လစ်ဗျားမှ ဒုက္ခသည် ၁၁၄ ဦးကို ကုလအစီအစဉ်အရ နော်ဝေနှင့် ကနေဒါသို့ ပြန်လည်နေရာချထား

ယခုလ ပထမရက်သတ္တပတ်အတွင်း လစ်ဗျားနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူ ၁၁၄ ဦးကို နော်ဝေနှင့် ကနေဒါနိုင် ငံတို့တွင် ပြန်လည်အခြေချနေထိုင်ရန် ကူညီခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ 

UNHCR ၏ အစီအစဉ်ကြောင့် အီရီထရီးယား၊ ဆူဒန်နှင့် ဆီးရီးယားဒုက္ခသည် ၁၁၄ ဦးတင်ဆောင်လာသည့် လေယာဉ်သုံးစင်းမှာ နော်ဝေနှင့် ကနေဒါနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုအတွင်း UNHCR က ပြောကြားသည်။  

နော်ဝေနိုင်ငံသို့ ဦးတည်သွားရောက်နေသော မိသားစုများကို ရိုမေးနီးယားနိုင်ငံရှိ UNHCR ၏ အရေးပေါ် ကယ်ဆယ်ရေးစခန်း၌  ပထမအဆင့်အနေဖြင့်  နေရာချပေးခဲ့ပြီး နောက်ပိုင်းတွင် နော်ဝေနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
  

လစ်ဗျားမှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ် ဖြစ်ပေါ်လာရေးတွင် ဥရောပသမဂ္ဂ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအစီအစဉ် (RDPP) က အရေးပါကြောင်း UNHCR က ပြောကြားလိုက်သည်။

ယခုနှစ်အတွင်း လစ်ဗျားနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူ ၂၃၂ ဦးကို ပြန်လည်နေရာချထားပေးခဲ့ပြီး လူပေါင်း ၉၀၀ ကျော်မှာ ပြန်လည်နေရာချထားရေးအတွက် တင်ပြခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်ဟောင်း မူအမ်မာကဒါဖီကို ရာထူးမှ ဖယ်ရှားခံရပြီးနောက်  ၂၀၁၁ ခုနှစ် အရေးတော်ပုံအပြီး ဖြစ်ပွားခဲ့သည့် မတည်မငြိမ်အခြေအနေများကြောင့် လစ်ဗျားပြည်သူများမှာ  ဥရောပတိုက်သို့သွားရောက်ရန် မျှော်လင့်ချက်ဖြင့်  မြေထဲပင်လယ်ကိုဖြတ်ကျော်သည့် တရားမဝင် ရွှေ့ပြောင်းသွားလာသူများအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။   
 

လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းသွားလာသူများ နေထိုင်ရာနေရာများမှာ ပင်လယ်ပြင်၌ကယ်ဆယ်ခဲ့သည့် သို့မဟုတ် လစ်ဗျားလုံခြုံရေးအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရွှေ့ပြောင်းသွားလာသူများနှင့် ပြည့်နှက်လျက်ရှိသည်

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်