လွိုင်ကော်နှင့် ကြတ်ဂူပဟေဠိ

၅  ဖေဖော်ဝါရီ

 

ကမ္ဘာမြေ၏ ဘူမိဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် တောင်စွယ်တောင်တန်းများအနက် ရှမ်းရိုးမနှင့် ဆက်နေသည့် တောင်တန်းများသည် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှသည် တနင်္သာရီကမ်းမြောင် ဒေသအထိ ရောက်ရှိနေပေသည်။ ယင်းတောင်တန်းများ၏ နေရာအချို့တွင် သဘာဝလိုဏ်ဂူများဖြစ်ပေါ်နေကြရာ ရှမ်းတောင်တန်း၏ တောင်ဘက်အစွယ်ဖြစ်သည့် ကယားပြည်နယ်ရှိ ကြတ်ဂူသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

 

သဘာဝလိုဏ်ဂူများတွင်ရှိသည့် ကျောက်စက်ပန်းဆွဲများ၊ သဘာဝရေစီး ကြောင်းများ၊ ရှေးဟောင်းဆင်းတုရုပ်ပွားများ၊ အုတ်ခွက်ဘုရားများ စသည်တို့ကို ခရီးသွားများက စိတ်ဝင်တစားသွားရောက်လည်ပတ် ကြည့်ရှုလေ့ရှိကြသည်။ သို့သော် ကြတ်ဂူကိုမူ ဂူအတွင်းရှိ အခေါင်းပျက်များဟု ယူဆကြသည့် သစ်သားစများကြောင့် လူအများက စိတ်ဝင်စားခဲ့ကြကာ သွားရောက်သူများ များပြားလာခဲ့ပြီး ကြတ်ဂူသည် မြန်မာ့ခရီးသွားနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် သဘာဝထုံးကျောက်ဂူအတွင်း သင်္ဂြိုဟ်မြှုပ်နှံမှု ရှိနိုင်ခဲ့သည့် အထောက်အထားအဖြစ် အခေါင်းများဟု ဆိုကြသည့် သစ်ထွင်းလုံးများရှိရာ ကြတ်ဂူသို့ ရန်ကုန်တက္ကသိုလ် မနုဿဗေဒပညာဌာနမှ ဘွဲ့လွန်သင်တန်းသားများနှင့် အတူ လေ့လာရေးခရီး ရောက်ရှိခဲ့ပါသည်။

 

လွိုင်ကော်

 

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ကယားပြည်နယ် လွိုင်ကော်မြို့ကို မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ ခုနှစ်) တွင် ဦးသီရိက တည်ထောင် ခဲ့သဖြင့် လွိုင်ကော်သည် ရှေးအခါက သီရိဒေါရွာဟု အမည်တွင်ခဲ့သည်။ ယင်း ကျေးရွာကို တောင်ကွဲတောင်အနီးတွင် တည်ခဲ့သဖြင့် ရှမ်းဘာသာဖြင့် လွိုင်ခေါ်ဟု ခေါ်ဆိုခဲ့ရာ လွိုင်သည် တောင်၊ ခေါ်သည် တကွဲတပြားစီဟု အဓိပ္ပာယ်ရှိသည်။ ကာလကြာမြင့်လာချိန်တွင် လွိုင်ခေါ်မှ လွယ်ကော်၊ လွိုင်ကော်ဟု ပြောင်းလဲခဲ့သည်။ ခရစ်နှစ် ၁၈၈၈ ခုနှစ် ဧပြီလ ၂၀ ရက်တွင် ကန္ဒာရဝတီ စော်ဘွား စဝ်လဝီးသည် လွိုင်ကော်မြို့တွင် ဟော်နန်းစိုက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီက ကရင်နီပြည်နယ်အဖြစ် တည်ရှိခဲ့သည့် ကယားဒေသသည် ၁၉၅၁ ခုနှစ်တွင် ကယားပြည်နယ်ဖြစ်လာခဲ့သည်။

 

