ခြူးစန္ဒီနွေး

 

ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ် -၁၉ ဟာ အားပျော့ ပျက်ပြယ်မသွားသေးတဲ့အပြင် လက်တင်အမေရိကမှာဆိုရင် ပိုပြီးတော့တောင် အားကောင်းနေပါတယ်။

 

နိုင်ငံရေးအသိုင်းအဝိုင်းထိ ကူးစက်ပျံ့နှံ့

 

အခုဆိုရင် လက်တင်အမေရိကမှာ ကိုဗစ် -၁၉ ကူးစက်မှုဟာ သာမန်ပြည်သူတွေရဲ့ အသိုင်းအဝိုင်းမှာတင် ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးအသိုင်းအဝိုင်းထိအောင် ကူးစက်မှုဟာ ပျံ့နှံ့လာပါတယ်။ နိုင်ငံအကြီးအကဲ ခေါင်းဆောင်သုံးဦးနဲ့ နိုင်ငံရေးသမားအချို့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့လာရပါတယ်။ ဘိုလီဗီးယားနိုင်ငံမှာဆိုရင်လည်း ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေဟာ ထင်ထားတာထက်ကို ပိုမိုဆိုးရွားနေပါတယ်။ ဘိုလီဗီးယားနိုင်ငံ ခေါင်းဆောင်အသိုင်းအဝိုင်းမှာ ကူးစက်မှုပျံ့နှံ့နေပြီး အခုဆိုရင် ဘိုလီဗီးယားနိုင်ငံခြားရေးဝန်ကြီးပါ ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကာရန်လောင်ဂါရစ်ကတော့ ဘိုလီဗီးယားနိုင်ငံ အစိုးရအသိုင်းအဝိုင်းမှာ ကိုးဦးမြောက် ကိုဗစ် -၁၉ ကူးစက်ခံရတဲ့သူလည်း ဖြစ်ပါတယ်။

 

နိုင်ငံခေါင်းဆောင်များ ကူးစက်ခံရ

 

သူဟာ ကျန်းမာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ တရားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့နဲ့အတူ ကြားဖြတ်သမ္မတ ဂျန်နီးနက်စ်နဲ့အတူ လွန်ခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံမှုပြုလုပ်ခဲ့တာဖြစ်ပြီး ကြားဖြတ် သမ္မတကိုယ်တိုင်လည်း အသွားအလာ ကန့်သတ်ခံထားရပါတယ်။ အေနက်စ်ဟာ လက်တင်အမေရိကနိုင်ငံတွေမှာ ကိုဗစ် - ၁၉ ကူးစက်ခံရတဲ့ တတိယမြောက်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့အရင် ကူးစက်ခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကတော့ ဘရာဇီးသမ္မတ ဂျာဘော် ဆွန်နာရိုနဲ့ ဟွန်ဒူးရပ်စ်သမ္မတ ဂျူအန် အော်လန်ဒို ဟာနန်ဒတ်တို့ပဲ ဖြစ်ပါတယ်။ ။

 

ဟွန်ဒူးရပ်စ်နိုင်ငံတွင် ကူးစက်ပျံ့နှံ့မှု

 

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ကိုဗစ်-၁၉ ကို ပထမဦးဆုံး စတင်တွေ့ရှိခဲ့တာကတော့ မတ်လ ၁၀ ရက်နေ့ပဲဖြစ်ပါ တယ်။ အဲဒီနောက် ကူးစက်မှုတစ်စတစ်စ များပြားလာရာမှာ ဇွန် ၁၃ ရက်ရောက်တဲ့အခါမှာတော့ ကူးစက်မှုပေါင်း ၈၅၄၄ ဦးအထိ ရှိလာပါတယ်။ ကိုဗစ် -၁၉ ထိန်းချုပ်ရေးအတွက် လုပ်ဆောင်ရာမှာတော့ လေကြောင်းခရီးသွားလာမှုအားလုံးကို ပိတ်ထားခဲ့ပြီး နယ်စပ်တွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ကျောင်းတွေကိုလည်း ပိတ်ပစ်ခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်း ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေအတွက် ဈေးနှုန်းကို ပုံသေပဲ သတ်မှတ်ခဲ့ပါတယ်။ ဈေးနှုန်းကြီးမြင့်တာမျိုး မဖြစ်ရလေအောင် ထိန်းချုပ်မှုတွေပြုလုပ်ခဲ့တာပါ။

