လေထုညစ်ညမ်းမှုကို သန့်စင်ပေးတဲ့ တနင်္သာရီတိုင်းက သဘာဝစက်ရုံကြီး

တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ အကောင်းဆုံးဒီရေတော တစ်ခုကိုရောက်ခဲ့တယ်။ သည်ဒီရေတောဟာ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ကညင်ချောင်းကျေးရွာမှာ ဒေသခံတွေ ကိုယ်တိုင် ထိန်းသိမ်းထားတဲ့ ဒီရေတောတစ်ခုဖြစ်တယ်။

မြင့်မားလှတဲ့ ကွမ်းပင်တွေ ၊ အုန်းပင်တွေနဲ့ တောတစ်ခုလုံးမှာ စိမ်းစိုနေတဲ့အတွက် မြင်ကွင်းတစ်ခုလုံးက အေးမြနေတယ်။ လတ်ဆက်တဲ့ လေကိုရှူရိုက်မိတယ်။

မြင့်မားတဲ့ သစ်ပင်တွေကြီးတွေရဲ့ အလယ်က ဖြောင့်ဖြူးနေတဲ့ လမ်းအတိုင်း ဝင်ခဲ့တယ်။ ဒီရေတောထဲကိုဝင်ဖို့ လမ်းအစမှာ ငါးမဖမ်းဖို့ ဆိုင်းဘုတ်အနီနဲ့ အသိပေးကြေငြာထားတယ်။ 

ဒီရေတောရဲ့ သစ်ပင်တွေကြားမှာ ဒီရေတွေ ရောက်နေတာကြောင့် မြင့်မားတဲ့သစ်ပင်တွေကြားမှာ လှေလှော်ပြီး လေ့လာခဲ့ရတယ်။ ဓနိ ၊ ပင်လယ်အုန်း ၊ ကြတ်နန် ၊ လမု ၊ လမဲ့ ၊ မိုးမခ ၊ ဗြူးခြေထောက် ၊ ပင်လယ်ကနစို စတဲ့အပင်တွေလည်း ပေါပေါများများ ပေါက်ရောက်နေတာ တွေ့ရတယ်။ အချို့ သစ်ပင်တွေပေါ်မှာ တစ်ခါတစ်ရံ အမည်းရောင် ဂဏန်းတွေ သွားလာနေတာကို တွေ့ရတယ်။ 

ကျေးငှက်သရကာလေးတွေရဲ့အသံ လှော်တက်နဲ့ ရေကိုလှော်လိုက်တဲ့အသံဟာလည်း တမျိုးကြည်နူးစရာကောင်းနေတယ်။

သစ်တောအုပ်တွေကို ကျော်လွန်ပြီး ဒီရေတောအတွင်းမှာရှိတဲ့ ချောင်းအတိုင်း ဆက်သွားလိုက်တဲ့အခါ ငါးပိလုပ်ဖို့အတွက် ရေထဲမှာ ဝါးတိုင်တွေကို ထိုးထိုးထောင်ထောင်နဲ့ တွေ့ရတယ်။ ဒီနေရာကျော်လိုက်ရင်တော့ အပြာရောင်ပင်လယ်ကြီးကို တွေ့ရမှာပါ။ ဒါကတော့ ထားဝယ်ခရိုင် ၊ ကညင်ချောင်းကျေးရွာက ဒီရေတောပဲဖြစ်ပါတယ်။

ဒီရေတောဆိုတာဟာ မြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ကမ်းရိုးတန်း ဒေသတွေနဲ့ နီးကပ်စွာတည်ရှိပြီး ပင်လယ်ရေငန်ရောက်ရှိတဲ့ သစ်တောများဖြစ်ပါတယ်။ ကမ္ဘာ၏မြေဧရိယာ ၁၈ ဒသမ ၁ စတုရန်းကီလိုမီတာသည် ဒီရေတောများဖုံးလွှမ်းထားသည်ဟု  ဒီရေတောများပြုန်းတီးလာမှု ဆောင်းပါးတွင် ဆောင်းပါးရှင် ဒေါက်တာနေဝင်းက ရေသားထားတာတွေ့ရပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒီရေတောတွေဟာ တဖြည်းဖြည်း ဆက်တိုက် ပျောက်ကွယ်လျက်ရှိပြီး တစ်နှစ်ကို ဧရိယာ ဟက်တာ တစ်သန်းခန့် ပျောက်ကွယ်နေတယ်လို့ ကျွမ်းကျင်သူများက ရေးသားထားပါတယ်။ 