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်၌ လွိုင်ကော်မြို့နယ်ကို ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၁၂၇ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။ သို့သော် လက်ရှိလွိုင်ကော်မြို့နယ်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်တွင် ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၁၂၃ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လွိုင်ကော်မြို့နယ်သည် ၅၉၈ ဒသမ ဝ၆ စတုရန်းမိုင် ကျယ်ဝန်းလျက် အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ တောင်ဘက်တွင် ဘော်လခဲမြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်မှ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ တည်ရှိသည်။

 

လွိုင်ကော်မြို့နယ်သည် မြေပြန့်လွင်ပြင်နည်းပါး၍ တောတောင်၊ သစ်တောများ ထူထပ်ကာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့သည် မြို့နယ်အတွင်း၌ အထင်ရှားဆုံး တောင်များဖြစ်ကြသည်။ ဘီလူးချောင်းသည် လွိုင်ကော်မြို့နယ်၏ အဓိက ရေအရင်းအမြစ်ဖြစ်သကဲ့သို့ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး (လောပိတ)သည် မြန်မာနိုင်ငံ မြို့ရွာအနှံ့သို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးလျက် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည့် လွိုင်ကော်မြို့နယ်သည် ဒဏ္ဍာရီလာ ငွေတောင်သုဓနု ဇာတ်လမ်းကြောင့် ငွေတောင်ပြည်အဖြစ်လည်း ထင်ရှားခဲ့ကာ မြို့နယ်အတွင်း၌ ကယားလူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။

 

ကြတ်ဂူ

 

ယခင်က လွိုင်ကော်မြို့သို့ ရောက်ရှိလာသူများသည် တောင်ကွဲစေတီ၊ လောပိတနှင့် ငွေတောင်ဆည်သို့သာ သွားရောက် လည်ပတ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ကြတ်ဂူသို့ပါ သွားရောက်လေ့ရှိလာခဲ့ကြသည်။ မြန်မာနိုင်ငံ ခရီးသွားများအကြား လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ထင်ရှားလာခဲ့သည့် ကြတ်ဂူသည် ကယားပြည်နယ် လွိုင်ကော်မြို့၏ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိသည်။ ကြတ်ဂူသို့ သွားရန် ပင်လောင်းမှ လွိုင်ကော်သို့ လာလျှင် လွိုင်ကော်မြို့သို့ဝင်သည့် လမ်းခွဲ၌ လက်ဝဲဘက်သို့ ချိုးသွားရသည်။ မော်တော်ကားလမ်းသည် ကြတ်ဂူတည်ရှိသည့် တောင်ခြေအထိ ကောင်းမွန်ချောမွေ့သဖြင့် အလွယ်တကူ သွားရောက်နိုင်ကြသည်။

 

ဂူပေါက်ဝသည် တောင်ခြေမှ အမြင့်ပေ ၁၂၀ ၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၉၀ တွင်ရှိသဖြင့် ဂူရှိသည့်တောင်ပေါ်သို့တက်ရန် အုတ်လှေကားထစ်များ ပြုလုပ်၍ လက်ရန်းများတပ်ဆင်ထားသည်။ ကြတ်ဂူရှိသည့် တောင်ကို ဒေသခံများက ကယားဘာသာစကားဖြင့် ရာစုကူဟု ခေါ်ဆိုခဲ့ကြသည်။ လက်ရှိအချိန်တွင် ကြတ်ဂူကို ဒေသခံ ဆရာတော် ဦးဝါယမက ဦးစီးထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ဂူအတွင်းသို့ မဝင်မီ ဖိနပ်များချွတ်ရန် ရေးသားထားသည်။ သို့သော် ကြတ်ဂူသည် ထုံးကျောက်ဂူဖြစ်သဖြင့် ဂူကြမ်းခင်းမြေသားသည် အမြဲစိုစွတ် လျက်ရှိနေသည်။ ကြတ်ဂူသည် ၂၁၉၄ မီတာရှည်လျားသည့် တစ်ဖက်ပိတ်ဂူဖြစ်ကာ အတွင်းပိုင်း သည် တစ်စတစ်စ ကျဉ်းမြောင်းသွားပြီး လျှောက်လမ်းအဆုံး၌ ဝင်ရောက်၍ မရတော့ချေ။ ကြတ်ဂူအဝမှ အတွင်းသို့ မီတာ ၆၀ဝ အထိ လျှပ်စစ်မီးများသွယ်တန်းကာ အချို့နေရာများတွင် သစ်သားတံတားများ ပြုလုပ်ပေးထားသဖြင့် ဂူအတွင်းသို့ ဝင်ထွက်ရာတွင် လွယ်ကူမှုရှိပေသည်။

