ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေး
ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သော ဥပဒေများနှင့် နည်းဥပဒေများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်(EC) စာချုပ်ချုပ်ဆိုခြင်း၊ လျော်ကြေးနှုန်းထားများ အကြောင်းကိုရှင်းလင်းပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညီညီက စည်းကြပ်အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များ၊ အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များအကြောင်းကို ဆွေးနွေးပို့ချသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းထား၊ ငွေကြေးအကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးအကြောင်းတို့ကို ရှင်းလင်းသည်။
ထို့နောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ် က ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များ၊ အငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများကို ရှင်းလင်းသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