ကမ္ဘာပေါ်က ဒီရေတောတွေ ပျက်စီးရတဲ့ အကြောင်းအရင်းတွေက အပူပိုင်းမုန်တိုင်း များဖြစ်ပွားတာ ၊  ငါးမွေးမြူရေးလုပ်ငန်များ တိုးချဲ့လုပ်ကိုင်တာ ၊ စစ်ပွဲများဖြစ်ပွားတာ ၊ လူနေအိမ် ၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်တာတွေကြောင့်လို့ မှတ်သားရပါတယ်။

မြန်မာနိုင်ငံရှိဒီရေတောတွေဟာ ထင်း ၊ မီးသွေး ၊ သစ်နှင့် အခြားလိုအပ်ချက်တွေကြောင့် အလွန်အမင်းခုတ်ယူတာ ၊ လယ်ယာမြေ ချဲ့ထွင်တာ ၊ ပုစွန်ကန်နဲ့ ဆားကွင်းတွေ ပြုလုပ်တာကြောင့် ဒီရေတောတွေပြုန်းတီးလာပါတယ်။ မြန်မာ့ဒီရေတောများပြုန်းတီးမှုဟာ အခြားတောများထက် သုံးဆခန့်ပိုများတယ်လို့သိရပါတယ်။ 

အခုလို ဒီရေတောတွေ ပျက်စီးပျောက်ကွယ်နေချိန်မှာ တနင်္သာရီတိုင်းအတွင်းရှိ ကညင်ချောင်းကျေးရွာက  ဒေသခံတွေထိန်းသိမ်းမှုကြောင့် မပျက်မစီးရှိနေတဲ့ ဒီရေတောဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့ဘာကြောင့် ထိန်းသိမ်းထားတာလဲ ၊ ဘယ်လိုထိန်းသိမ်းထား တာလဲဆိုတာ အတုယူနိုင်အောင် အခုလိုရေးသားဖော်ပြလိုက်ရပါတယ်။ 

တနင်္သာရီတိုင်းမှာ သစ်တောဖုံးလွှမ်းမှုဧရိယာ ၆၀ ရာခိုင်နှုန်းရှိပြီး ဒီရေတောဧက ၆ သိန်းနီးပါးခန့်ရှိပါတယ်။ ကညင်ချောင်းကျေးရွားရှိဒီရေတောဧရိယာဟာ ၅၀၈ ဧကကျယ်ဝန်းပြီး မြောက်ဘက်မှာ ဆိတ်ချောင်းကျေးရွာ ၊ အရှေ့ဘက်မှာ တောင်သူ ဥယျာဉ်များ ၊ တောင်ဘက် နဲ့အနောက်မှာ ကပ္ပလီပင်လယ် တို့က ဝန်းရံနေပါတယ်။ 

ကညင်ချောင်းကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော် ၊  လူဦးရေ ၁၇၀၀ ကျော်ရှိပြီး ကရင်လူမျိုးအများစု နေထိုင်ပါတယ်။ အိမ်ဝိုင်းတိုင်းမှာ ကွမ်းပင်စိုက်ပျိုးထားကြတယ်။ အိမ်တစ်အိမ်နဲ့တစ်အိမ်ဟာ အပင်တွေနဲ့ ကွယ်နေတဲ့အတွက် မမြင်ရပါဘူး။ အိမ်တွေဟာ တစ်ခုနဲ့တစ်ခု ခြံစည်းရိုးခြားပြီး ဆောက်ထားတာမျိုးမဟုတ်ပဲ အနည်းငယ်လည်း စီလည်းကွာဝေးကြတယ်။ 

‘ထိန်းသိမ်းရေးအဖွဲ့တွေဖွဲ့ပြီးထိန်းသိမ်းကြတယ်။ ကျမကတော့ ဒီရေတောကို ထိန်းသိမ်းရတာစိတ်ဝင်စားတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် သစ်ပင်တွေခုတ်တာရှိတယ်။ သစ်တောတွေခုတ်ရင်းခုတ်းရင်း သစ်တွေပြုန်းရင်း လှိုင်းဒဏ်တွေခံရမယ်လေ။ အခုမခုတ်တော့ဘူး။ ခုတ်တယ်ဆိုရင်လည်း အပင်အသေးတွေပဲခုတ်တော့တယ်’လို့ ကညင်ချောင်းကျေးရွာဒေသခံ မမိအေးက ပြောပါတယ်။ 

