နေပြည်တော်  ၂၇   ဇန်နဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲက လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာ၊ ထီးစဲခါးတံတား၊ ဆီဆိုင်-လွိုင်ကော် ကားလမ်းတွင် စိုင်းဝင်း မောင်းနှင်ပြီး စိုင်းကျော်လှ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊  ဟိုနမ့်ကျေးရွာ(ဟိုပုံးရေထွက်ကြီး)အနီး၊ ဟိုပုံး-လွိုင်လင် ကားလမ်းတွင် ဆန်ပန်းအောင် မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

ထို့အတူ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာနေ မယ်ထောက်(ခ)ဒေါ်နန်းဥ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ဝ၁၅ ကီလို၊ ထိုင်းနိုင်ငံသုံးငွေဘတ် ၂၄၀ဝ တို့ကို လည်းကောင်း၊ အလားတူ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာနေ မအီမွန်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၅၀ ၊ ဘိန်းဖြူ သုည ဒသမ ဝ၀ဝ၅ ကီလိုနှင့် ထိုင်းနိုင်ငံသုံးငွေဘတ် ၃,၅၀ဝ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)