ဆရာထန်
 

ကူးစက်ရောဂါများ (Infection diseases) သည် မကူးစက်နိုင်သောရောဂါများ (ဥပမာ- သွေးတိုးနှင့် ဆီးချိုရောဂါ)နှင့်မတူဘဲ ခန့်မှန်းရခက်ကာ ကမ္ဘာ တစ်ဝန်းလုံးသို့ ပျံ့နှံ့စေနိုင်ပါသည်။ လွန်ခဲ့သော ရာစုနှစ် အတွင်း တစ်ဟုန်ထိုး တိုးတက်လာသော ဆေးပညာနှင့် ရောဂါရှာဖွေရေးစနစ်များကြောင့် ကူးစက်ရောဂါ အများစုကို ယခုအချိန်တွင် ကာကွယ်၊ ကုသနိုင်ရုံသာမက အမြစ်ပြတ်သည်အထိ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် ထိုတိုးတက်လာသော သိပ္ပံနှင့် နည်းပညာများ ကြောင့် ဆက်နွှယ်၍ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ (ဥပမာ-မွေးမြူရေးစနစ်နှင့် စက်မှုလုပ်ငန်းများ တိုးတက် လာခြင်း၊ သယ်ယူပို့ဆောင်မှု မြန်ဆန်လာခြင်း၊ မြို့ပြစနစ် ထွန်းကားလာခြင်း)၊ သစ်တောပြုန်းတီးမှုများနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှုသည် ယခင်ထက်ပို၍ ကြီးမားလာခဲ့သည်။ စင်စစ်သုတေသီများက ကမ္ဘာတစ်ဝန်းတွင် ထွန်းသစ်စ ကူးစက်ရောဂါများ (Emerging infectious diseases- EID) ကိုဆန်းစစ်ရာ၌ ဖြစ်ပေါ်မှုနှုန်းမှာ ပုံမှန်တိုး၍ တွေ့ရှိရကြောင်း ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေသော “Nature” စာစောင်၌ ဖော်ပြခဲ့သည်။ ထိုထွန်းသစ်စ ကူးစက်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ တိရစ္ဆာန် များမှ လူသို့ကူးစက်သောရောဂါများ (Zoonoses)ကြောင့် ဖြစ်သည်။ ထိုကူးစက်ရောဂါများကို သယ်ဆောင်သော တိရစ္ဆာန်များအနက် ၇၀ ရာခိုင်နှုန်းခန့်မှာ တောရိုင်း တိရစ္ဆာန် (အထူးသဖြင့် လင်းနို့) များဖြစ်သည်။ လင်းနို့ များသည် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေသည့် ရောဂါပိုးမျိုးကွဲများစွာကို သဘာဝအတိုင်း သယ်ဆောင်ပြီး ရှင်သန်နိုင်သည့် (natural reservoirs) သတ္တဝါအဖြစ် တိုး၍ အသိအမှတ်ပြုခံလာရသည်။
တစ်မူထူးတဲ့ ထိုလင်းနို့
နို့တိုက်သတ္တဝါများအနက် လင်းနို့တစ်မျိုးတည်း ကသာ စစ်မှန်သော ပျံသန်းမှု (powered flight) ပြုလုပ် နိုင်သည်။ လင်းနို့များသည် ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများအရ လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့်ကတည်းက ရှင်သန်ခဲ့သော သတ္တဝါဖြစ်ပြီး လက်ရှိ အချိန်တွင် အန္တာတိကတိုက်မှလွဲ၍ ကမ္ဘာတစ်ဝန်း၌ မျိုးစိတ် (species) ပေါင်း ၁၃၀၀ ကျော်တိုင်အောင် ပြန့်ပွားကာတွေ့ရသဖြင့် ကြွက် (rodents) မျိုးများ ပြီးလျှင် ဒုတိယမြောက်မျိုးစိတ်အများဆုံးရှိသော နို့တိုက် သတ္တဝါ ဖြစ်သည်။
အရွယ်အစားအားဖြင့် မျိုးစိတ်ကိုလိုက်ပြီး နှစ်ဂရမ် မှ နှစ်ကီလိုဂရမ်အထိ ရှိနိုင်သော လင်းနို့များကို အကြီးစား လင်းနို့ (megabats)နှင့် အသေးစားလင်းနို့ (microbats) ဟူ၍ ယခင်က အုပ်စုနှစ်စုခွဲထားသော်လည်း ယခုအခါ တွင် မျိုးရိုးဗီဇအချက်အလက်များအပေါ်မူတည်၍ Yinpterochiroptera (အကြီးစားလင်းနို့များနှင့် အသေးစားလင်းနို့များမှ မိသားစု ငါးခု) နှင့် Yangochiroptera (ကျန်အသေးစားလင်းနို့များ) ဟူ၍ အုပ်စုခွဲထားပါသည်။
