ဆူးငှက်

 

စာပေဟောပြောပွဲများတွင် အခမ်းအနားမှူးကလည်း အရေးပါသည်။ စာပေဟောပြောပွဲဟု ဆိုသော်ငြား စာကြည့်တိုက်ကဲ့သို့ စာပေဝါသနာရှင်များ စုစည်းကျင်းပ သောပွဲဆိုလျှင် အခမ်းအနားမှူးကလည်း စာပေနှင့် နီးစပ်သူမို့ ပြဿနာသိပ်မရှိလှ၊ အဆင်ပြေချောမွေ့နိုင် သည်။ ဤသို့မဟုတ်ဘဲ အာဏာပိုင်အဖွဲ့အစည်းကဖြစ်စေ၊ အခြားအဖွဲ့အစည်းကဖြစ်စေ၊ ယုတ်စွအဆုံး စာသင်ကျောင်း များကဖြစ်စေ ကျင်းပသော ဟောပြောပွဲများမှ အခမ်း အနားမှူး အချို့သည် တာဝန်အရဆောင်ရွက်ကြရသည့် သဘောမို့ စာနှင့်ပေနှင့်ဝေးသူများလည်း ပါလာတတ် သည့်အခါ ချွတ်ချော်တိမ်းပါးမှုများ ရှိလာတတ်သည်။ ဒီနေရာတွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူသည်ဆိုမှ တော့ သည်တာဝန်နှင့်သင့်တင့်သည့် အရည်အချင်းရှိသူ ပင်မဟုတ်ပါလား။ စာနှင့်ပေနှင့်ဝေးသူဟု ပြောစရာလိုပါ သလားဟု စောဒကတက်နိုင်ပါသည်။ ဟုတ်ပါသည်။ အနည်းဆုံး ၁ဝ တန်းအောင် (သို့မဟုတ်) ဘွဲ့ရတွေဖြစ်မှာ ပေါ့။ အခုတော့ အဆိုပါ ၁ဝ တန်းအောင် (သို့မဟုတ်) ဘွဲ့ရများသည်ပင်လျှင် စာနှင့်ပေနှင့်ဝေးသူတွေတော်တော် များများ တွေ့လာရခြင်းမှာ စိတ်မကောင်းဖွယ်ဖြစ်သည်။

 

အဂါရဝဖြစ်မည်ကို စိုးရိမ်သောကြောင့်

ဆရာ့ ဆရာကြီးများ၏ ဟောပြောပွဲအတွေ့အကြုံများ နာကြားရ၊ ဖတ်ရှုရသောအခါ ဒေါ်မြသန်းတင့်၊ ဒေါ်တင်မိုး၊ ဒေါ်ကြည်အောင်ဟူ၍ ဆရာ မြသန်းတင့်၊ ဆရာ တင်မိုး၊ ဆရာကြည်အောင်တို့၏ကလောင်ကို မှားယွင်းဖတ်ရှု သည့် အဖြစ်မျိုး ကြုံကြရသည်ကိုလည်း သိရှိရသည်။ အထူးသဖြင့် မြန်မာလူမျိုးများအဖို့ အဂါရဝဖြစ်မည်ကို စိုးရိမ်သော ကြောင့် မလိုအပ်ဘဲ ဦးတွေ၊ ဒေါ်တွေတပ်ခေါ် လိုက်တော့ ကသိကအောက်ဖြစ်ကြရသည်။ တကယ်တော့ အနုပညာနာမည် (သို့မဟုတ်) ကလောင်နာမည် သည် ဦးတွေ၊ ဒေါ်တွေတပ်စရာမလို။ မူလကလောင် နာမည်အတိုင်း လိုအပ်လျှင် ရှေ့က ဆရာ၊ ဆရာမဟု တပ်လျှင်ပင်ပြည့်စုံပါပြီ။ ဥပမာဆိုပါတော့ ဆရာ မြသန်းတင့်၊ ဆရာ တင်မိုး၊ ဆရာကြည်အောင် စသည်ဖြင့်ပေါ့။ မူလကလောင်နာမည်မှာကိုက ဦးတွေ၊ ဒေါ်တွေ၊ မောင်တွေ၊ ကိုတွေ၊ မတွေပါလျှင်လည်း ပါသည့်အတိုင်းပဲ ရှေ့က ဆရာ၊ ဆရာမ တပ်လျှင် ပြီးပါပြီ။ ဥပမာဆိုပါတော့ ဆရာ ဦးတင်ဦး(ကျူရှင်)၊ ဆရာမကြီး လူထုဒေါ်အမာ၊ ဆရာ မောင်သာနိုး၊ ဆရာကိုရွှေသိမ်းမင်း၊ ဆရာမ မသီတာ (စမ်းချောင်း) စသည်ဖြင့်ပေါ့။ အသက် ၈ဝ ကျော်အရွယ် ဆရာကြီးမို့ ဆရာ မောင်သာနိုးကို ဆရာ ဦးသာနိုးဟု ကြေညာစရာမလို။ ထို့အတူ အသက် ၆ဝ ကျော်အရွယ် ဆရာမမို့ ဆရာမ ဒေါ်မဝင့်(မြစ်ငယ်)ဟု ကြေညာစရာမလို။ ထို့အတူ ကလောင်နာမည်မှာလည်း အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ ခွဲခြားသိထားဖို့မလို။

