လက်ရွေးစင် အမျိုးသမီးအသင်းများ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်

၁၃ ဇန်နဝါရီ

 

နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အသင်းတို့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယင်းသုံးသင်း၏ ခြေစမ်းပွဲများအဖြစ် ဇန်နဝါရီ ၂၃ ရက်တွင် လက်ရွေးစင်အသင်းနှင့် ယူ-၁၆ အသင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် လက်ရွေးစင်အသင်းနှင့် ယူ-၁၉ အသင်း၊ ဇန်နဝါရီ ၃၀ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီပထမပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ တိုကျိုအိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ပဏာမကစားသမား ၂၉ ဦး ရွေးချယ်ထားသည်။ လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲသာ ကစားထားပြီး နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီပထမပတ်တွင် ယှဉ်ပြိုင်ရမည့် အိန္ဒိယဖိတ်ခေါ် ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ ကစားသမားများလျှော့ချရန် ခြေစမ်းပွဲများ ဆက်တိုက် ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းမှာမူ ဧပြီနောက်ဆုံးပတ်တွင် ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းမှာလည်း ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ ကျင်းပမည့် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ပဏာမကစားသမား ၃၂ ဦး ရွေးချယ်ထားသည်။ နည်းပြချုပ်များအဖြစ် လက်ရွေးစင်အသင်းကို ဦးဝင်းသူမိုး၊ ယူ-၁၉ အသင်းကို ဒေါ်သက်သက်ဝင်း၊ ယူ-၁၆ အသင်းကို ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်လျက်ရှိသည်။

 

ယင်းခြေစစ်ပွဲများအနက် အာရှ ယူ-၁၆ နှင့် ယူ-၁၉ ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး အိုလံပစ်ခြေစစ်ပွဲကိုလည်း ထပ်မံကျင်းပခွင့်ရရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်