လွိုင်ကော်   ဇန်နဝါရီ   ၄

 (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့  အလံတင်အခမ်းအနားကို  ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် လွိုင်ကော်မြို့ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အလံတင်အခမ်းအနားကို  ကျင်းပရာ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပေးကာ တက်ရောက်လာကြသူများက  နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံ၊  ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား  အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ထံမှ  ပေးပို့သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက ဖတ်ကြားသည်။

လက်ကမ်းစာစောင်များ

ယင်းနောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်၊  အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများက အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊  ကဗျာ၊  ပန်းချီပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက  ထုတ်ဝေသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါတမရပ်ကွက် ဗဟိုတပ်ဦးကျောင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ၊    နမ့်ဘော်ဝမ် (ခ)ရပ်ကွက်၌  ကျင်းပသည့် အပြေးပြိုင်ပွဲနှင့် ဘဲဖမ်းပြိုင်ပွဲ၊ ဒေါဥခူရပ်ကွက် ပြည်နယ်အားကစားကွင်း၌ ကျင်းပသည့် ထုပ်ဆီးတိုး ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ISPE Loikaw  အသင်းနှင့် နည်းပညာတက္ကသိုလ်အသင်းတို့   ယှဉ်ပြိုင်နေမှု၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စွန်ရဲအသင်းနှင့်  လှိုင်ထိပ်ခေါင်အသင်းတို့  ယှဉ်ပြိုင်နေမှု၊ ပြေးခုန်ပစ်၊ လွန်ဆွဲပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲများ၌ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ   ဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)