ကညင်ချောင်းကျေးရွာရှိဒီရေတောဟာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ရရှိခဲ့တာဖြစ်ပါတယ်။ သည်ဒီရေတောတွေကို ၁၉၇၀ ခုနှစ်ကစတင်ပြီး  ထင်း ၊ မီးသွေးဖုတ်တာ ၊ သင်ပေါင်သား ထုတ်လုပ်တာတွေကို ကရင်အမျိုးသားအစည်းအရုံး အကူအညီနဲ့ တားဆီးကာကွယ်နိုင်ခဲ့ပါတယ်။ 

‘အလင်းဝင်တဲ့သူတွေရဲ့အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေက မီးသွေးဖုတ်ချင်တယ် ၊ ထင်းခုတ်ချင်တယ်ဆိုပြီး တောင်းဆိုလာကြတဲ့အခါကြတော့ ရွာသားတွေက လက်မခံကြဘူး။ အဲဒါနဲ့ ဒေသခံအစုအဖွဲ့ပိုင် သစ်တောအဖြစ်လျှောက်မယ်ဆိုပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စတင်ဆောင်ရွက်ခဲ့ကြပါတယ်’လို့ ကညင်ချောင်းကျေးရွာဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ၊ အတွင်းရေးမှူး ဦးဝင်းဇော်က ရှင်းပြပါတယ်။ 

ကညင်ချောင်းကျေးရွာအနီးမှာ အခြား ဒီရေတောတွေရှိပါသေးတယ်။ အခြားဒီရေတောတွေဟာ ထင်းခုတ်တာ ၊ မီးသွေးဖုတ်တာတွေကြောင့် သစ်ပင်အကြီးတွေ မရှိတော့ဘူးလို့ ဒေသခံအချို့ထံက သိရပါတယ်။

‘အောက်သရက်ချောင်းဘက်က ကျွန်မရဲ့ ခြံဟာဆိုရင် ဒီရေတောနဲ့နီးတယ်။ ကညင်ချောင်းမှာလို အပင်ကြီးတွေမရှိဘူး။ တစ်တောလုံးခုတ်ပြီး ထင်းမီးသွေးဖုတ်တယ်။ အပင်သေးတွေပဲရှိတယ်’ လို့ ကညင်ချောင်းကျေးရွာကဒေသခံ မမိအေးက ပြောပါတယ်။

ဗြူးခြေထောက် ၊ ကျန ၊ ပင်လယ်အုန်း ၊ မိုးမခ ၊ လမု ၊ လမဲ့ ၊ သရော ၊ မဓမ ၊ သင်ပေါင်ပင်တွေ ပေါက်ရောက်လေ့ရှိပြီး  ပျှမ်းမျှအပင်အမြင့်မှာ ပေ ၅၀ ခန့် ၊ လုံးပတ် ၃ ပေကနေ ၅ ပေအထိ ရှိတက်ပါတယ်။ သည်ဒီရေတောမှာ ငှက်မျိုးစိပ် ၈၀ ဝန်းကျင်ခန့် ကျက်စားကြပြီး ရှားပါးငှက်အမျိုးအစား ၆ မျိုးခန့်ရှိတယ်လို့သိရပါတယ်။

ဒီရေတောတွေရှိတာဟာ လက်တွေ့မြင်နိုင်တဲ့အကျိုးကျေးဇူးများဖြစ်တဲ့ အသုံးအဆောင် သစ်ခွဲသားများရရှိတာ ၊ ဆေးဘက်ဝင်အပင်များရရှိနိုင်တာ ၊ ပျားရည် ၊ ဓနိရည်တွေ ရရှိတာ ၊ ကုန်းမြေကို ကျယ်ပြန်လာစေတာ ၊ ငါး ၊ ခရု ၊ ကဏန်း ၊ ကမာ ၊ ဂုံး၊ ပုစွန်မျိုးစုံရရှိနိုင်တာ၊ တွားသွားသတ္တဝါနှင့် ငှက်မျိုးစုံကျက်စားတာ စတဲ့ အကျိုးကျေးဇူးတွေရရှိပါတယ်။ 