လင်းနို့၏အတောင်သည် ငှက်များနှင့် အင်းဆက် များ၏ အတောင်များကဲ့သို့ တောင့်တင်းခိုင်မာသောအရာ (Keratin နှင့် Chitin) များနှင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ လက်ချောင်းကလေးများအကြားရှိ အရေပြား ဖြင့် တည်ဆောက်ထားသောကြောင့် နူးညံ့ပျော့ပျောင်း ကာ လိုသလို ဆွဲဆန့်နိုင်ပြီး ပတ်ဝန်းကျင်၏ ထိတွေ့မှု ကိုလည်း လွယ်ကူစွာခံစားနိုင်ပါသည်။
လင်းနို့များသည် အရွယ်အစားတူသော အခြား ကုန်းနေ နို့တိုက်သတ္တဝါများနှင့် နှိုင်းယှဉ်လျှင် အသက်ရှင် မှု သက်တမ်းအလွန်ရှည် (၃ ဒသမ ၅ ဆခန့်ပိုရှည်) ကြောင်း တွေ့ရသည်။ ပျံသန်းနိုင်ခြင်းကြောင့် သူတို့ကို အန္တရာယ်ပြုမည့်သားကောင် (Predators)များ၏ ရန်မှ လွတ်မြောက်ကာ အသက်ပိုရှည်ရခြင်းဖြစ်မည်ဟု ယူဆ နိုင်သော်လည်း အရွယ်အစားတူ ငှက်များထက်လည်း ပို၍အသက်ရှည်နေသည်ကို တွေ့ရပြန်သည်။ ဥပမာ အားဖြင့် Myotis brandtii လင်းနို့၏ သက်တမ်းမှာ ၄၁ နှစ် ဖြစ်သော်လည်း ထိုလင်းနို့နှင့် အရွယ်အစားတူသော Selasphorus platycerus ငှက်မျိုး၏ သက်တမ်းမှာ ၁၄ နှစ်ခန့်သာ ဖြစ်သည်။
လင်းနို့များသည် သဘာဝအားဖြင့် နေ့အချိန်တွင် လိုဏ်ဂူများ၊ သစ်ခေါင်းများနှင့် အဆောက်အအုံများတွင် နားနေပြီး ညအချိန်တွင် ပျံသန်းကာ သစ်သီးနှင့် ပန်းဝတ်ရည်များ သို့မဟုတ် အင်းဆက်ပိုးမွှားများကို စားသုံးလေ့ရှိသည်။ ထိုသဘာဝကြောင့် လင်းနို့များသည် သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်၌ မျိုးစိတ်ဖြန့်ကြဲခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ပိုးမွှားများသုတ်သင်ခြင်း (ရောဂါသယ် ပိုးမွှားနှင့် သီးနှံဖျက်ပိုးမွှားများ)နှင့် သဘာဝမြေဩဇာ ထုတ်လုပ်ပေးခြင်းများပြုလုပ်ကာ စိုက်ပျိုးရေးကဏ္ဍနှင့် ဂေဟစနစ် (ecosystem) ထိန်းသိမ်းရေးအတွက် အကျိုးပြု နေသော သတ္တဝါဖြစ်သည်။
တစ်ဖက်တွင်မူ တိုး၍တွေ့ရှိလာသော သုတေသန ရလဒ်များအရ လင်းနို့တွင် လူနှင့်အခြား တိရစ္ဆာန်များ အတွက် ရောဂါဆိုးများဖြစ်စေသော ရောဂါပိုးများစွာ (အထူးသဖြင့် ဗိုင်းရပ်စ်) သယ်ဆောင်နေကြောင်း တွေ့ရှိ ရသည်။ ထူးခြားသည်မှာ လင်းနို့များက ရောဂါပိုးများစွာ သယ်ဆောင်နေသော်လည်း ထိုပိုးများနှင့် သက်ဆိုင်သည့် ရောဂါလက္ခဏာများ လင်းနို့တွင် မတွေ့ရခြင်းပင် ဖြစ်သည်။
လင်းနို့တွင်တွေ့ရသော ရောဂါပိုးများ