 

ဘရာဇီးသမ္မတ ကူးစက်ခံရ

 

ဘရာဇီးနိုင်ငံကို ကြည့်မယ်ဆိုရင် သမ္မတ ဘော်ဆွန် နာရို ဆိုရင် အစောပိုင်းကာလမှာ ကိုဗစ် -၁၉ ကို အတော်လေး အထင်မြင်သေးခဲ့သူလည်း ဖြစ်ပါတယ်။ သာမန်တုပ်ကွေးရောဂါလောက်အဖြစ်သာ သတ်မှတ်ခဲ့ပြီး စီးပွားရေးကျဆင်းမှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် ကူးစက်ရောဂါကာကွယ်ရေးတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင် အများပြည်သူ ရှေ့သွားတဲ့အခါမှာလည်း ပါးစပ်နှာခေါင်းစည်းဝတ်ဆင် ခြင်းမရှိလို့ ဝေဖန်ခံရသူလည်းဖြစ်ပါတယ်။ ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုမှာ အဓိက ကူးစက်နိုင်တဲ့နည်းလမ်းဖြစ်တဲ့ လူစုလူဝေးပြုလုပ်မှုတွေကိုလည်း သူဟာရှောင်ရှားခဲ့ခြင်း မရှိပါဘူး။ ထောက်ခံပွဲတွေ ပြုလုပ်မြဲ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးရလဒ်အနေနဲ့ကတော့ သူကိုယ်တိုင် ကိုဗစ် -၁၉ ကူးစက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

 

ဘရာဇီးတိုင်းရင်းသားတွေပါ ကူးစက်ခံရ

 

ဘရာဇီးမှာ ဇူလိုင်လအစောပိုင်းမှာတော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးအတွက် ခန့်အပ်ထားတဲ့ ကျန်းမာရေးလုပ်သား ၁၀၀၀ ကျော်မှာဆိုရင် ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရပါတယ်။ လုံလောက်တဲ့ အကာအကွယ်ကိရိယာ မပြည့်စုံဘဲ လုပ်ငန်းခွင်ဝင်ရတဲ့ ကျန်းမာရေးလုပ်သားတွေဟာ သူတို့ကြည့်ရှုပေးရတဲ့ တိုင်းရင်းသားတွေကို ဘေးအန္တရာယ် ဖြစ်စေခဲ့ပါတယ်လို့ ကျန်းမာရေးလုပ်သားတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ဘရာဇီးနိုင်ငံက တိုင်းရင်းသား ၁၅၅၀၀ မှာ ကိုဗစ် -၁၉ ကူးစက်ခံထားရတာကို တွေ့ရပါတယ်။ ကူးစက်ခံထားရတဲ့ထဲက တိုင်းရင်းသားပေါင်း ၁၀၈၈၉ ဦးကတော့ အကာအကွယ်ရတဲ့ နယ်မြေတွေမှာ နေထိုင်ကြတဲ့သူတွေလို့ သိရပါတယ်။

 

ဗဟိုချက်မနေရာသစ်ဖြစ်လာ

 

တစ်ကမ္ဘာလုံးကို နှိပ်စက်ကလူပြုနေတဲ့ ကိုဗစ် -၁၉ ဟာ ကူးစက်မှုဗဟိုချက်မနေရာတွေ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ တရုတ်ပြည်မှာ အစပြုခဲ့တဲ့ ကိုဗစ် -၁၉ ဟာ ဥရောပမှာလည်း အတော်လေး ကူးစက်မှုမြင့်ခဲ့ပြီး ကူးစက်မှုဗဟိုချက်မနေရာ ဖြစ်လာခဲ့ပါတယ်။ လက်တင် အမေရိကမှာတော့ မေလနှောင်းပိုင်းကစပြီး ကိုဗစ်-၁၉ ကူးစက်မှု ဗဟိုချက်မနေရာသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လတ်တလောမှာ ကူးစက်မှုတွေ မြင့်တက်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

 

ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ဆဲ

 

ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ ကူးစက်မှုအမြင့်ဆုံးနိုင်ငံက အမေရိကန်နိုင်ငံဖြစ်ပြီး လူပေါင်း သုံးသန်းကျော် ကူးစက်ခံထားရပါတယ်။ အဲဒီနောက်မှာတော့ ဘရာဇီးဟာ ဒုတိယ ကူးစက်မှုအမြင့်ဆုံးနိုင်ငံပါပဲ။ ဘရာဇီးနိုင်ငံအပြင် ပီရူး၊ ချီလီနဲ့ မက္ကဆီကိုနိုင်ငံတို့ဟာလည်း ဆိုးဆိုးရွားရွား ကူးစက်ခံနေရတဲ့ နိုင်ငံတွေပါပဲ။ အဲဒီနိုင်ငံတွေဟာ ကိုဗစ် -၁၉ ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံ စာရင်းမှာပါဝင် နေကြဆဲပါပဲ။ နောက်ထပ်စိုးရိမ်နေရတဲ့ နိုင်ငံကတော့ ဗင်နီဇွဲလားနိုင်ငံပါပဲ။

 

ဗင်နီဇွဲလားနိုင်ငံအတွက် စိုးရိမ်ရ

 

ဗင်နီဇွဲလားနိုင်ငံဟာ နဂိုကတည်းကမှ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ တိုင်းပြည်ကနေ ထွက်ခွာနေခဲ့ကြပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကျန်းမာရေးစနစ်ဟာလည်း ယိုင်လဲလုနီးနီးဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်နေတဲ့အချိန် ဗင်နီဇွဲလားမှာသာ ကိုဗစ် -၁၉ ကူးစက်မှုပျံ့နှံ့ခဲ့မယ်ဆိုရင် အခြေအနေတွေဟာ မတွေးဝံ့စရာပဲဆိုပြီး စိုးရိမ်မှုတွေမြင့်တက် နေကြပါတယ်။ အဲဒီအချိန်မှာပဲ ဗင်နီဇွဲလားနိုင်ငံ တိုင်းပြု ပြည်ပြုလွှတ်တော်ဥက္ကဋ္ဌ ဒီယိုဒါဒိုကာဘီလို မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကာဘယ်လို ဆိုတာဟာ ဗင်နီဇွဲလားမှာ သမ္မတ နီကိုး လပ်မာဒူရိုပြီးရင် ဒုတိယ ဩဇာအာဏာအရှိဆုံးလူဆိုပြီး အသိအမှတ်ပြုခံထားရသူလည်း ဖြစ်ပါတယ်။

 

လူသေမှုပိုမိုများပြား

 

လက်တင်အမေရိကတစ်လွှားမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အစိုးရအသီးသီးဟာ သူ့နည်းသူ့ဟန်နဲ့အတူ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း သာတူညီမျှမှုမရှိမှုနဲ့ ရွှေ့ပြောင်းလုပ်သားထုကြောင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ပိုပြီးဆိုးရွားစေပါတယ်။ လက်တင်အမေရိကနဲ့ ကာရေဗီယန်ဒေသတွေမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ဟာ အမေရိကန်နဲ့ ကနေဒါတို့မှာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုထက် ပိုပြီးများတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ အမေရိကန်မှာတော့ တစ်ကမ္ဘာလုံးကူးစက်မှုရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကရာဆစ်အီတိုင်နင်က ပြောပါတယ်။

 

ဆက်လာ

 

နိုင်ငံရေးအလွှာထဲထိ ထိုးဖောက်လာ လက်တင်အမေရိကရဲ့ ကူးစက်မှုနှုန်းဟာ ဆက်လက် တိုးမြင့်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအချို့တွေဟာ ကိုဗစ်-၁၉ ထိန်းချုပ်မှုနှုန်းမှာ လမ်းကြောင်းမှားဆီကို ဦးတည်နေတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောကြားပါတယ်။ အခုဆိုရင်တော့ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ဟာ လက်တင်အမေရိကမှာတော့ နိုင်ငံရေးအလွှာထဲထိ ထိုးဖောက်လာတာကို တွေ့မြင်နေရပါတယ်။

 

ကိုးကား - ဝီကီပီးဒီးယား၊ နယူးယောက်တိုင်းမ်စ်