 

ဂူပေါက်ဝမှ ခန့်မှန်း ပေ ၃၀ဝ ဝန်းကျင်၌ အခေါင်းပုံစံ သစ်သားနှင့်သစ်လုံးအပိုင်း အစများကို မြင်တွေ့ ကြရသည်။ ယင်းတို့အနက် အချို့သည် သစ်လုံးကို ထွင်းထား သည့် အခေါင်းပုံများဖြစ်ကာ အချို့က ပျဉ်ချပ်များဖြစ်ကြ ပြီး ယင်းတို့ကို အကောင်း အတိုင်း မတွေ့ရှိခဲ့ရဘဲ အပိုင်းအစ ၊ အကျိုးအပဲ့များအဖြစ်သာ တွေ့ရှိခဲ့ရသည်။ ဂူအတွင်းပိုင်း နံရံများအနီး၌ သစ်ထွင်းလုံးများကို တင်ခဲ့သည့်စင်ဟု ယူဆရဖွယ်ရှိသည့် ပြိုပျက်နေသော သစ်သားတိုင်များ၊ တန်းများကို မြင်ကြရပေသည်။ ယင်းစင် အချို့သည် ဂူကြမ်းပြင်မှ ပေ ၂၀ ဝန်းကျင်အမြင့်တွင် ရှိနေကြသည်။ ဒေသခံများက ယင်းအခေါင်းများတွင် ယခင်က လူအရိုးစုများရှိခဲ့သည်ဟု ဆိုကြသော်လည်း ယခုအချိန်တွင်မူ အရိုးစုကို လည်းကောင်း၊ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအကြွင်းအကျန်များကိုလည်းကောင်း မတွေ့ ရှိကြရပါချေ။ သို့သော် သစ်သားစများအနီးတွင် မြေအိုးကွဲ အစအနများတွေ့ရှိရသဖြင့် မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းအရ နာရေးအခမ်းအနား ဆောင်ရွက်ရာတွင် လူသေကို သင်္ချိုင်းသို့ ပို့ဆောင်ချိန်၌ ကျင့်သုံးလေ့ရှိသည့် ရေအိုးခွဲသည့် ဓလေ့နှင့် ဆက်စပ်နိုင်ဖွယ်ရှိ မရှိ သုတေသန ပြုကြရမည် ဖြစ်သည်။

 

ကြတ်ဂူတွင်တွေ့ မြင်ရသည့် ထွင်းထားသော သစ်လုံးအပိုင်းအစများကို အခေါင်းများဟု ဆိုကြသော်လည်း လူအရိုးအပိုင်းအစများကို တစ်ခုမျှမတွေ့ရှိရခြင်းသည် ထူးခြားမှုတစ်ရပ် ဖြစ်နေခဲ့သည်။ အခေါင်းဟု ယူဆကြသည့် သစ်သားများကို ကြတ်ဂူအတွင်းပိုင်း အနောက်ဘက် နံရံတစ်ဝိုက်တွင် အများဆုံးတွေ့ရှိကြရသည်။ ယင်းတို့သည် လိုဏ်ဂူအတွင်းနံရံပေါ်သို့ တစ်ခြမ်းစောင်းတင်လျက် ဂူကြမ်းပြင်တွင် ဖရိုဖရဲ တည်ရှိနေကြသည်။ အချို့ သစ်ထွင်းလုံးများတွင် ကြိုးချည်နိုင်သည့် နဖားပေါက်များပါရှိသည်။ ထို့ကြောင့် ယင်းတို့ကို တောင်အောက်မှ ဂူအတွင်းသို့ သယ်ယူရာတွင်လည်းကောင်း၊ ဂူအတွင်း၌ ထားရှိစဉ် ပြုတ်မကျစေရန် ထိန်းထားရာတွင်လည်းကောင်း ယင်းအပေါက်များတွင် ကြိုးချည်ခဲ့ဟန်ရှိကြောင်း ယူဆနိုင်ပေသည်။ 