၁၉၁၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ လင်းနို့တွင် တွေ့ရသော Lyssavirus ပိုးကြောင့် လူသားများတွင် ခွေးရူး ရောဂါ (rabies) ရရှိကြောင်း မှတ်တမ်းတင်ထားခဲ့သည့် အတွက် လင်းနို့မှဆင်းသက်လာသော ရောဂါပိုးနှင့် လူသားများထိတွေ့မှုမှာ ရာစုနှစ်တစ်ခုပင် ကျော်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။ ၁၉၉၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံရှိ လင်းနို့များမှ Hendra Virus ပိုးကြောင့် လူနှင့် မြင်းများတွင် အလွန်ပြင်းထန်သော ရောဂါသစ်တစ်မျိုး ဖြစ်ပွားခဲ့ရာမှစ၍ လင်းနို့များကို တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သော ရောဂါ အပြင်းစားများ (virulent Zoonotic infections) သိုလှောင် သယ်ဆောင်သော လက်ခံကောင် (reservoir host) အဖြစ် တိုး၍လက်ခံလာကြသည်။
လင်းနို့များတွင်ရှိသော ရောဂါပိုး (pathogen) များကို စစ်ဆေးရာတွင် လူနှင့် တိရစ္ဆာန်များကိုကူးစက်ကာ ရောဂါ ဖြစ်စေနိုင်သော ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ မှို (fungus) နှင့် ကပ်ပါးကောင်များကို တွေ့ရသည်။ သို့သော် လင်းနို့ရှိ ဗိုင်းရပ်စ်ပိုးများမှ ဖြစ်လာသည့် ရောဂါသစ်များမှလွဲ၍ ကျန်သောရောဂါပိုးများကြောင့် ဖြစ်သောရောဂါများကို ယခုအခါတွင် ကုသ၊ ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဤဆောင်းပါးတွင် ဗိုင်းရပ်စ်ပိုးများကိုသာ အလေးပေးဖော်ပြပါမည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ လင်းနို့မျိုးစိတ် ပေါင်း ၁၉၆ မျိုးတွင် တွေ့ရသော ဗိုင်းရပ်စ်ပိုးများကို စာရင်း ပြုစုရာတွင် ဗိုင်းရပ်စ်မိသားစု (viridae) ၂၃ ခုမှ ဗိုင်းရပ်စ် မျိုးစိတ်ပေါင်း ၄၁၀၀ ကျော်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ သည်။ ထိုဗိုင်းရပ်စ်များထဲမှ လူနှင့်တိရစ္ဆာန်များတွင် ထွန်းသစ်စ ကူးစက်ရောဂါ (EID) ဖြစ်ပေါ်လာစေနိုင်သည့် ဗိုင်းရပ်စ်မိသားစု သုံးစုအကြောင်း အနည်းငယ်ဖော်ပြလိုပါ သည်။
Paramyxovidae: ဤမိသားစုမှ Hendra ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု (outbreak) ကို ပထမဆုံးအကြိမ် အဖြစ် ၁၉၉၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ Brisbane မြို့၌ တွေ့ရှိခဲ့ပြီး လူနှစ်ဦးနှင့် မြင်း ၂၁ ကောင် အသက်ဆုံးရှုံး ခဲ့ရသည်။ တခြားမိသားစုဝင်ဖြစ်သော Nipah ဗိုင်းရပ်စ် သည်လည်း ၁၉၉၉ ခုနှစ်၌ တောင်နှင့်အရှေ့တောင်အာရှ ဒေသရှိ လူနှင့် ဝက်များကို ဖျားနာစေခဲ့ပြီး ရောဂါရှင်းလင်း ရန်အတွက် ဝက်ကောင်ရေ တစ်သန်းကျော်ကို သုတ်သင် (cull) ခဲ့ရသည်။
Filoviridae: လူအုပ်စုတွင် လူနှင့် မျောက်အနွယ်ဝင် တိရစ္ဆာန်များကို အဖျားတက်၍ သွေးယိုစီးမှုဖြစ်ကာ သေစေ နိုင်သော Ebola နှင့် Marburg ဗိုင်းရပ်စ်ပိုးများ ပါဝင်သည်။
