လေးတွဲ့တွဲ့ တေးဖွဲ့မသီ ခွဲခွာလုပြီထင်

mdn

ကိုရင်သြ - ရေးသားသည်

 

ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်ရသည့် ရက်သတ္တပတ် ကိုရင်ဆိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးမှာကား ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရေစာမေဖြစ်၏။ ဥရောပသမဂ္ဂမှ သူ၏ နိုင်ငံခွဲထွက်ရေးအစီအစဉ်ကို လွှတ်တော်က ဇန်နဝါရီ ၁၅ ရက်တွင် ခါးခါးသီးသီးပယ်ချခဲ့ခြင်းမှာ မေအတွက် သမိုင်းတွင်လောက်သည့် ရှုံးနိမ့်မှုတစ်ရပ်ဖြစ်ခဲ့ရသည့် နည်းတူ မေ၏အစိုးရအဖွဲ့အား အယုံအကြည်မရှိအဆို တင်သွင်းမှုမှာလည်း မေအတွက်ရင်လှိုက်သည်းဖိုရှိခဲ့ရ ပြန်၏။ အမယ်ဘုတ်၏ သူ့ချည်ခင်ပမာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့ရ၏။ ဝေ့လည်ကြောင်ပတ်ဖြစ်ခဲ့ရ၏။

တော်ဝင် ဂေါ်သဇင်ပန်းပမာ 

သို့ဖြစ်စေကာမူလွှတ်တော်မဲခွဲမှုတွင် မေမှာနှာတစ် ဖျားဖြင့် လွတ်မြောက်ခဲ့ရပြီး ပန်းထူးပန်းမွန် တော်ဝင် ဂေါ်သဇင်ပန်းပမာအမြင့်တွင် တင့်တယ်ဝင့်ထည်စွာ ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့ပေပြီ။

မေလ ၁၆ ရက်က အတိုက်အခံလေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကော်ဘင်က ကမကထပြုလျက် မေ၏အစိုးရအဖွဲ့အား အယုံအကြည်မရှိအဆိုတင်သွင်း ခဲ့ရာတွင် မေမှာ ၃၂၅ မဲ-၃၀၆ မဲဖြင့် ပွတ်ကာသီကာ လက်မတင်အနိုင်ရရှိခဲ့သည်။ မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ဝန်ကြီးချုပ်မေ ရာထူးမှနုတ်ထွက်ပေးရန် ကော်ဘင်က တောင်းဆိုခဲ့သေးသည်။

အကယ်၍ မေ၏အစိုးရအဖွဲ့ကိုဖယ်ရှားရေးဘက်မှ သူ၏ ကွန်ဆာဗေးတစ်ပါတီမှ အလေးပေးမဲပေးခဲ့ကြပါ မည်ဆိုလျှင် သူကိုယ်တိုင် ရာထူးမှနုတ်ထွက်ပေးရပြီး အထွေထွေရွေးကောက်ပွဲကျင်းပရန် လမ်းဖွင့်သွားသည် အထိစိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်ခဲ့ရသေးသည်။ သို့ရာတွင် မေမှာ “နိုင်ပေါက်”ရရှိခဲ့ပြီးထိတ်လန့်တုန်လှုပ်ဖွယ်ရာ အနေအထားမှ ရင်တုန်ပန်းတုန် ကျော်လွှားလွန်မြောက် ခဲ့ရသည်။

ကော်ဘင်နှင့်သူ၏ အတိုက်အခံလေဘာပါတီတို့ က အစိုးရအဖွဲ့ကိုထိန်းချုပ်အံ့သို့ရှိခဲ့ရသည့် အခြေအနေ တွင် ကွန်ဆာဗေးတစ် အမတ်ဦးရေ ၁၀ဝ ကျော်က ဘရီးဇစ် (Brexit) (ဝါ) ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး မေ၏အစီအစဉ်ကိုကန့်ကွက်ခဲ့သည့် ဖြစ်စဉ်က မေအတွက် ပြက်ပြက်ထင်ထင် ပြေးမြင်နေရဆဲ အရိပ်မည်းကြီးဖြစ်ပြီးလျှင် ပါလီမန်တွင် အယုံအကြည် မရှိအဆိုကို ပျာယီးပျာယာမဲခွဲဆုံးဖြတ်မှုနှင့် ရင်ဆိုင်တိုးခဲ့ ရခြင်းဖြစ်လေသည်။

