အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်မှ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးနှင့် လိဂ်ဝမ်းကလပ် ဘန်စလေအသင်းပွဲစဉ်တွင် လီဗာပူးအသင်းက တိုက်စစ်ခြေစွမ်းပြကာ လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး စတုတ္ထ အဆင့် တက်လှမ်းနိုင်ခဲ့သည်။
သုံးပွဲဆက်သရေကျမှုကို အဆုံးသတ်ရန် အားစိုက်ကစားလာသည့် လီဗာပူးအသင်းသည် ဘန်စလေအသင်းကို ပွဲစကတည်းက ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ပြိုင်ဘက် ဘန်စလေအသင်းသည် တုံ့ပြန်တိုက်စစ်ဆင်ကစားမှု အချို့သာပြုလုပ်နိုင်ခဲ့သော်လည်း ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့်အတူ နာမည်ကြီး လီဗာပူးအသင်းကို အခက်တွေ့အောင်ကစားနိုင် ခဲ့သည်။
လီဗာပူးအသင်းတိုက်စစ်သမား ဖလော်ရီယန်ဝစ်ဇ်သည် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက မားကုစ် ဘာဘဲလ် နောက်ပိုင်း အက်ဖ်အေဖလားပြိုင်ပွဲ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ဂျာမနီနိုင်ငံသား ဖြစ်လာခဲ့သည်။ လီဗာပူးအသင်းအတွက် သွင်းဂိုးများကို ဆာဘော့စလိုင်း၊ ဖရင်ပေါင်၊ ဝစ်ဇ်နှင့် အီကီတီကီတို့က သွင်းယူပေးပြီး ပြိုင်ဘက် ဘန်စလေအသင်းအတွက် သွင်းဂိုးကို ဖီးလစ်က သွင်းယူပေးခဲ့သည်။
အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန် လိုက်ပြီဖြစ်ရာ လီဗာပူးအသင်းက အက်ဖ်ဘရိုက်တန်အသင်းနှင့် တွေ့ဆုံနေသည်။ ထို့ပြင် အခြားနာမည်ကြီးအသင်းများဖြစ်သည့် အာဆင်နယ်က ဝီဂန်၊ ချယ်ဆီးက ဟူးစီးတီး၊ အက်စ်တွန်ဗီလာက နယူးကာဆယ်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေသည်။
အောင်ဇော်