 

ကလောင်နာမည်တွင် မလိုအပ်ဘဲ

ဤသို့ဖြင့် စာနှင့်ပေနှင့်လည်းဝေး၊ ကြိုတင်မေးမြန်းထားခြင်းလည်း မရှိကြသောကြောင့် အခမ်းအနားမှူးတွေက ဒေါ်မြသန်းတင့်ဆိုတာတွေ ရှက်ဖွယ်လိလိဖြစ်ခဲ့ဖူးသည်။ နောက်ရှိသေးသည် အချို့သောအခမ်းအနားမှူးတွေက သိသယောင်၊ တတ်သယောင်ဖြင့် သူတို့ထံကြိုတင် ပေးထားသော စာရေးဆရာ၏ အတ္ထုပ္ပတ္တိအကျဉ်း (သို့မဟုတ်) သူတို့အကြမ်းဖျင်းသိထားသည့် စာရေးဆရာ၏ အချက်အလက်အနည်းအကျဉ်းကို အကြမ်းဖျင်းဖတ် ထား၊ သိထားရုံမျှဖြင့် ကလောင်နာမည်တွင် မလိုအပ်ဘဲ ဖြည့်စွက်ကြေညာတာမျိုးလည်း သိရသည်။ ဥပမာဆိုပါတော့ ဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)ဟု ဟောပြောမည့် ဆရာမတစ်ဦးပါသည်နှင့် ကျန်သူတွေကိုလည်း ဆရာ ဆူးငှက်(လူထု)၊ ဆရာ ပိုင်စိုးဝေ(ယဉ်ကျေးမှု)ဟု ပိုစတာတွေမှာလည်းရေးသား၊ အခမ်းအနားမှာလည်း ကြေညာခြင်း များလည်း ရှိတတ်သည်။


အချို့အခမ်းအနားမှူးတွေကတော့ စာရေးဆရာ၏ ကိုယ်ရေးသမိုင်းအကျဉ်းထဲမှ အချက်အလက်တွေကို သေချာဖတ်ရှု ဆင်ခြင်ခြင်းမပြုဘဲ ထုတ်ဝေပြီးသော စာအုပ်များဟူ၍ . . . ဝတ္ထုတိုစု၊ . . . ဆောင်းပါးစု၊ . . .ရသ၊ အက်ဆေးစု စသည်ဖြင့်ပါရှိသည်ကို သူထင်မြင်သကဲ့သို့ ''၂ဝဝဝ ခုနှစ်မှာ ဇာတ်လမ်း ဝတ္ထုတိုဆု၊ ၂ဝဝ၁ ခုနှစ်မှာ မန္တလေးမျဉ်းဖြောင့်များ ဆောင်းပါးဆုနှင့် ၂ဝဝ၃ ခုနှစ်မှာ မန္တလေး ကွန်ဆတ်တို ရသအက်ဆေးဆုများကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်''လို့ ထင်ရာမြင်ရာကြေညာတာမျိုး တွေလည်း ကြုံရတတ်ပါတယ်။ သွားပါလေရော။ အချို့ သော အခမ်းအနားမှူးများသည် အသံအားကောင်းသော် လည်း မိန်းကလေးတန်မဲ့ အသံမာတာမျိုးလည်း ရှိ၏။ ပိုဆိုးတာက ပုံစံကျလေ့ကျင့်ထားသောအသံများဖြင့် ကြေညာသောအခါ မိန်းကလေးတန်မဲ့ မာထန်မှုတွေ ဖြစ်နေတတ်သည်။ ဥပမာဆိုပါတော့ အခမ်းအနားအစီအစဉ် စတင်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်ရှင့် ဟူသည်တွင် မလိုအပ်ဘဲ ကြေညာအပ်ပါတယ်ရှင့် စကားရပ်ကို သံကုန်အော်ဟစ်သည်မျိုးဖြစ်သည်။