Coronaviridae: ကျန်အုပ်စုအတွင်းရှိ လူသိ များသော ဗိုင်းရပ်စ်များမှ Severe acute respiratory syndrome coronavirus (SARS-CoV)၊ Middle East respiratory syndrome coronavirus (MERS- CoV) နှင့် ယခုလက်ရှိအချိန်တွင် ကပ်ရောဂါအဖြစ် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ (SARS-CoV-2) တို့ဖြစ်သည်။ ကျန်ဗိုင်းရပ်စ်ပိုး များသည် ကြက်၊ ငှက်များနှင့် နို့တိုက်သတ္တဝါများ၏ အသက်ရှူလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေသည့် ဘီတာ Corovavirus (ဘီတာ CoV) အုပ်စုဝင်ပိုးများ ဖြစ်သည်။
SARS ရောဂါသည် ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံရှိ လူဦးရေ ၈၀၉၈ ဦးသို့ ကူးစက်ခဲ့ကာ ၇၇၅ ဦး (သေနှုန်း ၁၀ ရာခိုင်နှုန်းခန့်)သေဆုံးခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ရောဂါကူးစက်မှု အဆုံး သတ်ခဲ့သည်။ လင်းနို့ရှိ SARS-CoV များသည် ကြားလက်ခံ ကောင် (Intermediate host) ကြောင်ကတိုး (Palm civet) မှတစ်ဆင့် လူများသို့ ကူးစက်ခဲ့ခြင်းဖြစ်သည်။
MERS ရောဂါသည် ၂၀၁၂ ခုနှစ်တွင် ဆော်ဒီအာရေဗျ နိုင်ငံမှစတင်၍ ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ အထိ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ လူ ၂၂၄၉ ဦးသို့ ကူးစက်ခဲ့ကာ သေနှုန်း ၃၅ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ လင်းနို့ရှိ MERS-CoV ပိုးကို ကြားလက်ခံကောင်ဖြစ်သော ကုလားအုတ် (Camel) များမှတစ်ဆင့် လူများသို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ငါးနှင့် တောရိုင်းတိရစ္ဆာန် များ ရောင်းချသည့်ဈေးမှ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့အထိ နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၁၃ ခုအတွင်းရှိ လူဦးရေ ၁၄ သန်းကျော်တွင် ကူးစက်ခဲ့ ကာ ခြောက်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသောသူများရှိ SARS-CoV-2 ပိုးသည် “Rhinolophus affinis” လင်းနို့များတွင် တွေ့ရသော CoV(BatCoVRaTG13) နှင့် မျိုးရိုးဗီဇအားဖြင့် ၉၆ ရာခိုင်နှုန်းတူညီသဖြင့် ဤကိုဗစ်-၁၉ ရောဂါသည် လည်း လင်းနို့များမှ အစပြုခဲ့သည်ဟု သုတေသီ အများစုက ယူဆထားကြသည်။ လွန်ခဲ့သော မတ်လက ထုတ်ဖော်ခဲ့သော သုတေသနစာတမ်းတွင် တရုတ် သုတေသီများက သင်းခွေချပ် (Pangolin) တွင် တွေ့ရ သော Coronavirus (Pangolin-CoV) သည် မျိုးရိုးဗီဇ (genome) အားဖြင့် ကိုဗစ်-၁၉ နှင့် ၉၁ ရာခိုင်နှုန်း လင်းနို့ CoV (Bat CoV RaTG13) နှင့် ၉၀ ဒသမ ၆ ရာခိုင်နှုန်း တူညီကြောင်း ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် သင်းခွေချပ်ကို ကြားလက်ခံကောင်အဖြစ် ယူဆနိုင်သော် လည်း အခြားတိရစ္ဆာန်များသည်လည်း ပို၍ဆီလျော် သော ကြားလက်ခံကောင်များ ဖြစ်လာနိုင်ခြေရှိသည်။
မြန်မာနိုင်ငံရှိ လင်းနို့များမှ
တွေ့ရသော ရောဂါပိုးများ