 

အခေါင်းပုံဖြစ်နေသည့် သစ်ထွင်းလုံးများသည် ကျွန်းသစ်လုံးများဖြစ်ကြကာ အများစုသည် ကျိုးပဲ့ပျက်စီးနေပြီဖြစ်သည်။ ယင်းတို့ တစ်ခုစီသည် အလျား ရှစ်ပေမှ ၁၅ ပေနီးပါး အထိရှည်လျားကာ ထွင်းထားသည့် အကျယ်သည် လက်မ ၂၀ မှ နှစ်ပေ ခန့်အထိရှိသည်။ ယင်းသစ်လုံးများသည် လူတစ်ဦး ထည့်သွင်းနိုင်သည့် အရွယ်ထက် များစွာရှည်လျားနေခြင်း၊ ဂူအတွင်းသို့ မည်သည့်အချိန်တွင် ရောက်ရှိနေခဲ့သည်ကို မသိရှိခြင်း၊ အခေါင်းပုံသ္ဌာန်နှင့် တူညီနေခြင်းတို့ကြောင့် ကြတ်ဂူသည် ပဟေဠိဆန်သော ဂူတစ်ခုဖြစ်လာခဲ့သည်။ ကြတ်ဂူကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဆရာတော်က ယခင်က ဂူအနီးသို့ ဒေသခံများ မလာရဲကြကြောင်း၊ ယုံကြည်ကိုးကွယ်မှုအရ နတ်ကြီးသည်ဟု ယူဆကြကြောင်း၊ အစဉ်အဆက်ပြောကြသည့် ဂ္ဘီရဆန်သည့် ဇာတ်လမ်းများလည်း ရှိကြောင်း ရှင်းပြခဲ့သည်။ သို့သော် နှုတ်ပြောရာဇဝင် ဇာတ်လမ်းများသည် ခိုင်မာသော အထောက်အထားများ မဟုတ်သဖြင့် ယင်းတို့သည် ကြတ်ဂူ၏ မှန်ကန်သောအဖြေဟု မယူဆနိုင်ပါချေ။

 

ကျောက်တောင်နံရံတွင် ချိတ်ဆွဲထားသည့် အခေါင်းများ

 

လွန်ခဲ့သည့် နှစ် ၄၀ဝ မှ ၂၅၀ဝ အတွင်း တရုတ်နိုင်ငံတွင် လူသေအလောင်းများ ထည့်သွင်းထားသည့် အခေါင်းများကို ကျောက်ဆောင်ကမ်းပါးများတွင် ချိတ်ဆွဲ၍ သင်္ဂြိုဟ်သည့် ဓလေ့ရှိခဲ့သည်။ ယင်းသို့ တွဲလဲဆွဲထားသည့် အခေါင်းများကို အင်ဒို နီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း မြင်တွေ့ ကြရသည်။ အခေါင်းများကို လေတွင် ချိတ်ဆွဲ သင်္ဂြိုဟ်ခြင်းသည် ရှေးခေတ် လူမျိုးစုအချို့၏ သင်္ဂြိုဟ်မှုဓလေ့တစ်ခုဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် နေထိုင်ခဲ့သည့် ဘိုလူမျိုးစုများက အများ ဆုံး ကျင့်သုံးခဲ့ကြသည်။

 

