စစ်ကိုင်း ၁၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသီးကြွေကျခြင်းများဖြစ်ပွားခဲ့ရာ ဖောင်းပြင်၊ ပင်လည်ဘူး၊ ကနီ၊ ကသာ၊ အင်းတော်၊ ဝန်းသို၊ ဗန်းမောက်၊ ကောလင်း၊ ကျွန်းလှ၊ မော်လိုက်နှင့် တမူးမြို့နယ်တို့တွင် နေအိမ်(၄၈၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၁၆)လုံး ပျက်စီးခဲ့သည်။ 

 

dd

 

အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ဧပြီ ၁၇ ရက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့တွင် နေအိမ်(၈)လုံး ပြိုကျခဲ့ပြီး နေအိမ် (၂၃၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ လေဘေးကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်ဉီးစီးမှူးရုံးများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးတို့ရှိ တာဝန်ရှိသူများက ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ပစ္စည်းနှင့်ငွေသား စုစုပေါင်း ကျပ်သိန်း(၁၅၀)ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

df

 

 

ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ဝ၆၇-၃၄၀၄၆၆၆ နှင့် ဝ၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ သိရသည်။

 


MDN

 

dd