ရန်ကုန် ၂၀ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ သဲအင်းဂူဗဟိုဌာနချုပ်ရိပ်သာကြီး ဝတ္ထုကံတော်အတွင်း လေးကျွန်းဓမ္မစကြာရှင် စေတီတော်မြတ်ကြီး၌ အထက်ဌာပနာသွင်း ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဧပြီ ၁၉ ရက် ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မင်္ဂလာရွှေစောင်းတော်နှင့် ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ကို ပူဇော်ကာ မင်္ဂလာရွှေခရုနှင့် အောင်စည်အောင်မောင်း ၃ ကြိမ် တီးခတ် ပူဇော်ခဲ့ပြီးနောက် ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းမှု ပြုခဲ့ကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို ခဲ့ကြပြီး ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော်တွင်း ပက်ဖျန်းတားဆီးချည်နှောင်၍ လှူဖွယ်ဝတ္ထု ပစ္စည်းများအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အထက်ဌာပနာတော်နှင့် ရွှေထီးတော်တို့ကိုပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လကျာ်ရစ် လှည့်လည်ပူဇော်ကာ ဌာပနာတိုက်သို့ ပင့်ဆောင်၍ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့ပြီး ဌာပနာသွင်းဂါထာများရွတ်ဆို၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကာ ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် စိန်ဖူးတော်တို့ကိုပင့်ဆောင် ၍ အရန်စေတီ ၄ ဆူအား ပရိတ်နံ့သာရည်များကို ပက်ဖျန်းပူဇော်ခဲ့ကြသည်။ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များတင်လှူပြီး သာသနာ့အောင်လံ လွှင့်ထူပူဇော်၍ ရွှေထီးတော်မြတ်အား ပရိတ်နံ့သာရည် တရောကင်ပွန်းရည်နှင့် ရေစင်ရေသန့်များ ပက်ဖျန်းသန့်စင် သွန်းလောင်းပြီး "ဇယန္ထောဗောဓိယာမူလေ" ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သဲအင်းဂူဗဟိုဌာနချုပ်ရိပ်သာကြီးအတွင်း၌ ကျေးဇူးတော်ရှင် မူလ သဲအင်းဂူ ဆရာတော် ဘုရားကြီး ဦး ဥက္ကဋ္ဌ ကိုယ်တော်တိုင် (၁၃၂၇)ခုနှစ်က အုတ်မြစ်ချပေးတော်မူခဲ့ပြီး (၁၃၅၂)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော ဉာဏ်တော်(၅၄)ပေ အမြင့်ရှိ မူလစေတီငယ်ကို ဌာပနာပြု၍ မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဆန္ဒရှိတော်မူခဲ့သည့်အတိုင်း ရွှေတိဂုံစေတီ ပုံစံတူ(၁၁၇)ပေအမြင့်ထိ အောင်မြင်စွာ ဉာဏ်တော်မြှင့်တင် တည်ဆောက်ပူဇော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


