လားရှိုး၌ ရှမ်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

လားရှိုး  ၂၇  နိုဝင်ဘာ

 

ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ရှမ်းနှစ်သစ်ကူးပွဲတော်၌ စာဆိုတော်နှင့် စာပေပညာရှင် ဂုဏ်ပြုပွဲ၊ စာပေဟောပြောပွဲ၊ နှစ်သစ်ကူးပွဲတော် အလံလှည့်ခြင်း၊ ယဉ်ကျေးမှု ပဒေသာကပွဲနှင့် ရိုးရာဝတ်စားဆင်ယင်မှု သရုပ်ဖော်ပြသခြင်း၊ စင်တင်တေးဂီတ၊ စာစီစာကုံးပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ ရှမ်းယဉ်ကျေးမှုပြခန်း၊ သစ်သီးအလှပြိုင်ပွဲများ၊ ရိုးရာလက်မှုပညာ ယက်လုပ်ခြင်းများ၊ ရှမ်းဇာတ်သဘင်နှင့် ရှေးဟောင်းသီချင်းဆိုပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများ ပါဝင်ပြီး ဒီဇင်ဘာ ၈ ရက်တွင် နှစ်သစ်ကူးပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရှမ်းနှစ်သစ်ကူးပွဲတော်၌ လားရှိုးမြို့ရှိ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များမှလည်း မိမိတို့ရိုးရာအလိုက် ပါဝင်သီဆို ကပြပါဝင်ကြမည်ဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လားရှိုး)မှ နှစ်သစ်ကူးပွဲတော်၌ ဒေသဆိုင်ရာနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ဆောင်ရွက်ပေးမှု၊ ဆောက်ရွက်ခဲ့မှု မှတ်တမ်းများကို ပြခန်း ပြသထားရှိသွားမည် ဖြစ်သည်။

 

ကလေးများအတွက် ပန်းချီ၊ အရုပ်ဆက်၊ အစရှိသော ကလေးငယ်များ၊ ဉာဏ်ရည်ထက်မြက် သွက်လက်လာစေမည့် ကစားနည်းများကို ဆောင်ရွက်ထားရှိမည်ဖြစ်ပြီး သုတ/ရသ စာအုပ်စာစောင် ပြခန်းလည်း ပါဝင်မည်ဖြစ်သည်။

 

အဆိုပါ ပွဲတော်ကို လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)