လှိုင်းဘွဲ ၂၂ မတ်
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ တောင်ပိုင်းရပ်ကွက်တွင် မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲက မီးဘေးသင့်အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်းနေအိမ် နှစ်လုံး၊ တစ်စိတ်တစ်ပိုင်းနေအိမ် တစ်လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု သုံးစု လူဦးရေ ၂၆ ဦး ဘေးဒုက္ခခံစားခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် နေအိမ်လုံးဝ မီးလောင်ပျက်စီးသွားသော အိမ်ထောင်စု နှစ်စုအတွက် Family Kit နှစ်စုံ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ လေးသိန်းကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး သွားသည့်လူနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်သိန်းကျပ်နှင့် အိမ်ထောင်စု(၃)စု လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် ၅၄၆၀ဝ ကျပ် မီးလောင်ဒဏ်ရာရရှိသူ (၂)ဦးအတွက် ဆေးကုသစရိတ်ငွေကျပ် တစ်သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