တိုးတက်ခေတ်မီသော နိုင်ငံများစွာက မိမိတို့နိုင်ငံ အတွင်းရှိ လင်းနို့များတွင်ရှိသော ရောဂါပိုးများကို စစ်ဆေးရှာဖွေမှု ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံရှိ လင်းနို့များမှ ရောဂါပိုးရှာဖွေမှု သုံးခုကိုလည်း နိုင်ငံတကာသုတေသနဂျာနယ်များ၌ မှတ်တမ်းတင် ဖော်ပြထားသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရသဖြင့် အောက်တွင်ဖော်ပြအပ်ပါသည်-
၁။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ သုတေသီ များက ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ကချင်ပြည်နယ် တောင်ပိုင်းမှ လင်းနို့ ၈၅၃ ကောင် (မျိုးစိတ်ကွဲ ခြောက်မျိုး)မှ ဗိုင်းရပ်စ်အားလုံး (Virome) ကို next generation sequencing နည်းဖြင့် စစ်ဆေး ခဲ့ရာ ဗိုင်းရပ်စ်မိသားစု ၂၄ ခု တွေ့ရှိခဲ့သည်။ ထိုအထဲမှ “Minopterus fuliginosus” လင်းနို့မျိုး တွင်သာ လူများတွင် “Hepatitis B” ဖြစ်စေနိုင် သော Orthohepadna virus များကို တွေ့ခဲ့ရ သည်။ ထို့အပြင် မျိုးစိတ်ငါးမျိုး၌ သွေးနွေး သတ္တဝါ များ၏ ဆဲလ်အတွင်းကို ပျက်စီးစေသော (Intracellular parasite) ကပ်ပါးကောင် တစ်မျိုး ဖြစ်သည့် Toxoplasma gondil ဟုခေါ်သော protozoan ကိုလည်း တွေ့ရှိခဲ့သည်။
b စာမျက်နှာ ၆ မှ
၂။ ထို့အတူ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပညာရှင်များ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်တွင် နေပြည်တော် ပြည်ထောင်စုနယ်နိမိတ်နှင့် စစ်ကိုင်းတိုင်း ဒေသ ကြီးအတွင်းရှိ လင်းနို့ ၁၂၁ ကောင် (မျိုးစိတ် ၁၂ မျိုး) ဖမ်းပြီး စစ်ဆေးမှုပြုလုပ်ခဲ့ရာ မျိုးစိတ်နှစ်မျိုးမှ လင်းနို့ လေးကောင်တွင် Hantavirus များကို တွေ့ရှိခဲ့ကြသည်။ ထိုဗိုင်းရပ်စ်သည် လူများတွင် အဖျားတက်၍ သွေးယိုကာ ကျောက်ကပ်ကို ပျက်စီးစေနိုင်သော “HFRS” (Haemorrhagic Fever with Renal Syndrome) ရောဂါကို ဖြစ်စေ နိုင်သည်။
၃။ ပြီးခဲ့သည့် ဧပြီလတွင် “PLOS ONE” ဟု ခေါ်သော နိုင်ငံတကာ သုတေသနဂျာနယ်က မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရှိ လင်းနို့များမှ Coronavirus နှင့်ဆိုင်သော စာတမ်းကို ဖော်ပြခဲ့သည်။ ဤသုတေသနတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသ သုံးခု (၁။ ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှော်ကားအမျိုးသား ဥယျာဉ်အနီး၊ ၂။ ကရင်ပြည်နယ် ဘားအံမြို့နှင့် ၃။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့)မှ လင်းနို့ ပေါင်း ၄၆၄ ကောင် (မျိုးစိတ် ၁၁ မျိုး) ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အရှင်ဖမ်းယူပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။ Coronavirus ခုနစ်မျိုးကို တွေ့ရှိခဲ့သည်။ ထိုအထဲမှ လေးမျိုးမှာ အယ်ဖာ Coronavirus (PREDICT- CoV-35,47,82နှင့် 90) များဖြစ်ပြီး ကျန်သုံးမျိုးမှာ ဘီတာ Coronavirus (PREDICT- CoV-92,93 နှင့်96) များဖြစ်ကြသည်။ အယ်ဖာ Coronavirus (PREDICT- CoV- 35) ကိုလွန်ခဲ့သည့် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်များအတွင်း အိမ်နီးချင်းဖြစ်သော ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများရှိ လင်းနို့များတွင် တွေ့ရှိခဲ့ပြီးဖြစ်သော် လည်း ကျန် Coronavirus ခြောက်မျိုးမှာ မည်သူ ကမျှ တွေ့ရှိဖော်ပြခဲ့ခြင်း မရှိသေးသော ဗိုင်းရပ်စ် novel Coronavirus များဖြစ်သည်။
လင်းနို့နှင့် ရောဂါခံနိုင်မှု
လင်းနို့၏ ခန္ဓာဗေဒ၊ ရှင်သန်နေထိုင်ပုံနှင့် ရောဂါ ခုခံကာကွယ်ရေးနှင့်ဆိုင်သော သုတေသနပြုချက်များ လုံလောက်စွာမရှိသေးသဖြင့် လင်းနို့များ မည်သို့ရောဂါ တုံ့ပြန်မှုပြုသည်ကို အသေးစိတ်နားလည်နိုင်ခြင်း မရှိသေးပေ။ သို့ရာတွင် ယနေ့အထိ ရရှိထားသော လင်းနို့ ဆိုင်ရာ သုတေသနအချက်အလက်များနှင့် အခြားသတ္တဝါ များမှရရှိသော အချက်အလက်များကို ပေါင်းစည်း၍ ချင့်ချိန်ခြင်းဖြင့် လင်းနို့များ၏ ရောဂါခုခံကာကွယ်မှုကို အောက်ပါအတိုင်း မှန်းဆနိုင်ပါသည်။
ပျံသန်းနိုင်သော သတ္တဝါများ ပျံသန်းရန်အတွက် စွမ်းအင်များစွာ စိုက်ထုတ်ရန်လိုအပ်သည်။ အကြောင်းမှာ ကမ္ဘာ့ဆွဲငင်အားကို ဆန့်ကျင်၍ လေပေါ်တွင်နေနိုင်ရန် စွမ်းအင်လိုအပ်သကဲ့သို့ ရှေ့သို့တိုး၍ ပျံသန်းနိုင်ရန်လည်း စွမ်းအင်လိုအပ်သောကြောင့် ဖြစ်သည်။ ငှက်အများစု ပျံသန်းသောအခါ နားနေသော ငှက်များထက် နှုန်း (Basal metabolic rate) နှစ်ဆခန့် မြင့်တက်လာပါသည်။ သို့သော် ပျံသန်းနေသော လင်းနို့များတွင် နားနေသော လင်းနို့များထက် ဇီဝဖြစ်ပျက်မှုနှုန်း ၁၅ ဆခန့် မြင့်တက် လာပြီး ကိုယ်အပူချိန်လည်း (၄၀
˙C) မြင့်လာပါသည်။ ယေဘုယျအားဖြင့် နို့တိုက်သတ္တဝါများတွင် ရောဂါပိုး စတင် ဝင်ရောက်လာသောအခါ ကိုယ်ခန္ဓာအတွင်း၌ ဇီဝဖြစ်ပျက်မှု နှုန်းနှင့် ကိုယ်အပူချိန်မြင့်မားလာခြင်းဖြင့် ခန္ဓာ၏ ကိုယ်ခံ အားစနစ် (Innate and adaptive immune system) များကို တပ်လှန့်နှိုးဆွစေပါသည်။ ထို့ကြောင့် သုတေသီ တချို့က ပျံသန်းမှုကြောင့် မြင့်လာသော ဇီဝဖြစ်ပျက်မှုနှုန်း နှင့် ကိုယ်အပူချိန်များက လင်းနို့၏ ရောဂါခုခံကာကွယ်ရေး စနစ်ကို နှိုးဆွခြင်းဖြင့် ရောဂါပိုးများကို ခံနိုင်ရည်ရှိခြင်း (Flight-as-fever hypothesis) ဖြစ်မည်ဟု အဆိုပြု ခဲ့ကြသည်။ သို့သော်လည်း ထိုအဆို ပြုချက်မှာ လင်းနို့တွင် ရှိသော ဗိုင်းရပ်စ်ပိုးများအတွက် အကျိုးသက်ရောက်မှု ရှိသော်လည်း ရောဂါပိုးအချို့အတွက် အကျုံးဝင်မှုမရှိသည် ကို တွေ့ရသည်။ ဥပမာ ဆိုရသော် ၂၀၀၆ ခုနှစ် ဆောင်း ရာသီ၌ အမေရိကန်နှင့် ကနေဒါနိုင်ငံရှိ တောအုပ်များတွင် အုပ်စုလိုက် ဆောင်းခို တွင်းအောင်းနေသော လင်းနို့များ၌ “Pseudogymnoascus destructans” ဟုခေါ်သော မှိုတစ်မျိုးကြောင့် အတောင်၊ နားရွက်နှင့် နှာဖျားတစ်လျှောက် ရှိ အရေပြားတွင် အနာ (White- nose syndrome-WNS) ဖြစ်ကာ လင်းနို့ သန်းနှင့်ချီ၍ သေဆုံးခဲ့သည်။ ထို့အတူ UK မှ ပညာရှင်များကလည်း လင်းနို့များသည် Borellia spp: ဗက်တီးရီးယားကြောင့် သေခဲ့ကြောင်း ၂၀၀၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။
