နေပြည်တော် ၂၈ မတ်
ကမ္ဘာ့ဘဏ်၏အရေးပေါ် တုံ့ပြန်မှုဆိုင်ရာနည်းလမ်း (ImmediateResponseMeganism-IRM) အစီအစဉ်ဖြင့် UNOPS မှ ဝယ်ယူတင်သွင်းပေးပို့ခဲ့သည့် (၁)တန်ဝင်လေလုံမျိုးစေ့အိတ်နှင့် ကီလို (၃၀)ဝင် လေလုံမျိုးစေ့အိတ်များ အသုံးပြုပုံဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် Pioneer Agrobiz ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က လေလုံမျိုးစေ့အိတ် အသုံးပြုခြင်းဆိုင်ရာ နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဖိလစ်ပိုင်နိုင်ငံ Grain Pro ကုမ္ပဏီမှ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ Mr. Rhee Cartin က စပါးမျိုးစေ့သိုလှောင်ခြင်းနှင့် လေလုံ မျိုးစေ့အိတ်သိုလှောင်ခြင်းတို့၏ ကောင်းကျိုးများအား ရှင်းလင်းတင်ပြကြသည်။
နည်းပညာပေးသင်တန်းသို့ လေလုံမျိုးစေ့အိတ်များတင်သွင်းသော Grain Pro ကုမ္ပဏီမှ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ Mr. Rhee Cartin, Pioneer Agrobiz ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့်နှင့် စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သဘာဝဘေးသင့်ဒေသများအား ကမ္ဘာ့ဘဏ်၏အရေးပေါ်တုံ့ပြန်မှု ဆိုင်ရာနည်းလမ်း (Immediate Response Meganism-IRM) အစီအစဉ်ဖြင့် ထောက်ပံ့ကူညီမှုများဆောင်ရွက် ပေး လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ယင်းစီမံကိန်း၏အစီအစဉ်ဖြင့် ရေကြီး၍ သီးနှံများပျက်စီးခဲ့ရသော တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာများထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးပညာပေးဝန်ထမ်းများ သွားလာမှုလွယ်ကူစေရန် မော်တော်ဆိုင်ကယ်များထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်း တိုးတက်စေရန် မျိုးစေ့သန့်စင်စက်များ ပံ့ပိုးပေးခြင်း၊ လေလုံမျိုး စေ့သိုလှောင်အိတ်များ ပံ့ပိုးပေးခြင်း၊ အစိုဓာတ်တိုင်းကိရိယာများ ပံ့ပိုးပေးခြင်း၊ မိုးကာစများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယခုသင်တန်းသည် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများနှင့် ဒုတိယပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မျိုးစေ့တာဝန်ခံများ၊ မျိုးစေ့ခြံဦးစီးမှူးများအား လေလုံမျိုးစေ့အိတ်များကို စနစ်တကျ အသုံးပြုနိုင်စေရန်အတွက် နည်းပညာများဖြန့်ဖြူးပေးခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိပါက စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့်မျိုးစေ့ထုတ်တောင်သူများအား လေလုံမျိုးစေ့အိတ်များကို အကျိုးရှိစွာ သုံးစွဲနိုင်ပြီး တောင်သူကိုယ်တိုင် ကိုင်တွယ်အသုံးပြုနိုင်စေရန် ပြန်လည်မျှဝေသင်တန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)


