပ်ငန်းရှင် တွေအတွက် အထောက်အကူဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေကို ပိုပြီးတော့ ရဲရဲတင်းတင်းနဲ့ ရင်းနှီးမြှုပ်နှံနိုင်အောင် လုပ်ပေးတဲ့ အဆင့်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် အဓိက ရင်းနှီးမြှုပ်နှံ သူတွေအတွက်ကျတော့ ဘယ်သူတွေက Busi-ness Plan ကို တည်ဆောက်မှာလဲ။ ရေရှည် လုပ်နိုင်တဲ့သူတွေလား၊ သူတို့က ဘာအခက်အခဲတွေကို ဖြေရှင်းနေသလဲ၊ အဲဒီဟာတွေကို တွေ့မယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အားရနိုင်ပြီး ပိုပြီးရင်းနှီးမြှုပ်နှံ လာနိုင်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ ဒီလိုရှိတဲ့အတွက် ကိုယ့်ရဲ့ business strategy တွေကို ပြန်ပြီးလေ့လာပြီးတော့ ပြုပြင်နေရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှုတွေရှိလာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

ဒီနေ့လို ကွန်ဖရင့်တွေက တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုဆက်သွားနိုင်တယ် ဆိုတာ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီမှာဆို industry u specialist တွေလည်း ရောက်လာတယ်၊ Potential Investor တွေလည်း ရောက်လာတယ်၊ Basic Community တွေ လည်း ရှိတယ်၊ တချို့ Government Commu-nity ၊ Investor Community တွေ ရှိတယ် ဆိုတော့ Partnership တွေကို Develop လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့ မြင်ပါတယ်။

Mr. Pedro Jose F.Bernardo

KELVIN CHIA YANGON LTD

ဖိုရမ် နှစ်ရက်တာမှာ မနေ့က Doing Busi-ness Myanmarစကားဝိုင်းမှာတော့ အဓိကအားဖြင့် DICA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဆရာဦးအောင်နိုင်ဦးတို့ဆီက အသစ်ပြဋ္ဌာန်းထား တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဆွေးနွေးသွားခဲ့ပါတယ်။ ဒါကလည်း အခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုလုပ်ချင်တဲ့ Investor တွေအတွက်ရော၊ ရှိနေပြီးသား Investor တွေအတွက်ရော အရေးကြီးတဲ့ ဆွေးနွေးချက်တွေလို့ မြင်ပါတယ်။DICA အနေနဲ့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေကို ပိုပြီးတော့ အားပေးမှုအနေနဲ့ ဆောင်ရွက်တဲ့ Myanmar company registry online ကို ဆောင်ရွက်တာ Positive Step လို့လည်း မြင်ပါတယ်။

ဒီလိုမျိုး online registry ဆိုတာ တချို့ နိုင်ငံတွေမှာတောင် မရှိတဲ့အတွက် မြန်မာအနေနဲ့ ပိုပြီးတော့ ဆောင်ရွက်နိုင်တာလို့လည်း မြင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် ဆောင်ရွက် ရမယ့်အချက်ကို ကျွန်တော့်အနေနဲ့ အကြံပြုရရင် အထူးသဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေထဲမှာ ပါတဲ့ အချက်အလက်တွေကို Implement လုပ်တဲ့အပိုင်းကို ကြိုးစားဆောင်ရွက်သွားဖို့ လိုတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ကတော့ ကောင်းမွန်တ Legal Framework တစ်ခုဖြစ်ပါတယ်။ ဒါကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ DICA အပြင် တခြားဝန်ကြီးဌာနတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တစ်ခုနဲ့ တစ်ခုချိတ်ဆက်မှုတွေ ပိုမိုတိုးပွားအောင် လုပ်နိုင်ရင် ပိုပြီးရင်းနှီးမြှုပ်နှံမှုအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြောချင်တာက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ၃၅ ရာခိုင်နှုန်းအထိ local ကုမ္ပဏီ မှာ ရင်းနှီးမြှုပ်နှံနိုင်ပြီး ဒီလိုရင်းနှီးမြှုပ်နှံရင် local ကုမ္ပဏီဖြစ်တယ်ဆိုတာ ဒါဟာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပိုဝင်လာမယ့် အလားအလာကောင်း၊ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

