ကန့်ဘလူ ၁၁  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇင်းကြိုးဝိုင်းအတွင်းရှိ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းရှိ သစ်တောပြခန်းသို့ လာရောက်ကြည့်ရှုသူများ များပြားလျက်ရှိကြောင်း လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

mdn

 

သစ်တောပြခန်းတွင် တောရိုင်းတိရိစ္ဆာန်ရုပ်လုံးသွင်း (၇)ကောင်၊ တိရိစ္ဆာန်အစိတ်အပိုင်းများနှင့် အရိုးများ (၁ဝ)မျိုးခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သဘာဝတောများအတွင်း ကျက်စားနေထိုင်ကြသည့် တိရိစ္ဆာန်များ၏ ပုံများကိုလည်းကောင်း၊ တောပန်းတောင်ပန်း အမျိုးအစားပေါင်း (၅ဝ)ကျော်ကို မှတ်တမ်းဓာတ်ပုံများဖြင့်လည်းကောင်း ခင်းကျင်းပြသထားကြောင်း သိရသည်။

 

''တိုင်းအတွင်းမှာ အထင်ကရ နေရာတွေအများကြီးရှိတဲ့အထဲမှာ ဗန်းမောက်မြို့နယ်အတွင်းက ဇလုံတောင်ကိုသွားကြတဲ့ ခရီးသွားတွေက အပြန်မှာ လင်းနို့ဂူကို ဝင်ပြီးလေ့လာကြတယ်၊ အဲဒီအထဲမှာ သစ်တောပြခန်းကိုတော့ အများဆုံးလေ့လာကြည့်ရှုကြတယ်၊ ၂ဝ၁၉ ခုနှစ်အတွင်းမှာတော့ တစ်လကို အနည်းဆုံး ၄ဝဝ ကျော်ကနေ (၇ဝဝ)ဝန်းကျင်လောက်အထိ သစ်တောပြခန်းကိုလာရောက်လေ့လာကြတယ်''ဟု လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

mdn

 

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်အသိပညာပေး အပန်းဖြေစခန်းသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီး မိုင်တိုင်အမှတ် (၆၅)မိုင် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးမှ အရှေ့ဘက်ခြမ်းသို့ (၅)မိုင် (၂)ဖာလုံးခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)