မျက်ပြူးဆန်ပျာဖြစ်ခဲ့ရသည့် မဲခွဲဆုံးဖြတ်ချက်က မေ၏အစွမ်းအစကို မျှော့သွေးစမ်းဘိသကဲ့သို့ရှိခဲ့ရပြီး လျှင် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း “ဝန်ကြီးချုပ်စံအိမ်တော်”မှ ပတ်စာခွာဖျာသိမ်းရမည့်ကိန်းကို သူကျော်လွှားလွန် မြောက်ခဲ့ပေပြီ။

အကြိတ်အနယ်ဆွေးနွေး 

ဇန်နဝါရီလ၏ တတိယရက်သတ္တပတ်အကုန် အားလပ်ရက်များ(ဇန်နဝါရီ၁၉-၂၀)တွင် မေမှာသူ၏ ကျေးလက်အပန်းဖြေစံအိမ်ချက်ကာ (Chequers) သို့သွားရောက်ကာ “ဘရီးဇစ်”အတွက် ဒုတိယမြောက် ကိုရင်ဩ အစီအစဉ်(ဝါ) Plan B အတွက် သူ၏ဝန်ကြီးများနှင့် လည်းကောင်း၊ ဝါရင့်အမတ်မင်းများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို အကြိတ်အနယ်ပြုလုပ်ရလိမ့် မည်ဟု သတင်းများပေါ်ထွက်လာ၏။

ဒုတိယမြောက်အစီအစဉ်မှာ မူလအစီအစဉ်ကို ပြင်ဆင်ရေးဆွဲထားသော အစီအစဉ်ဖြစ်ပြီး ယင်းအစီ အစဉ်နှင့်ပတ်သက်၍ အများ၏သဘောတူညီချက်ရရှိရန် မေက ကြိုးပမ်းလျက်ရှိလေသည်။

ဗိတိန်နိုင်ငံ၏ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် အစိုးရအဖွဲ့၏ အကြီးအကျယ်ဆုံး ရှုံးနိမ့်မှုတစ်ရပ်အဖြစ် မေ၏ “ဘရီးဇစ်”အစီအစဉ်ကို ၄၃၂ မဲ-၂၀၂ မဲဖြင့် ပယ်ချခဲ့ခြင်းမှာ မေအတွက် အရေးပေါ်အကျပ်အတည်း တစ်ရပ် ဖြစ်လာစေခဲ့ရသည်။

မေမှာအယုံအကြည်မရှိ လွတ်မြောက်ကာ သူ၏ အစိုးရအဖွဲ့ ဆက်လက်ရှင်သန်နိုင်ခဲ့လင့်ကစား ဘရီးဇစ် အစီအစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေရသည့် အခြေအနေမှာ သူ့အတွက်ရော၊ သူ၏နိုင်ငံအတွက်ပါ မီးခိုးကြွက်လျှောက် ပြဿနာ ဖြစ်ပေလိမ့်မည်။ မေ၏ အစိုးရအဖွဲ့မှာ ဆက်လက် ရှင်သန်ခွင့်ရှိခဲ့သော်လည်း ဘရီးဇစ် အစီအစဉ်မှာမေအတွက် အပင်းလျှိုရဘိသို့ တစ်ဆို့ဆို့ကြီးဖြစ်ရအံ့ပေသည်။


ဥရောပသမဂ္ဂ(ဝါ) အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက် ရာတွင် မည်သည့်သဘောတူညီချက်မျှမရရှိဘဲ နုတ်ထွက် မည်ဆိုပါက နိုင်ငံ့စီးပွားရေးကပ်ဆိုက်နိုင်သည့် အခြေ အနေ ဖြစ်လာနိုင်ပေရာ ယင်းအခြေအနေကိုရှောင်ရှား နိုင်ရန် မည်ကဲ့သို့လုပ်ဆောင်နိုင်မည်ကို မေ၏အစိုးရ အဖွဲ့က အပူတပြင်းလုပ်ဆောင်နေရဆဲဖြစ်လေသည်။

