၁၈ ဇူလိုင်
စနစ်အနေနဲ့ပြောင်းခဲ့ပေမယ့်
အဖြစ်ဟောင်းက...ဖြေသော်မပြေ
လွမ်း...မျက်ရည်....မြေခပြီမို့
တွေး တသသ...ဆွေးစမရွှင်ပေ
ရွှေရင်ဆူကဲ ကြေကွဲဝမ်းနည်းရပုံတွေ
ယနေ့ထက်တိုင်... အခြေ မမေ့ရက်နိုင်ပါလေ...
(အာဇာနည်ခေါင်းဆောင်ကြီးတွေ)၂
ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ...
တေးကဗျာ အနုစာခွေရေးကာ တေးပြု...
အလေးပြုပါတယ်လေ ...
အာဇာနည်နေ့နီးလာရင် ကျွန်တော်တို့ငယ်ငယ်က ကြားနေကျ နားရည်ဝနေသော သီချင်းဖြစ်ပါသည်။ ရေးသူမှာ ဂီတာတင်အုံး ဖြစ်သည်။ နာမည်က “အလေးပြုပါသည်” ဖြစ်ပြီး အဆိုတော် အတော်များများ ပြန်လည် သီဆိုခဲ့ကြသည်။ သို့ရာတွင် ငယ်စဉ်ကပင် နားထဲစွဲနေသော အဆိုတော် မေလှမြိုင်၏ အသံကိုတော့ အမှတ်ရဆုံးဟု ဆိုရပါမည်။ ။
ယခုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၃) နှစ်ပင် ရှိပါပြီ။
(၁၉) ဇူလိုင်မမေ့နိုင်၊ ဇူလိုင် (၁၉) မျက်ရည်မိုး
မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး
စသည့် အာဇာနည်နေ့ ဆောင်ပုဒ်လေးများမှာ ထာဝရရှင်သန်နေမည် ဖြစ်သည်။
အာဇာနည်နေ့ နီးလာသောကြောင့် အာဇာနည်နေ့နှင့် ပတ်သက်သော စာအုပ်စာစောင်များ စာအုပ်စင်မှာ ပြန်ရှာမိသည်။ အလွမ်းပြေ နှစ် (၇၀)ကျော် သက်တမ်းရှိပြီဖြစ်သော ဂျာနယ်တစ်စောင်ကို ပြန်လည်ဖတ်ရှုခံစား မိပါသည်။
“ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးဟာ အပြောမှားတာလဲရှိမယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖောက်ပြန်တာလဲရှိမယ်၊ အဖွဲ့အနေနဲ့တော့ ဘယ်တော့မှ မဖောက်ပြန်ဘူး၊ အင်္ဂလိပ်အစိုးရနဲ့ အေးအေးဆေးဆေး အာဏာလွှဲပြောင်း ယူလို့မရရင်ရတဲ့ နည်းနဲ့လုပ်ဘို့ ပြောထားပြီးသားဘဲ၊ အပြင်းအထန်လုပ်ဘို့ ခင်ဗျားတို့ အဆင်သင့်ပြင်ထားဘို့ လိုတယ်၊ ဆူပူသောင်းကျန်းမှုကို ဗမာပြည်က ပြင်ဘို့လိုတယ်၊ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ အလုပ်လုပ်တဲ့နေရာမှာ လိုသေးတယ်၊ ရှေ့ဆက်ပြီး ဒင်းကြမ်းလုပ်နိုင်မှ အနှစ်(၂၀)လောက်မှ တော်ရုံကျမယ်၊ လွတ်လပ်ရေးလိုချင်ရင် စည်းကမ်းသေဝပ်မှုတွေ ထိန်းသိမ်းထားပါ၊ စည်းကမ်းရှိဘို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဘို့ခင်ဗျားတို့ရဲ့ “အကျင့်”တွေကို ပြင်ဆင်ဖို့ ကျွန်တော်ပြောခဲ့မယ်”