 

အတော်များများ မြန်မာမဆန်၊ မြန်မာမပီသ

ယနေ့ ရုပ်သံလွှင့်ဌာနကြီးများ၊ အက်ဖ်အမ်ရေဒီယို လိုင်းများတွင် ကျွမ်းကျင်ဝန်ထမ်းများအဖြစ် အသံလွှင့် ကြေညာနေကြသည့် အများစုက မြန်မာစကားကို မှန်မှန်ကန်ကန် ပြောဆိုနိုင်မှု အလွန်နည်းပါးနေသဖြင့် နေ့စဉ် မနက်မိုးလင်းမှ မိုးချုပ် နားမချမ်းသာဖွယ် ကြားသိ နေရသည်။ ကြေညာသည့် အမျိုးသမီး၊ အမျိုးသားတိုင်း လိုလို (တ)နှင့် (သ)မကွဲ၊ စကားလုံးအဖြတ်အတောက်မမှန်၊ အသံအဖိအဖော့တွေကလည်းမှား၊ ပိုဆိုးတာက တစ်ပြည် လုံးအတိုင်းအတာဖြင့် ထုတ်လွှင့်ရပေမယ့် ဒေသိယစကား၊ ခေတ်ပေါ်ဗန်းစကားတွေကို တွင်တွင်ပြောခြင်းဖြစ်သည်။ ရုပ်သံလွှင့်ဌာနတွေက အစီအစဉ်ကြေညာသူတွေက မဆိုး လှ။ သို့သော် ကြေညာသူအသီးသီး၏ အပြောအဆို၊ အသုံး အနှုန်း လေယူလေသိမ်းတွေက အတော်များများမြန်မာ မဆန်၊ မြန်မာမပီသ။ မြန်မာစကားကိုရွတ်ဆိုအသံထွက် ရာ၌ ဗျဉ္စနဗုဒ္ဓိဆယ်ပါး (ဝါ) သဒ္ဒါဆယ်ပါးနှင့်အညီ ဖတ်ရ ရွတ်ရသည်။ ဒီဃ (ရှည်ရှည်ဆွဲ၍ရွတ်ရသောအသံ)၊ ရဿ (တိုတို ဖြတ်၍ရွတ်ရသောအသံ)၊ ဂရု (လေးလေးရွတ်ရသော အသံ)၊ လဟု (ပေါ့ပေါ့ရွတ်ရသောအသံ)၊ ဓနိတ (တင်းတင်း ရွတ်ရသောအသံ)၊ သိထိလ (လျော့လျော့ ရွတ်ရသောအသံ)၊ သမ္ဗန္ဓ (ပုဒ်စပ်၍ရွတ်ရသောအသံ)၊ ဝဝတ္တိတ (ပုဒ်ဖြတ်၍ ရွတ်ရသောအသံ)၊ ဝိမုတ္တ (ဖွင့်၍ ရွတ်ရသောအသံ)၊ နိဂ္ဂဟိတ (ပိတ်၍ရွတ်ရသောအသံ)ဟူ၍ ဆယ်မျိုးဖြစ်သည်။

 