ဦးရန်နိုင်ထွန်း (အမြဲတမ်းအတွင်းဝန်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

မနှစ်ကဆိုရင် သမိုင်းတစ်လျှောက် စံချိန်တင်နိုင်တဲ့ ကုန်သွယ်မှု အခြေအနေအဖြစ် ၃၄ ဘီလီယံ နီးပါးရခဲ့တာပါ။ အဲဒီမှာ များတဲ့ကုန်သွယ်မှု အမယ်က သတ္တုတွင်းထွက်၊ စက်မှုကုန်ချောဖြစ်တဲ့ ဓာတ်ငွေ့တွေက ကုန်သွယ်မှုများတယ်။ ဒါတွေဟာ ပြည်ပက Investment နဲ့ လာတဲ့ကိစ္စတွေဖြစ်တော့ Investment နဲ့ Trade က ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ အမြဲဒွန်တွဲနေတယ်။ အဲဒီအတွက် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပို့ကုန် တိုးမြှင့်ချင်တယ်ဆိုရင် ပြည်တွင်း ပြည်ပက Investment တွေ များများဖိတ်ခေါ်ဖို့လိုတယ်။ များများပါဝင်လာ ဖို့လည်းလိုတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီက ကဏ္ဍအားလုံးမှာ အလားအလာကောင်းတွေ ရှိတယ်။ သူ့နေရာနဲ့သူ Investment တွေနဲ့ အသုံးပြုပြီး ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံစီးပွားရေး တိုးတက်မယ့် အနေအထားဖြစ် ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက နှစ်အလိုက်တိုးတက်တယ်။ အများဆုံး ကတော့ တရုတ်နိုင်ငံ ဖြစ်တယ်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုမှာ ဆိုရင်လည်း အများဆုံးပဲ၊ ကုန်သွယ်မှုမှာ လည်းအများဆုံး Trade Partner ဖြစ်တယ်။ ဒီနှစ်က ကာလတို ဘတ်ဂျက်ဖြစ်တဲ့အတွက် မနှစ်က ရင်းနှီး မြှုပ်နှံမှု ပမာဏကိုတော့ မမီသေးဘူး။ လာမယ့် ဘတ်ဂျက်နှစ်အတွင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက် လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ အရှိန်အဟုန်နဲ့ လုပ်နေတယ်။ ပြင်ဆင်ဖြေလျှော့မှုတွေ အများကြီး လုပ်ပေးနေတယ်။

အလားတူပဲ သြဂုတ် ၁ ရက်နေ့ကနေ စပြီး တော့ ကုမ္ပဏီများ ဥပဒေအသစ်ကို စတင်ကျင့်သုံး နေတယ်။ အဲဒီတော့ သက်ဆိုင်ရာ ဌာနတွေက ပြင်ဆင်ဖြေလျှော့မှုတွေ အများကြီးလုပ်ပေးနေတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ Invest-ment တိုးတက်ရေး၊ စီးပွားရေးတိုးတက်ရေး၊ ကုန်သွယ်မှု တိုးတက်ရေး အတွက်ကို အဓိက မောင်းနှင်အားတွေပဲ ဖြစ်ပါတယ်။

ဒီဖိုရမ်က အများကြီး အကျိုးရှိပါတယ်။ နိုင်ငံတကာက Investor တွေ၊ Observer တွေ အများကြီးလာတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း စိတ်ဝင်စားကြတယ်။ နှစ်ရက်တာ Panel Discussion လုပ်တဲ့အခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးချက်က အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီဆွေးနွေး ချက်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့နိုင်ငံ ဘာတွေလုပ်ရမလဲ၊ Investorတွေအတွက် ဘယ်လိုနေရာတွေမှာ Potential ရှိသလဲဆိုတာ ဒီဖိုရမ်ကနေ အဖြေထွက်ပြီး ဖြစ်ပါတယ်။

ဦးဇေယျာမျိုးအောင်(ညွှန်ကြားရေးမှူး)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