ပြည်သူ့ဆန္ဒခံယူပွဲမှသည် 

“ဘရီးဇစ်” စတင်ဖြစ်ပေါ်ခဲ့ရသောအကြောင်းချင်းကို စေ့ငုလေသော် ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်က ကျင်းပခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲရလဒ်အရ ဥရောပ သမဂ္ဂမှ ဗြိတိန်နိုင်ငံကျောခိုင်းထွက်ခွာရန် အစပျိုးခဲ့ပုံကို ကျွန်ုပ် သတိမူမိ၏။ ဆန္ဒပြုသူ ၇၁ ဒသမ ၈ ရာခိုင်နှုန်း၊ ထောက်ခံမဲ ၅၁ဒသမ၉ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၄၈ ဒသမ ၁ ရာခိုင်နှုန်းဟူ၍ ရလဒ်အဖြေပေါ်ထွက်ခဲ့၏။ 

ဥရောပနိုင်ငံပေါင်း ၂၈ နိုင်ငံတို့ပါဝင်သော အီးယူ မှာစီးပွားရေးနှင့်နိုင်ငံရေးတို့အရ မိတ်ဖက်ပြုဆောင်ရွက် ရေးဦးတည်ချက်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းကြီး ဖြစ်၏။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဥရောပနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကြရန် ယင်းအဖွဲ့ အစည်းကြီးသန္ဓေတည် မွေးဖွားခဲ့၏။ နိုင်ငံများသည် ကုန်သွယ်ရေးအရ နှောင်ကြိုးတည်းထားခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်မက်ဖြစ်ပွားရခြင်းမှ ရှောင်လွှဲ နိုင်မည့် အယူအဆကိုကိုင်စွဲကြလျက် အီးယူကိုထူထောင်ခဲ့ကြ၏။

အဖွဲ့အစည်းကြီးအဖြစ် ထူထောင်ခဲ့စဉ်မှစ၍ တစ်ခုတည်းသောဈေးကွက်(ဝါ) ဘုံဈေးကွက်ကိုဖော် ဆောင်လာခဲ့ကြပြီးလျှင် အဖွဲ့ကြီးအတွင်းတစ်နိုင်ငံနှင့် တစ်နိုင်ငံလူများနှင့် ကုန်စည်များဒလဟော ဝင်ကလူ၊ ထွက်ကလူပြုခဲ့ကြ၏။ ရေကိုသားအကြားမထင် ဟူဘိသို့ လက်ရည်တစ်ပြင်တည်း လက်တွဲလုပ်ဆောင်ခဲ့ကြ၏။ ဘုံဈေးကွက်နှင့်အတူ တစ်ခုတည်းသောငွေကြေးအဖြစ် ]]ယူရို}}ကိုသတ်မှတ်ကာ အဖွဲ့ဝင်နိုင်ငံများအနက် ၁၉ နိုင်ငံကလက်ခံသုံးစွဲကြ၏။

ထိုမျှမကတစ်ခုတည်းသောပါလီမန်အဖြစ် ဥရောပ ပါလီမန်ကိုထူထောင်ခဲ့ကြသည်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ သယ်ယူပို့ဆောင်ရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးစသည့် နယ်ပယ်ကဏ္ဍပေါင်းစုံ တွင် ဥရောပနိုင်ငံများအတွင်း တစ်ပြေးညီဖြစ်စေရန် ယင်းပါလီမန်ကြီးက ဥပဒေစည်းမျဉ်းများရေးဆွဲပေး၏။ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ခွင့်ရရှိရန် အလို့ငှာ လစ္စဘွန်းစာချုပ်၏ စည်းမျဉ်းအပိုဒ်နံပါတ် ၅၀ (Article 50) ကို ဗြိတိန်နိုင်ငံဘက်မှ မှီငြမ်းကိုးကား၍ ခွဲရေးဆိုင်ရာ ဆွေးနွေးမှုများကိုစတင်ပြုလုပ်ခဲ့လေသည်။

