လေးနှစ်ကျော်ကြာမှာ ရုံတင်ပြခွင့်ရမည့် "ရည်စားတစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဖွေးဖွေး

၁၀ ဒီဇင်ဘာ

 

၂၀၁၄ ခုနှစ်က စတင်ရိုက်ကူးခဲ့သည့် "ရည်စားတစ်ဝမ်းကွဲ”ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကို မကြာမီ ရုံတင်ပြသတော့မည်ဟု သိရသည်။

 

အဆိုပါဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး ၊ မြနှင်းရည်လွင်တို့ အဓိကပါဝင်ထားကြောင်း၊ ယင်းဇာတ်ကားနှင့် ပတ်သက်ပြီး သရုပ်ဆောင်  ဖွေးဖွေးက "လွန်ခဲ့တဲ့လေးနှစ်ခွဲက ငယ်ဘဝအလွမ်းပြေ အချစ်ကားလေး ခုတော့ရုံတင်တော့မယ် "ရည်းစားတစ်ဝမ်းကွဲ" ဟာသပေါ့ပေါ့ပါးပါးလေးတွေ လျှော့ရိုက်ဖြစ်တဲ့ကြားက ရှားရှားပါးပါးကားလေးပါ၊ ဖွေးရဲ့ အရင်က သရုပ်ဆောင်မှုအပိုင်းနဲ့ အခုသရုပ်ဆောင်တဲ့အပေါ် အမြင်လေးတွေတော့ တစ်မျိူးခံစားရမယ်ထင်တယ်၊ အဲ့တုန်းက ငယ်သေးတော့ လိုအပ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်၊ အခုအဲ့ကားကို ကိုကြည့်ပြီး ငါဘာတွေပြင်ဆင်ရမယ် ဖြည့်ရမယ်ဆိုတာမျိုးတော့ စိတ်ထဲမှာရှိတယ်၊ ကြာပြီဆိုတော့ အဲ့တုန်းက ရိုက်ချက်တွေနဲ့အခု ရိုက်ချက်တွေ ကွာတော့ကွာမယ် ထင်တာပါပဲ၊ အခုမှ ဘာလို့ပြသဖြစ်လည်းဆို ရုံတင်တဲ့စနစ် အပြောင်းအလဲတွေ ဒီကြားထဲမှာ ဖြစ်သွားသေးတယ် ထင်တယ်၊ ဒါကြောင့် နောက်ကျသွားတာ နေမှာပါ" ဟု ဆိုသည်။

 

အဆိုပါ ဇာတ်ကားကို  ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင်  ရုံတင်ပြသသွားမည်ဟုသိရသည်။

 

ယင်းအနေဖြင့် လတ်တလော လူကြိုက်များနေသော "မုန်းစွဲ" ဇာတ်ကားထဲမှ "မသဲအုံ" ကာရိုက်တာနှင့် ပတ်သက်ပြီး "ဖွေးအဲ့ထဲမှာက ကိုယ့်အသက်အရွယ်ထက် အများကြီး ပိုကြီးတဲ့ မသဲအုံ၊ အသက်(၆၀)လောက် ကာရိုက်တာကို သရုပ်ဆောင် ရပါတယ်။ ဖွေးဘက်က အိုက်တင်နဲ့ mood ကိုပဲကြိုးစားခဲ့ရတာပါ။ မိတ်ကပ်အတွက်ကတော့ Production ဘက်က စီစဉ်ပေးထားပါတယ်။ အပြင်က ဖွေးရဲ့ကာရိုက်တာက အငြိုးတွေ သိပ်မထားတတ်ဖူးလေ၊ မကျေနပ်တာတွေ ရှိပေမယ့်လည်းလေ။ "မုန်းစွဲ"ကားမှာတော့ မုန်းစွဲ စွဲနေတဲ့မသဲအုံအဖြစ် သရုပ်ဆောင်ရတော့လေ။ အဲ့ဒါနဲ့ အပြင်က ကာရိုက်တာမှာ ဖွေးက မုန်းစွဲထိမရှိပေမဲ့ အမြင်ကပ်စွဲလေးရှိနေတော့ ငါအဲ့ဒါလေးကို ပျောက်အောင်လုပ်ရမယ်ပေါ့၊ ခွင့်လွှတ်နိုင်အောင် လုပ်ရမယ်ပေါ့။ ဒီကားထဲမှာငါ့ရုပ်က ပူလောင်ပြီး စိတ်ညစ်စရာ ဘယ်လောက်ကောင်းလဲပေါ့၊ ကိုယ့်ကိုယ်ကိုကြည့်ပြီး တရားလည်းရတယ်။ ရှေ့ဆက်ပြီးတော့လည်း ဖွေးစိတ်ကို ထားတတ်အောင် ပိုတတ်သွားတယ်။ ဒီကားရိုက်လိုက်ရတာ အပြင်နေထိုင်မှု လောကမှာလည်း သင်ခန်းစာ ရသွားတာပေါ့။ နောက်ထပ် "ပပဝတီစီရင်ခန်း"အတွက် ဖွေးစပြီးပြင်ဆင်ပါမယ်။ ဖေဖော်ဝါရီလမှာ ဖိုက်တင်ပါတဲ့ကားရိုက်မှာဆိုတော့ အခုဖိုက်တင်သင်နေပါတယ်"ဟုဆိုသည်။

 

ဒဂုံဝေလင်း