အထက်ပါ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ မကျဆုံးခင် ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၃)ရက်တွင် ကျင်းပသော “နိုင်ငံရေးရှင်းပွဲကြီး”တွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောသွားသော မိန့်ခွန်းမှဖြစ်ပါသည်။ ထိုမိန့်ခွန်းအား ၁၃၀၉ ခု၊ ဝါခေါင်လဆန်း (၉)ရက်။ ၁၉၄၇ ခု ဇူလိုင်လ ၂၆ ရက်။ (ဗိုလ်ချုပ်တို့ကျဆုံးပြီး (၇)ရက်မြောက်)နေ့တွင် ထုတ်ဝေသော “ဂျာနယ်ကျော်” ဂျာနယ်၏ ပထမစာမျက်နှာမှဖြစ်ပြီး “ဗိုလ်ချုပ်နောက်ဆုံးစကား ဤသို့မှာခဲ့သည်” ဟု ခေါင်းစဉ်တပ်၍ ဖော်ပြထားပါသည်။
ဂျာနယ်မှာ သက်တမ်းအားဖြင့် (၇၃)နှစ်ရှိပြီဖြစ်သည်။ “ဂျာနယ်ကျော်”ကို အင်္ဂလိပ်ဘာသာဖြင့် The Weekly Thunderer ဟုပေးထားပြီး ကွယ်လွန်သူ ပိုင်ရှင်အယ်ဒီတာချုပ် ဦးချစ်မောင် စတင်စီမံထုတ်ဝေခဲ့သည်ဟု ထိပ်ဆုံးတွင် ရေးသားထားသည်။ အယ်ဒီတာချုပ်မှာ ဦးဂုဏ်ရောင်ဖြစ်ပြီး အယ်ဒီတာမှာ ဦးလှကြည် ဖြစ်ပါသည်။
ဂျာနယ်အရွယ်မှာ 25 cm x 37 cm ဖြစ်ပါသည်။ ဂျာနယ်အမှတ်မှာ(၆) ဖြစ်၍ ဂျာနယ်သက် ရက်လေးဆယ်ကျော်မျှသာ ရှိပါသေးသည်။
“ဂျာနယ်ကျော်” ပုံနှိပ်တိုက်အတွက် ဦးဘိုးလူက ပုံနှိပ်ထုတ်ဝေပြီး အလုပ်တိုက်မှာ ၁၂၄-၁၂၆ ပန်းဆိုးတန်း (ဖယ်ရာလမ်း) ရန်ကုန်ဟု ဖော်ပြထားပါသည်။ ဂျာနယ်၏ လပေးကြည့်ရှုနှုန်းကို ဖော်ပြထားရာ ရန်ကုန်မြို့ အတွက် (၃)လ၊ (၁၃)စောင်၊ (၁၂)ကျပ်ဟု ဖော်ပြပါရှိပါသည်။
ဂျာနယ်တစ်စောင်လုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဈာပန ပြင်ဆင်ထားပုံများ၊ ဈာပနကျင်းပပုံများ ကို အကျယ်တဝင့် ဖော်ပြထားပါသည်။
လုပ်ကြံသည့်နေ့တွင် ခရီးထွက်နေ၍ အစည်းအဝေးမတက်ရောက်နိုင် သောဝန်ကြီး ဦးစောစံဘိုးသင်နှင့် ဦးကျော်ငြိမ်း၊ အစည်းအဝေး၌ရှိနေသော်လည်း ကံမကုန်သေး၍ လွတ်မြောက်ခဲ့သူ ဝန်ကြီးဦးဘဂျမ်းတို့၏ သတင်းဓာတ်ပုံများလည်း ဖော်ပြထားပါသည်။ ။
နှစ်ပေါင်း (၇၃)နှစ်က ထုတ်ဝေသော ဂျာနယ်ဖြစ်သော်လည်း ဂျာနယ်အင်္ဂါရပ်များနှင့်အညီ သတင်းများ၊ သတင်းဆောင်းပါး၊ ဆောင်းပါးများနှင့် ဝတ္ထုတိုများ ပါဝင်ကြောင်းတွေ့ရပါသည်။
မြန်မာအစိုးရ အတွင်းဝန်ရုံး၊ အစိုးရအဖွဲ့ အစည်းအဝေးခန်းမကြီးတွင် လူသတ်သမားများ၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းတွင်သည့် အဖြစ်အပျက်နှင့် သမိုင်းဝင်သွားသော ဂျာနယ်တစ်စောင်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ။
ဇော်မြင့်(စစ်ကိုင်း)