နှစ် နှစ်တာအချိန်ရ 

“ခွဲရေး” (ဝါ) ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်နိုင် ရေးအတွက် စည်းမျဉ်းအပိုဒ် နံပါတ်(၅၀)ကို မှီငြမ်းကိုး ကားလျက် ခွဲရေးဆိုင်ရာစည်းမျဉ်းသတ်မှတ်ချက်များကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိရေးဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် နှစ်နှစ်တာကာလကိုအချိန်ပေး ထားသည်။ 

အချိန်ဇယားသတ်မှတ်ထားချက်အရ ဗြိတိန်နိုင်ငံ သည် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက် ဒေသဆိုင်ရာစံတော် ချိန် ည ၁၁ နာရီတွင် အီးယူအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းပေ လိမ့်မည်။ ဥရောပတရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက်အရ ဗြိတိန်နိုင်ငံသည် ခွဲထွက်ရေးလုပ်ငန်းစဉ်ကို ရပ်တန့်ရန် ဆုံးဖြတ်နိုင်ခွင့်ရှိသေးသည်။ အခြားရွေးလမ်းတစ်ရပ် အနေဖြင့် အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံစလုံးက ခွဲထွက်ရေး လုပ်ငန်းစဉ်ဆောင်ရွက်ရန် အချိန်ဇယားသတ်မှတ်ထား ချက်ကို သက်တမ်းတိုးချဲ့နိုင်သေးသည်။

လတ်တလော အနေအထားအရမူ အချိန်ဇယား သတ်မှတ်ချက်အတိုင်းလုပ်ဆောင်ကြရန် ဗြိတိန်ရော အီးယူပါ အာရုံစိုက်နေကြဆဲဖြစ်လေသည်။ “ခွဲရေး”ဆောင်ရွက်ရာတွင် အီးယူနှင့် သဘောတူညီချက် ပီပီပြင်ပြင် ရှိထားပြီးဖြစ်မှသာလျှင် နိုင်ငံ့ စီးပွားရေးအပွန်းအပဲ့၊ အထိအခိုက်၊ အကျအရှုံး ဖြစ်ရ ခြင်းမှ ရှောင်ရှား နိုင်ပေလိမ့်မည်။ သို့ရာတွင် ခွဲရေး လုပ်ငန်းစဉ်အပြီးဆောင်ရွက်ရန် ရက်ပေါင်း ၇၀ ကျော် မျှသာကျန်ရှိ တော့ချိန်တွင် ဝန်ကြီးချုပ်မေက သူ၏ခွဲရေး အစီအစဉ်ကိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန် လူးလွန့်ရုန်းကန်လျက်ရှိလေသည်။ လတ်တလောတွင်မူ အတိုက်အခံလေဘာပါတီမှ အမတ် ၇၀ ကျော်က ဒုတိယမ္ပိ လူထုဆန္ဒခံယူပွဲလုပ်ရန် တောင်းဆိုလျက်ရှိကြပြီးလျှင် အီးယူနှင့်သဘောတူညီချက် တစ်စုံတစ်ရာမရဘဲခွဲထွက်ခြင်းမပြုရန် အမတ်အုပ်စု တစ်စုက တောင်းဆိုနေကြဆဲ ဖြစ်လေသည်။ 

ခွဲထွက်သွားသော နိုင်ငံတစ်နိုင်ငံအတွက် အကျိုးရှိ အောင် အီးယူ၏ ဥပဒေစည်းမျဉ်းများကို ဖြေလျှော့ ပြောင်းလဲပစ်ရန် လိုလားခြင်းမရှိသော အီးယူနိုင်ငံအများ စု၏ ဆန္ဒကိုလွန်ဆန်နိုင်မည့်အနေအထားမတွေ့မမြင် ရချိန်တွင် ဝန်ကြီးချုပ်မေက သူ၏ခွဲရေးဆိုင်ရာဒုတိယမ္ပိ အစီအစဉ်ကို ဇန်နဝါရီ ၂၁ ရက်တွင် လွှတ်တော်ရှေ့ မှောက်၌ချပြရန် စီစဉ်ထားပုံကိုသတိမူမိရင်း “လေးတွဲ့ တွဲ့ တေးဖွဲ့မသီ ခွဲခွာလုပြီထင့်”ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။ ။

Ref: In A Chaotic Week For U.K. Politics, ef: In A Chaotic Week For U.K. Politics, What’s Next For Brexit? (BBC)