လှည်းကူး  ၁၇ ဒီဇင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကြာအင်းအရှေ့ကျေးရွာရှိ ရေကန်အတွင်းတွင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက အမျိုးသားတစ်ဦးရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၆)ရက် ည(၁၁)နာရီ(၅၅)မိနစ်အချိန်ခန့်က ကြာအင်းအရှေ့ကျေးရွာ၏ အနောက်ဘက်(၁)ဖာလုံခန့်အကွာရှိ ရေအနက် ၁၀ ပေ၊ အကျယ် ၂ ဧကခန့်ရှိ ကျွဲနွားများသောက်သုံးရေကန် (လူ အသုံးမပြု)အတွင်း လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ရဲအုပ်မောင်မောင်ဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ သန်းဇော်ဦး(၃၆)နှစ် ကြာအင်းအရှေ့ကျေးရွာ လှည်းကူးမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး ၎င်းအား ရေကန်အတွင်းမှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဆယ်ယူစစ်ဆေးရာ ပါးစပ်မှရေများအန်ထွက်ခြင်း၊ နှာခေါင်းမှအမြှုပ်များထွက်ခြင်း၊ လက်နှစ်ဖက် ခြေနှစ်ဘက်မှာ ကွေးလျက်အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိသည်ကို စစ်ဆေးတွေ့ရှိရ၍ ပတ်ဝန်းကျင်အားစုံစမ်းရာ သေဆုံးသူမှာ နေ့/ည အရက်အလွန်အကျွန်သောက်သုံးပြီး အဆိုပါရေကန်ထဲတွင် နေ့စဉ်ပိုက်တန်းကာ ငါးရှာလေ့ရှိကြောင်း၊ ၎င်းတွင် အတက်ရောဂါရှိပြီး မကြာခဏတက်တတ်ကြောင်း စုံစမ်းသိရှိရသဖြင့် သေဆုံးသူအား လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာမျိုးမင်းဇော်မှ လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ဆက်လက်စစ်ဆေးနိုင်ရန် လှည်းကူးမြို့နယ် ငါးဆူတောင်နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

နိုင်လင်း(လှည်းကူး)