လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း စတင် အကောင်အထည်ဖော်ဆောင်ရွက်

လှိုင်းဘွဲ ၁၇ စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ရကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် ၁၁၇ သိန်းဖြင့် အရှည်ပေ ၆၈၀ x အကျယ် ၁၂ ပေ x ထု ၆လက်မ တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏လမ်းညွန်မှု၊ လက်ထောက် နည်းပညာမှူးဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နန်းမြတ်သူဇာတို့၏ အနီးကပ်ကြီးကြပ်မှုနှင့် ကျေးရွာသူ/ကျေးရွာသား တို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

 

စီမံန်းလုပ်ငန်းပြီးမြောက်ပါက တဝန်ဖန်ရကျေးရွာမှ အိမ်ထောင်စု (၃၂၄)စုမှ လူဦးရေ (၂၁၀၉) ဦး အတွက် လမ်းပမ်းဆက်သွယ်ရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းအား ရက်ပေါင်း (၃၀)ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)