ဘားအံ ဇန်နဝါရီ ၆
လှိုင်းဘွဲမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ယနေ့မွန်းလွဲပိုင်းတွင် လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ တွေ့ဆုံဆွေးနွေးသည်။
ပူးပေါင်းဆောင်ရွက်
ထိုသို့တွေ့ဆုံစဉ် ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ ရာနှုန်းပြည့် ဆန္ဒမဲလာရောက်ပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကရင်ပြည်နယ် တာဝန်ခံ ဦးကြည်သိန်းက လှိုင်းဘွဲမြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကြိုတင်မဲပေးနိုင်ရေးနှင့် ပြည်သူများ အောင်မြင်စွာ မဲပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး နယ်မြေခံတပ်နယ်မှ အရာရှိတစ်ဦးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရွေးကောက်ပွဲ အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း (၃)များကို အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲကာလမတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲကာလ ဆောင်ရွက် ရမည့်ကိစ္စရပ်များနှင့် ဆန္ဒမဲပေးပြီးကာလ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း၊ လှိုင်းဘွဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ရာနှုန်းပြည့်ဆန္ဒမဲပေးနိုင်ရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