ယောက်ျားပီသမှု အားနည်း

အခု နိုင်ငံတစ်ဝန်းလုံးသာမက နယ်နိမိတ်ကျော်၍ပင် ထုတ်လွှင့်နေကြသော အသံလွှင့်မီဒီယာတွေက အစီအစဉ် ထုတ်လွှင့်ကြေညာနေသူများ၏ မြန်မာစကား မပီသမှု များကား အလွန်ရှက်စရာကောင်းလှသည်။ ပွင့်ပွင့် လင်းလင်း ပြောရလျှင် ကြေညာသည့် မိန်းမပျိုအားလုံးနီးပါးက မြန်မာသံကို လုံးဝမပီ။ (တ) နှင့် (သ)မပီသမှု ကတော့ ပြောစရာပင်မလိုလောက်အောင် အားလုံး တညီတညာ တည်းဖြစ်ကုန်ကြ၏။ ''အတွက်''ဟူသော ဖောချင်းသော ချင်းသုံးရသည့် မြန်မာစကားမှာ ''အတွယ်''ဟူးချည်း ဖြစ်နေသည်ကလည်း ပြောစရာ မလိုလောက်အောင် တညီတညာတည်းဖြစ်နေသည်။ အသံလွှင့်မီဒီယာတွေက ယောက်ျားလေးများ၏ အသံထွက်တွေကလည်း ယောက်ျားပီသမှု အားနည်း လှသည်။ မလိုအပ်ဘဲ အပျော့ဆွဲဖြင့် ချွဲတာနွဲ့တာတွေ များနေသည်။ ပုဂ္ဂလိက ရုပ်သံလွှင့်ဌာနကြီးတစ်ခုမှာတော့ အထူးသဖြင့် ဆက်တိုက်ကျင်းပနေသော ခေတ်ပေါ်ဂီတစင်မြင့် ဖျော်ဖြေပွဲများ အတွက် ဆက်တိုက်ထုတ်လွှင့်နေသည့် ကြေညာအစီအစဉ်တွင် ကြေညာသူက မြန်မာအဆိုတော်များ၏ မြန်မာနာမည်များကိုပင် စွတ်အတင်းမပီအောင်လုပ်၍ ကြေညာနေသည်ကလည်း အထိန်းအကွပ်မရှိ ဆိုးရွားလှသည်။

 

အသံထွက်လည်း မှန်၊ အဖြတ်အတောက်လည်း မှန်ဖို့

စကားမစပ် လွန်ခဲ့သောနှစ်ပေါင်း ၂ဝ နီးပါးက ပြည်တွင်းမှ ရုပ်သံမီဒီယာတစ်ခု ထုတ်လွှင့်ချိန် ကျွန်တော့် အိမ်သို့ အလည်အပတ်ရောက်ရှိနေသော BBS လိုကယ် တဲလင့် အဆိုတော်တစ်ဦးလည်းဖြစ်၊ မြန်မာ့အသံရေဒီယို အစီအစဉ် ကြေညာသူတစ်ဦးလည်း ဖြစ်ခဲ့ဖူးသူ အမျိုးသမီး အဆိုတော်ကြီးတစ်ဦးက အစီအစဉ် ကြေညာနေသည့် ဖန်သားပြင်ကို ခါးထောက်၍ တအံ့တဩကြည့်ရင်း ''အမယ်လေး... ငါတို့တုန်းကဖြင့် ပညာရှင်တွေက အထပ်ထပ်စိစစ်ပြီး အသံထွက်မှန်မှ ခန့်ထားတာပါတော်၊ အသံလုံးလည်းကောင်း၊ အသံထွက်လည်းမှန်၊ အဖြတ်အတောက်လည်းမှန်ဖို့ စိစစ်လိုက်ကြတာ၊ အခုတော့.....''ဟု မချိတင်ကဲပြောသည့် အသံကို ကြားယောင် မိသည်။ ယခု အက်ဖ်အမ်ရေဒီယိုတွေက အသံထွက်တွေကိုများ ထိုစဉ်က နယ်မြို့လေးတစ်မြို့တွင် အင်္ဂလိပ်စာ သင်တန်းဖွင့်ရင်း ရိပ်ကြီးခိုနေသည့်အဆိုတော် မမကြီးကြားသိပါက မည်သို့ပြောမည်ဆိုသည်ကို သိချင်ပါသေးသည်။


စကားကြွယ်ကြွယ် အသံထွက်မှန်မှန် လျှာကိုက်နာနာ စာပေါင်ပဲ့ပဲ့နှင့် ပီသကြည်မြသော မြန်မာသံ မြန်မာစကား များနှင့် မြန်မာ့အသံကို လွမ်းဆွတ်လှပါဘိ။   ။