ဒီနေ့မှာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ရင်းနှီးမြှုပ်နှံ သူတွေ ပိုသိအောင် ဆွေးနွေးခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဟိုတယ်အလုံးရေ ၁၅ဝဝ ကျော်လောက် ဖြစ်ပြီး အခန်းအရေအတွက်က ခြောက်သောင်းလောက်ရှိနေတယ်လို့ ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကို လာရောက်တဲ့ International Airlines တွေ ၂၉ ခုလောက် ရှိတယ်။ နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတိုးတက် လာမယ်၊ ဒီအတွက်ကို Potential အလားအလာ ကောင်းတွေ အများကြီးရှိတယ်။ Investor တွေ အနေနဲ့လည်း ရင်းနှီးမြှုပ်နှံချင်ရင် မြှုပ်နှံလို့ရအောင် လာရောက်ဆွေးနွေးခြင်း ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အဓိကလုပ်မှာ ဖြစ်ပါတယ်။ ဒီနှစ်လည်း ခရီးသွားပြပွဲတွေ၊ Digital Marketing ပေါ့၊ Online ကနေ လုပ်မယ့် အစီအစဉ်တွေ Online Mediaကနေ မဟုတ်ဘဲ ရုပ်သံလိုင်းနဲ့လည်း ပူးပေါင်းပြီးလုပ်ဖို့ ရှိပါတယ်။ တခြားနိုင်ငံတွေက ရုပ်သံထုတ်လွှင့်သူတွေကိုလည်း ဖိတ်ပြီး မြန်မာပြည်မှာ ရိုက်ကူးမယ်၊ ရိုက်ကူးပြီးရင် သူတို့နိုင်ငံမှာ ပြန်ထုတ်လွှင့်မယ်၊ အခုဆိုရင် တရုတ်ပြည်မှာရှိတဲ့ မီဒီယာတွေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးထားတာတွေရှိပါတယ်။ မကြာခင်မှာ လာရောက်ရိုက်ကူးဖြစ်လိမ့်မယ် ထင် ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးသွားမြှင့်တင်ရေးတွေကို လူတော်တော်များများ သိသွားပြီး ပိုပြီးတော့ လာရောက် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အရင်နှစ်နဲ့ အခုနှစ် ခရီးသွားဝင်ရောက်မှုက ဥရောပနဲ့ သြစတြေးလျ ဧည့်သည်ဝင်ရောက်မှု ကျသွားပါတယ်။ ကျသွားသော်လည်း တရုတ်နဲ့ ထိုင်းက ဝင်ရောက်မှုတိုးတက်နေပါတယ်။ တရုတ်က ၃ဝ ရာခိုင်နှုန်း တိုးတက်လာတဲ့အတွက် အကုန်လုံးပြန်နှိုင်းယှဉ်လိုက်မယ်ဆိုရင် နည်းနည်း လေးပဲကျပါတယ်။ သြဂုတ်လအထိ တွက်ချက်မှု အရ ၂ ရာခိုင်နှုန်းလောက်ပဲ ကျသွားပါတယ်။ Overall Arrival ကို ပြောတာပါ။ ဒါပေမယ့် ပြန်ပြီးတော့ တိုးတက်လာဖို့ အခြေအနေတွေ အများကြီးရှိနေပါတယ်။

Ng Wee Tye (Managing Director) 

WebSat Media Myanmar Co., Ltd

ဒီနေ့ဆွေးနွေးပွဲမှာ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာလည်း ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံမှာ ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေအပါအဝင် ကမ္ဘာလှည့် ခရီးသည်တွေ စိတ်ပါဝင်စားတဲ့ ဒေသအများ အပြားရှိပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာဓလေ့၊ လေ့လာမှတ်သားစရာတွေ များစွာရှိနေပြီး ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာတွေ ကောင်းမွန်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှုက နက်နဲသိမ်မွေ့ပြီး ဖော်ဖော်ရွေရွေ ရှိတဲ့အတွက် ဝန်ဆောင်မှုကိုသာ မြှင့်တင်လိုက်မယ် ဆိုရင် ကမ္ဘာ့နိုင်ငံတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ကို ရောက်အောင် သင်တန်းတွေပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို နိုင်ငံတကာက သိရှိလာပြီးတော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပိုပြီး စိတ်ဝင်စားမှုနဲ့အတူ လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသည် အရေအတွက်က တစ်နှစ်ထက်တစ်နှစ် ပိုပြီးများပြားလာတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းက အလားအလာကောင်းမယ်လို့ မြင်ပါတယ်။