မကြာမီက ပြုလုပ်ခဲ့သော မျိုးရိုးဗီဇဆိုင်ရာ သုတေသန တွေ့ရှိချက်များအရ လင်းနို့များတွင် ဆင့်ကဲ ဖြစ်စဉ်ကြောင့် cell အတွင်းရှိ Mitochondrial genome ပြောင်းလဲလာပြီး ပျံသန်းမှုနှင့် ဆက်နွှယ်သည့် ကိုယ်အပူချိန် နှင့် ဇီဝဖြစ်စဉ် မြန်ဆန်မှု၏ ဆိုးကျိုးများကို cell အတွင်း တွင် ခံနိုင်ရည်ရှိလာစေခြင်းဖြစ်သည်ဟု အဆိုပြုထားသည်။ ထိုခံနိုင်ရည်၏ အကျိုးဆက်ကြောင့် cell အတွင်းသို့ ဝင်ရောက်တိုက်ခိုက်သောရောဂါ (intracellular infection) ဝင်ရောက်လာသောအခါ cell မသေဘဲ ရှင်းလင်းသည့်နည်း (Autophagy) ဖြင့် ပထုတ်ကာ cell များကိုလည်း အသက် ပိုရှည်စေခြင်းကြောင့် လင်းနို့များလည်း အသက်ရှည်ရခြင်း ဖြစ်မည်ဟု ဆိုပါသည်။
အခြားနို့တိုက်သတ္တဝါများနည်းတူ ရောဂါခံစားရ
ထို့ကြောင့် အမေရိကန်နိုင်ငံ Princeton တက္ကသိုလ်ရှိ သုတေသီများက လင်းနို့သည် ဆင့်ကဲဖြစ်စဉ်၏ ပဲ့ကိုင်ပုံသွင်း မှုကြောင့် cell အတွင်းသို့ဝင်ရောက်၍ ရောဂါပေးနိုင်သော ပိုးမွှား (intracellular pathogen) များကို ခံနိုင်ရည်ရှိလာပြီး cell ၏ အပြင်ဘက်၌ ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ (extracellular Pathogen) (ဥပမာ Borellia spp: နှင့် WNS ရောဂါ)နှင့် ရင်ဆိုင်ရသောအခါ အခြားနို့တိုက်သတ္တဝါ များနည်းတူ ရောဂါခံစားရသည်ဟု ဖော်ပြခဲ့သည်။
လင်းနို့တွင်ရှိသော ဗိုင်းရပ်စ်ပိုးများသည် လူနှင့် တိရစ္ဆာန်များအကြား အလွယ်တကူ ကူးစက်ရှင်သန်နိုင်သော ရောဂါပိုးအဖြစ် အသွင်ပြောင်းလာပါက အလွန်ကြောက်မက် ဖွယ်ကောင်းသော ရောဂါဆိုးကြီးဖြစ်လာနိုင်ကြောင်းမှာ ထင်ရှားလှသည်။ ယခုအချိန်တွင် လင်းနို့များရှိ ဗိုင်းရပ်စ်ပိုး အသစ်များစွာကို မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် တွေ့ရှိ ထားပြီဖြစ်သည်။ စင်စစ်မြန်မာနိုင်ငံရှိ လင်းနို့များတွင် တွေ့ရှိခဲ့သော Coronavirus များထဲမှ သုံးမျိုးသည် ကြောက်စရာကောင်းသော SARS၊ MERS နှင့် ကိုဗစ်-၁၉ ရောဂါများနှင့်အုပ်စုတူသော ဘီတာ Coronavirus (ဘီတာ- CoV) များဖြစ်သည်ကို သတိချပ်သင့်သည်။
မြို့ပြအိမ်ရာနှင့် လယ်မြေများတိုးချဲ့လာမှုကြောင့် လင်းနို့အပါအဝင် တောရိုင်းတိရစ္ဆာန်များ၏ အသိုက်အမြုံ များ တစ်နေ့တခြား ကျဉ်းမြောင်းလာပါသည်။ ထို့အပြင် လင်းနို့အပါအဝင် တောရိုင်းတိရစ္ဆာန်များအား ဖမ်းဆီး၊ ရောင်းဝယ်၊ စားသောက်ခြင်းများ ကမ္ဘာတစ်ဝန်းတွင် ရှိနေသေးသဖြင့် ကြောက်စရာဗိုင်းရပ်စ်များနှင့် လူသားများ ထိတွေ့ရန် သာ၍လွယ်ကူလာပါသည်။ ဤအချိန်တွင် လုပ်ဆောင်သင့်သောအရာများကို လျစ်လျူရှုပြီး နေမည် ဆိုပါက ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါသစ်များစွာ အချိန်မရွေး ထပ်မံပေါ်ပေါက်လာနိုင်ပါသည်။
