နေပြည်တော် ၁ ဧပြီ
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထားသော ကဏ္ဍများတွင် ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၁၉ခုနှစ် အတွင်း၅၀ % အထိဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ ကျေးရွာများမှ ပြည်သူများ၏ အိမ် အရောက် ဓာတ်အားဆက်သွယ်ရန် အဓိကလိုအပ်သည့် ဗို့အားနိမ့်ဓာတ်အားလိုင်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်း တည်ဆောက်ဓာတ်အားပေးနိုင်ရေးအတွက်လည်းကောင်း၊ ကျေး လက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးတွင် ဆောင်ရွက်နေသောဓာတ်အား စနစ်ပြင်ပ လျှပ်စစ် ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် လိုအပ်သည့်လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းများရေး ဆွဲပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် လည်းလို အပ်သည့်ကူညီထောက်ပံ့မှုများဆက်လက်ပံ့ပိုးစေလိုကြောင်း၊ ဓာတ်အားရရှိရန် ကျန်ရှိသည့်၅၀ % တွင် ကျေးလက်နေအိမ်ထောင်စုများသာအများစုပါဝင်မည်ဖြစ်ရာ ဓာတ်အားစနစ်တိုး ချဲ့ခြင်း အပြင် ဓာတ်အားစနစ်နှင့်အလှမ်းဝေးသောဒေသများ၌ Mini-grid စနစ်များအတွက် ရေအားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်အမျိုးမျိုးကိုရှာဖွေပြီး၊ စရိတ်သက်သာမည့် နည်းပညာ များဖော်ထုတ်ဆောင်ရွက်ရေး ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ပံ့ပိုးပေးနိုင်ရန်တွန်းအား ပေးဆွေးနွေး လိုပါကြောင်း၊အမျိုးသားပြန်ပြည့်မြဲစွမ်းအင် ကော်မတီကိုလည်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် နိုင်ငံတော်မှ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ကဲ့သို့ ဒေသများတွင် Solar ဖြင့်ဓာတ်အားပေးရေးဆောင်ရွက်လျက်ရှိရာ၂၀၁၉ ခုနှစ် ဧပြီလကုန်တွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်ထားကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင် နှုန်းနည်းနေသေးသော ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ချောင်းများပေါများသည့်အတွက် ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ပေါ့ပါးလွယ်ကူစွာဓာတ်အားထုတ်နိုင်သည့် အသေးစားဓာတ်အားထုတ်စက်များကို တပ်ဆင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကမိမိတို့ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ပါဝင်မှုအချိုးတွင် ပြန်ပြည့်မြဲစွမ်းအင်အနေဖြင့် ၈ ရာခိုင်နှုန်း ရည်မှန်းထားမှုအားပြည့်မီစေရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ၇၅ ရာခိုင်နှုန်း ထိရရှိစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