သစ်လုံးကို အရွယ်မျိုးစုံ၊ ပုံသ္ဌာန်မျိုးစုံထွင်းထားသည့် သစ်သားအခေါင်းများကို ကျောက်တောင်များ၏ အစွန်းထွက်နေသည့် မျက်နှာပြင်နေရာများတွင် တင်ထားသည်ကို လည်းကောင်း၊ လိုဏ်ဂူများအတွင်း ကျောက်သား နံရံများတွင် ချိတ်ဆွဲထားသည်ကိုလည်းကောင်း တွေ့ရှိခဲ့ကြရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို အခေါင်းများအတွင်းသို့ထည့်၍ အမြင့်တွင် ချိတ်ဆွဲထားခြင်းသည် အလောင်းကို သားရဲတိရစ္ဆာန်များ စားသောက်ခြင်းမှ ကာကွယ်ရန်နှင့် အခေါင်းများကို အမြင့်တွင်ထားခြင်းဖြင့် သေဆုံးသူသည် ကောင်းကင်ဘုံနှင့် နီးကပ်လာပြီး နတ်ဘုရားများ ခေါ်ယူနိုင်သည့် အကွာအဝေးတွင် ရှိစေရန် ရည်ရွယ်ကြသည်။ သေဆုံးသူကို ကောင်းကင်ရှိ နတ်ဘုရားများက ခေါ်ဆောင်သည်ဟု ယုံကြည်မှုအရ နတ်ဘုရားတို့နှင့် နီးကပ်ရန် အခေါင်းများကို မြေပြင်မှ မြင့်သည်ထက်မြင့်ရန် ချိတ်ဆွဲခဲ့ကြသည်။

 

တရုတ်နိုင်ငံတွင် ဖူကျန့်ပြည်နယ်မှ ဝူယီတောင်တန်း၊ ဟူဘေးပြည်နယ်မှ ဇီဂီ ဒေသ၊ ကျန်ဇီပြည်နယ်မှ လောင်ဟူရှန်၊ စီချွမ်ပြည်နယ်နှင့် ယူနန်ပြည်နယ်၊ ဖိလစ်ပိုင်နိုင်ငံမှ လူဇုန်ကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ စာဂါဒါတို့တွင် ယင်းဓလေ့ကို ကျင့်သုံးခဲ့ကြသည့် အထောက်အထားများကို တွေ့ရှိခဲ့ကြရပေသည်။ သို့သော် အခေါင်းများကို ချိတ်ဆွဲထားခြင်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရှိကြဘဲ ယေဘုယျအားဖြင့် သေဆုံးသူကို နတ်ဘုရားများ အလွယ်တကူ ခေါ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။

 

ကြတ်ဂူနှင့် အခေါင်းများ

 

တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့သည့် အခေါင်းများအနက် နောက်အကျဆုံး ချိတ်ဆွဲ ခဲ့သည့် အခေါင်းများသည် လွန်ခဲ့သည့် နှစ် ၄၀ဝ က အုပ်စိုးခဲ့သည့် မင် မင်းဆက် (ခရစ်နှစ် ၁၃၆၈-၁၆၄၄) အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလဖြစ်သည်။ အစောဆုံး အခေါင်းကို လွန်ခဲ့သော နှစ် ၁၀ဝ၀ ခန့်က ဆောင်မင်းဆက် (ခရစ်နှစ် ၉၆၀-၁၂၇၉) တွင် ချိတ်ဆွဲခဲ့သည်။ မြန်မာနိုင်ငံတွင် လူသေအလောင်းများကို ခေါင်းအတွင်းသို့ ထည့်သွင်း၍ ချိတ်ဆွဲခဲ့သည့် ဓလေ့ကို ကျင့်သုံးခဲ့ကြောင်း ယူဆရဖွယ်ရှိသည့် အထောက်အထားကို ကြတ်ဂူတွင်သာ တွေ့ မြင်ကြရပေသည်။ သို့သော် လက်ရှိအချိန်တွင် အခေါင်းများနှင့် အနီးဝန်းကျင်၌လူသေကို သင်္ဂြိုဟ်မြှုပ်နှံခဲ့သည့် အထောက်အထားဖြစ်သည့် ရုပ်ကြွင်းများ၊ အရိုးအပိုင်းအစများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မတွေ့ရှိရသဖြင့် သုတေသီအချို့က ကြတ်ဂူအတွင်းမှ သစ်သားအပိုင်းအစများသည် အခေါင်းများ မဖြစ်နိုင်ဟုယူဆကြသည်။ ခရီးစဉ်တွင် လိုက်ပါလာသည့် မနုဿဗေဒ ဘွဲ့လွန်သင်တန်းသားများက ယင်းတို့သည် အခေါင်းနှင့် ပုံသ္ဌာန်နီးစပ်သည့် သစ်ထွင်းလှေများလည်း ဖြစ်နိုင်ကြောင်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ကြတ်ဂူတွင် ထိန်းသိမ်းထားခြင်းလည်းဖြစ်နိုင်ကြောင်းနှင့် လူတစ်ယောက်၏ အရပ်သည် အမြင့်ဆုံး ခုနစ်ပေထက် မကျော်လွန်သော်လည်း ကြတ်ဂူအတွင်းရှိ အခေါင်းပုံ ထွင်းထားသည့် သစ်လုံးများသည် လူနှစ်ဦး ထည့်သွင်းနိုင်သည့် အရွယ်အစားဖြစ်နေကြောင်း သုံးသပ်ခဲ့ကြသည်။

 

ထွင်းထားသည့် သစ်လုံးများကို မည်သည့်အချိန်တွင် မည်သည့်မျိုးနွယ်စုများက ဂူအတွင်းသို့ ပို့ဆောင်ထားခဲ့သည် ဆိုသည့်အချက်ကို တိကျစွာမဖော်ထုတ်နိုင် သေးသဖြင့် ကြတ်ဂူသည် ပဟေဠိဆန်နေခဲ့ရာ လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပေသည်။ မြန်မာနိုင်ငံတွင် သစ်ထွင်းအခေါင်းများဖြင့် လိုဏ်ဂူများအတွင်း သင်္ဂြိုဟ်သည့်ဓလေ့ကို မတွေ့ရှိရသော်လည်း မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိနေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း Mae Hong Son ပြည်နယ်၊ Pang Mapha ခရိုင်ရှိ Bo Krai ဂူနှင့် Ban Rai ကျောက်အမိုးတို့တွင် ကျွန်းသစ်လုံးထွင်းအခေါင်းများ (Teak Log Coffin) များကို တွေ့ရှိခဲ့သည်။ Pang Mapha ခရိုင်သည် လွိုင်ကော်မြို့၏ အရှေ့ဘက် တည့်တည့်တွင် တောင်တန်းများခြားလျက် လတ္တီတွဒ်မျဉ်း နီးကပ်စွာ တည်ရှိနေကြသဖြင့် ဒေသနှစ်ခုအကြား၌ ယဉ်ကျေးမှု ဆက်စပ်မှု ရှိ မရှိ သုတေသန ပြုနိုင်ပါက ကြတ်ဂူအဖြေကို ဖော်ထုတ်နိုင်မည် ဖြစ်ပေသည်။

 

ကြတ်ဂူသို့ လာရောက်ကြသူများအား နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အကြား ဂူအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည်။ ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိတ်ဝင်စားမှုများကြောင့် ကြတ်ဂူခရီးသွားလုပ်ငန်းသည် ဖွံ့ ဖြိုးတိုးတက်လျက်ရှိရာ ခိုင်မာသော အထောက်အထားများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ပါက ကြတ်ဂူဒေသသည် ယခုထက်ပို၍ ဖွံ့ဖြိုးစည်ကားလာမည်ဟု ယူဆမိပါသည်။ ။

 

မောင်သာ(ရှေးဟောင်းသုတေသန)