ကဏ္ဍစုံမှ ပညာရှင်များ (ဥပမာ- ကပ်ရောဂါဆိုင်ရာ ပညာရှင်များ၊ ဆရာဝန်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ သုတေသီများ) ပူးပေါင်း၍ လင်းနို့အကြောင်း၊ ကူးစက်နိုင်သော ရောဂါ ပိုးများအကြောင်းနှင့် ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်း များကို လျင်မြန်စွာ ဖော်ထုတ်နိုင်ရန် လွန်စွာအရေးကြီး လှပါသည်။
တစ်ချိန်တည်းတွင်လည်း ကူးစက်ရောဂါသစ်များ လူနှင့် မွေးမြူရေးတိရစ္ဆာန်များအတွင်းသို့ မဝင်ရောက် နိုင်ရန် ဇီဝလုံခြုံရေး (Biosecurity) စနစ်ကို အခြေခံ မွေးမြူရေးသမားများနှင့် တောင်သူလယ်သမားများအထိ ကောင်းမွန်စွာနားလည်၍ ကျင့်သုံးကြရန် အထူးလိုအပ် ပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပြည်သူများ အတွက် ကျန်းမာရေးအသိတိုးလာစေမည့် ပညာပေး လုပ်ငန်းများကို တိုး၍လုပ်ဆောင်ရန် လိုအပ်ပါသည်။ ပြည်သူများကလည်း ယခု ကိုဗစ်-၁၉ ကြောင့် ရရှိသော ကျန်းမာရေးဆိုင်ရာ အကျင့်ကောင်းများ (မကြာခဏ လက်ကိုစင်ကြယ်စွာဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ နှာချေ ချောင်းဆိုးပါက ပတ်ဝန်းကျင်သို့ မပြန့်အောင်ထိန်းခြင်း) ကို ဆက်လက်ကျင့်သုံးပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာန ၏ ညွှန်ကြားချက်များကို အမြဲလိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ ဤသို့ အလွှာစုံမှ ပြည်သူများအားလုံး က မိမိတို့ကျရာ ကဏ္ဍအလိုက် လုပ်ဆောင်ရန်ရှိသည် များကို တက်ညီလက်ညီဆောင်ရွက်မည်ဆိုပါက လူနှင့် သတ္တဝါများ သဟဇာတဖြစ်စွာဖြင့် ယှဉ်တွဲနေထိုင်မည် ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကူးစက်ရောဂါဆိုးများနှင့် လည်း ကင်းဝေးမည် ဖြစ်သည်။ ။
References
1. Arai S, Kikuchi F, Bawm S, et al. Molecular Phylogeny of Mobatviruses (Hantaviridae in Myanmar and Vietnam. Viruses. 2019; 11 (3): 228.
2. Brook CE, Dobson AP. Bats as ‘special’ reservoirs for emerging zoonotic pathogens. Trends Microbiol. 2015; 23(3): 172-180.
3. He B, Liz, Yang F, et al. Virome Profilling of bats from Myanmar by metagenomic analysis of tissue samples reveals more novel Mammalian viruses. PloS One. 2013; 8(4): e 61950.
4. O’Shea TJ, Cryan PM, Cunningham AA, et al. Bat flight and zoonotic viruses. Emerg infect Dis. 2014; 20(5): 741-745.
5. Valitutto MT, Aung O, Tun KYN, et al. Detection of novel coronaviruses in bats in Myanmar. PloS One, 2020:15 (4):e0230802.