သွယ်ဝိုက်ပြီးရရှိနိုင်တဲ့အကျိုးကျေးဇူးအနေနဲ့ လေပြင်းမုန်တိုင်း ၊ လေလှိုင်း ၊ ဆူနာမီဒဏ်တို့မှ ကာကွယ်ပေးတာ ၊ ကုန်းမြေပေါ်ရှိ သစ်တောများထက် ဒီရေတောမှာရှိတဲ့ သစ်တွေတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုစုပ်ယူထိန်းသိမ်းတာ ၊ ရေနေသတ္တဝါအချို့ရဲ့ ငယ်စဉ်ဘဝကြီးပြင်းရာ အဓိကနေရာဖြစ်တာ ၊ကုန်းတွင်းပိုင်းသို့ ဆားအငန်ဓါတ်စိမ့်ဝင်မှုမှ ကာကွယ်ပေးတာ ၊ ကမ်းပြိုမှုမှ ကာကွယ်ပေးတာ ၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်တာ စတဲ့အကျိုးကျေးဇူးတွေရရှိတယ်လို့ သိရပါတယ်။

‘တနင်္သာရီတိုင်းမှာ ဒီရေတောဧက ၆ သိန်းနီးပါးလောက်ရှိတယ်။ ဒါတွေက အကာကွယ်ပေးထားလို့ ဆူနာမီလိုမျိုး တခြား သဘာဝဘေးအန္တရာယ် ဒီဒေသမှာလွတ်ကင်းပါတယ်’ ဟု တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။ 

ဒီရေတောတွေဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူပြီး လေထုညစ်ညမ်းမှုကို သန့်စင်ပေးနေတဲ့ သဘာဝ စက်ရုံကြီးတွေလည်းဖြစ်ပါတယ်။

ဒီရေတောအတွင်းက သစ်တွေကို ဒေသခံတွေရဲ့အိမ်ဆောက်ရန် အတွက်သာ ထင်းကိုခုတ်ယူကြပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ထင်းခုတ်ခွင့်ကို သူတို့ကိုယ်တိုင် တားဆီးကာကွယ်ကြပါတယ်။  

ဒီရေတောတွေပြုန်းတီးလာမှုကြောင့် သဘာဝဘေးအန္တရာယ်တွေခံစားရမှာကို ကညင်ချောင်းကျေးရွာက ဒေသခံတွေမလိုလားပါဘူး။ အဲဒါကြောင့် သူတို့ပိုင်ဆိုင်တဲ့ ဒီရေတောကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ပိုပြီး အားသွန်ခွန်စိုက်လှုပ်ရှားလာကြပါတယ်။

‘ဒီရေတောမှာ သစ်ပင်ကြီးတွေရှိတော့ သဘာဝဘေးဒဏ်တွေ မခံစားရဘူး ။မခံစားလည်းမခံစားချင်ဘူးလေ။ ဒါကြောင့် ကာကွယ်ထိန်းသိမ်းဖို့စိတ်ဝင်စားတယ်’ဟု ကညင်ချောင်းကျေးရွာဒေသခံ မမိအေးက ပြောပါတယ်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ်ဆောင်ရွက်နိုင်ခဲ့တာကိုလည်း ဂုဏ်ယူကြပါတယ်။

‘အစုအဖွဲ့ပိုင်သစ်တောဖြစ်လာတဲ့အတွက် အများကြီးဂုဏ်ယူတယ်။ ခရစ်ယာန်ရွာတွေဖြစ်တော့ ယုံကြည်မှုတစ်ခုရှိတယ်။ ဘုရားစီမံတဲ့ အရာကို သူတို့ ထိန်းသိမ်း တဲ့အတွက် ဘုးရားရဲ့ချီးမွမ်းခြင်းကို ခံရမယ်ဆို မျှော်လင့်ချက်တော့ရှိတယ်’ဟု ဦးဝင်းဇော်က သူတို့ရဲ့ ယုံကြည်ချက်ကို အခုလိုပဲရှင်းပြပါတော့တယ်။

အိမို့မို့ခိုင်