၄ ဇန်နဝါရီ
လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း ဟူသောတရားများသည် လောကကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းအပ်သော တရားများတည်း။ ဤတရားသုံးပါးကား အပြန်အလှန် အမှီသဟဲပြုနေကြ၏။ လွတ်လပ်မှုရှိမှသာ ညီမျှခြင်း၊ တရားမျှတခြင်းဟူသည်ကို ဖန်တီးနိုင်မည်ဖြစ်သလို တန်းတူညီမျှမှုမရှိသော၊ တရားမျှတမှုကင်းမဲ့သော လွတ်လပ်ရေးကိုလည်း သူသူငါငါ အများတကာ တန်ဖိုးထားလေးစားမည်မဟုတ်။ နိုင်ငံနှင့် နိုင်ငံသားများအတွက် ညီမျှခြင်း၊ တရားမျှတခြင်းဟူသောဆေးဝါးကို စနစ်တကျမှန်မှန်ကန်ကန် သုံးစွဲနေသ၍ အချုပ်အခြာအာဏာ ပျက်ယွင်းခြင်း၊ လွတ်လပ်ရေးဆုံးရှုံးခြင်းတည်းဟူသော ရောဂါဆိုးများ မည်သည့် အခါမှ မကျရောက်နိုင်ဟု ယုံကြည်ပါသည်။
သူ့ကျွန်ဘဝဖြင့် မည်သူမျှမနေချင်ပါ
အမြော်အမြင်ရှိသော ခေါင်းဆောင်ကောင်းများဖြင့် တစည်းတလုံးတည်းရှိခဲ့သော ခေတ်ကာလများတွင် အမိမြန်မာနိုင်ငံတော် ကြီး၏အင်အားမှာ ခိုင်မာကြီးမားခဲ့သည်။ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှုအင်အားများ တောင့်တင်းခိုင်မာ၍ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကြီးများအဖြစ် ထည်ထည်ဝါဝါ ခန့်ခန့်ညားညားရပ်တည်ခဲ့ဖူးသည်။ ထိုခေတ်ထိုအင်ပါယာများသည်ပင် စည်းလုံးမှုပြိုကွဲ၊ ညီညွတ်မှုပျက်ပြား၍ ကဏ္ဍအားလုံး ရေချိန်စွမ်းပကားနိမ့်ပါးသည့် အခြေအနေတွင် အင်အားတောင့်တင်းသော နိုင်ငံတော်ကြီးများအဖြစ်မှ အင်အားနည်းပါး ဆုတ်ယုတ်ပျက်ပြားခဲ့ရသည်။ သူ့ကျွန်ဘဝနှင့်နေခဲ့ကြရသော ကျွန်တော်တို့မြန်မာလူမျိုးများ သူတစ်ပါးလက်အောက်ခံ သူ့ကျွန်ဘဝ ကျွန်အဖြစ်နှင့် မနေချင်၍ အမြော်အမြင်ရှိသောခေါင်းဆောင်များ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသားပြည်သူအားလုံးများ အားလုံး၏ စုပေါင်းစွမ်းပကားဖြင့် လွတ်လပ်ရေးကို ပြန်လည်အရယူခဲ့ကြရသည်။ နှစ်ပေါင်း ၁၀၀ ကျော်မျှ ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကို ပြန်လည်အရယူနိုင်ခဲ့သည်မှာ ဘယ်အကြောင်းတရားများကို အခြေခံခဲ့သနည်း။
ညီညွတ်မှုကသာအရင်းခံ
လွတ်လပ်သောအချုပ်အခြာအာဏာပိုင် ဤမြန်မာနိုင်ငံကြီးသည် ငါတို့ဘိုးဘွားများက ရယူလက်ကမ်းပေးခဲ့သည့် အမွေအနှစ်တစ်ခု ဖြစ်သည်။ မြတ်နိုးထိုက်သည့်ရတနာတစ်ခုအဖြစ် တန်ဖိုးထားတတ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ဘယ်လူမျိုး၊ ဘယ်အမျိုးအနွယ်ဖြစ်ဖြစ် ကိုယ့်ရေမြေတောတောင်ကို တွယ်တာချစ်မြတ်နိုးကြသည်ပင် ဖြစ်သည်။ ကိုယ်မှီတင်း နေထိုင်ရာနေရာတစ်ခု လက်လွတ်ဆုံးရှုံးရမည်ကို သေမလောက်ကြောက်ကြသူချည်းသာ ဖြစ်သည်။ ကျွန်သပေါက်ဘဝဖြင့် လွှမ်းမိုးခြယ်လှယ်ခံရသည့် ခံစားချက်မျိုး နောင်လာနောက်သားတို့ထံတွင် မရှိစေလိုသည့် စိတ်ဓာတ်များ ရှေးဘိုးဘွားဘီဘင်တို့တွင် ကိန်းအောင်းခဲ့ကြသည်။ ကိုယ့်နိုင်ငံ ကိုယ့်အမျိုးကိုချစ်သည့် မျိုးချစ်စိတ်ဓာတ်က တိုင်းရင်းသားလူမျိုးအသီးသီး၏ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်မည့် နိုးကြားတက်ကြွမှုကို နှိုးဆွစေ့ဆော်ပေးနိုင်ခဲ့သည်။ နိုးကြားမှုက စည်းလုံးမှုကို ဖြစ်စေသည်။ အဓိကကျသော ညီညွတ်ရေးကိုရစေသည်။ ဤနေရာတွင်ရည်မှန်းချက်ချင်းတူ၊ ခံယူချက်ချင်းညီမျှသည့် အခြေအနေများက လွတ်လပ်ရေးပန်းတိုင်ဆီ မမှိတ်မသုန်လှမ်းချီနိုင်မည့် ပေါင်းစည်းမှုစွမ်းအားကို ပေးဆောင်နိုင်ကြောင်း မှတ်ယူနိုင်သည်။ ခိုင်မာသောဦးတည်ချက်က မတူညီသော ယဉ်ကျေးမှုများကို ပေါင်းစည်းစေပြီး တစ်စိတ်တည်းတစ်ဝမ်းတည်းဖြင့် အသက်သွေးချွေး စဉ်ဆက်မနှေး ပေးဆပ်ရဲခဲ့ကြသည်။
အခွင့်အလမ်းကောင်းကို အမိအရဆုပ်ကိုင်စေချင်
ယခုကာလသည်ကား နိုင်ငံနှင့်နိုင်ငံသားများအတွက် အခွင့်အလမ်းကောင်းများနှင့်အတူ ခိုင်မာသော အမျိုးသားညီညွတ်ရေး အင်အားတစ်ရပ်ဖြစ်ပေါ်ရန် အခြေခံများဖန်တီးနိုင်ခွင့်ရှိသည့် အနေအထားသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ ထိုအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်ဖို့သာလိုပါသည်။ သို့မှသာ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဟန်ချက်ညီပြီး “စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ပေါ်ထွန်းစေရေး မျှော်မှန်းနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် စစ်မှန်မှုကသာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အာမခံနိုင်မည်ဖြစ်သည်။ သို့မှသာ တရားမျှတမှုဟူသည်လည်း အဓိပ္ပာယ်ပြည့်ဝလာမည်ဖြစ်သည်။ အဓိပ္ပာယ် ပြည့်ဝသော တရားမျှတမှုဟုဆိုရာတွင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် တရားမျှတမှု၊ စီးပွားရေးလုပ်ငန်းကိုင်ငန်းများတွင် ညီညွတ်မျှတမှု၊ ဆင်းရဲချမ်းသာ အဆင့်အတန်းချင်း မကွာဟမှု၊ သူသာစေ ကိုယ်များစေဟူ၍မရှိဘဲ အခွင့်အလမ်းအရာတွင်လည်း တူညီမျှတစွာ ရရှိမှု၊ ဥပဒေ၏အထက်တွင်မည်သူမျှမရှိစေရဘဲ တရားဥပဒေရေးရာတွင်လည်း တန်းတူညီမျှရှိမှု၊ မတူကွဲပြားမှုကိုလေးစားတတ်မှုများ စသော လက္ခဏာရပ်များအားလုံးပါဝင်သည်။ သို့မှသာ အားလုံးပါဝင်သော ပြည်သူ့စုပေါင်းစွမ်းအားဖြင့် အခက်အခဲ အကျပ်အတည်း စိန်ခေါ်မှု မှန်သမျှ ဖြေရှင်းနိုင်မည်ဖြစ်သည်။
အချုပ်အခြာအာဏာဆုံးရှုံးခြင်းဟူသည်
ကမ္ဘာပေါ်တွင် နိုင်ငံအချို့သည် ပြည်ပအင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုခံနေရပြီး အချုပ်အခြာအာဏာ အပြည့်အဝမရဘဲ တစ်စိတ်တစ်ပိုင်းလွတ်လပ်ရေး ဆုံးရှုံးနေရ သကဲ့သို့ဖြစ်နေသည်ကိုလည်း မြင်တွေ့နေရ သည်။ မိမိနိုင်ငံတွင်း စည်းလုံးညီညွတ်မှုမရှိခြင်းကြောင့် တည်ငြိမ်မှုကင်းမဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝများအောက်တွင် အကြမ်းဖက်မှုများ၊ စစ်ပွဲများဖြင့် ဖိစီးမှုများကြုံတွေ့နေရသည့် အချို့နိုင်ငံငယ်များ၏ အဖြစ်အပျက်များသည် သင်ခန်းစာယူစရာ ဖြစ်သည်။ အစစအရာရာ အားနည်းသောနိုင်ငံ များသည် မိမိထက်အင်အားကြီးမားသော နိုင်ငံများ၏ နှိမ့်ချဆက်ဆံမှုကိုခံနေကြရသည်၊ ဝင်ရောက် စွက်ဖက်မှုများနှင့်အတူ တရားမဲ့ကျူးကျော်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပုံကို တွေ့မြင်နေရသည်။ ယင်းနိုင်ငံများတွင် အစိုးရ၏ဩဇာအာဏာသက်ရောက်မှု အားနည်းပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းကွာဝေးနေရသည့်ဖြစ်စဉ်များကို နေ့စဉ်ကြားသိနေရသည်။ မိမိလူမျိုးနှင့် မိမိပိုင်နိုင်ငံတွင် နေထိုင်နေရသော်လည်း အခြားနိုင်ငံတစ်ခု၏ အစောင့်အရှောက်ခံဘဝတွင် ခံယူနေရသည့် အဖြစ်က ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိသည်ဟု မမှတ်ယူနိုင်ကြောင်း ကမ္ဘာ့ဖြစ်စဉ်အချို့က ပြသနေသည်။ အချို့နိုင်ငံများဆိုလျှင် တိကျသောနယ်နိမိတ်ပင် မရှိနိုင်တော့သည့်အဖြစ်သို့ ကျရောက်နေရသည်။ အချုပ်အခြာအာဏာ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းသွားသောနိုင်ငံ တစ်နိုင်ငံအတွက် “ကျွဲကူးရေပါ” ဆိုသလို နိုင်ငံတကာအသိုက်အဝန်းတွင် ဝင်ဆံ့မှုအတိုင်းအတာလည်း ကျဆင်းသွားတတ်သည်။ ဤအခြေအနေတွင်တော့ နိုင်ငံကော၊ နိုင်ငံသား တစ်ဦးအတွက်ပါ ကမ္ဘာ့အလယ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်မည့် အခွင့်အရေးကောင်းများ ဆုံးရှုံးနေသည်ကို သတိပြုရပါမည်။
အနုတ်လက္ခဏာများဖယ်ရှားသွားရန်လို
ထို့အတွက် လွတ်လပ်ရေးကို ဆုံးရှုံးစေမည့် အနုတ်လက္ခဏာများကို ဖယ်ထုတ်နိုင်ရပါမည်။ တည်ငြိမ်မှုကိုပျက်ပြားစေမည့် အပြောအဆိုအရေးအသားများ၊ ညီညွတ်ရေးကိုထိခိုက် စေမည့် လုပ်နည်းလုပ်ဟန်များကို ဂရုပြုရှောင်ရှားနိုင်ရပါမည်။ ကိုယ်ချင်းစာတရားနှင့် ဗြဟ္မစိုရ်တရားများ မွေးမြူနိုင်ရပါမည်။ စိတ်နေ၊ စိတ်ထားများကောင်းဖို့လိုပါမည်။ စေတနာကောင်းများ ပြည့်ဝနိုင်ရပါမည်။ အမုန်းများ အာဃာတများမထားဘဲ အချင်းချင်းသစ္စာရှိရန် စိတ်ဓာတ်ကောင်းများ မြင့်မားနေသင့်သည်။ ဆင်ခြင်တုံတရားပြည့်ဝသည့် ပညာဉာဏ်အမြော်အမြင်များ မွေးမြူတည်ဆောက်ထားနိုင်ရပါမည်။ အပေါင်းလက္ခဏာမဆောင်သော ခံယူချက်သဘောထားများသည် အဆိုးဘက်သို့ ဦးတည်သွားတတ်သည်။ ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာတတ်သော၊ကျင့်ဝတ်တစ်ခုကို မစောင့်ထိန်းတတ်သော အလေ့အထသည် နိုင်ငံသားကောင်း စိတ်ဓာတ်ကို မွေးမြူရာတွင် အဟန့်အတားတစ်ခု ဖြစ်စေပြီး လွတ်လပ်ရေးနှင့်ထိုက်တန်သော အခြေအနေတစ်ခုမဟုတ်သည်ကို သတိချပ်သင့်ပါသည်။
ဆင်းရဲမှုတိုက်ဖျက်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရေးကို စဉ်းစားရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်မှု မရှိစေဟူသောမူသည် လူလူချင်းတန်းတူ ညီမျှမှု၏ အခြေခံအချက်တစ်ခုပင်ဖြစ်သည်။ နစ်နာမှု၊ မကျေနပ်မှုများနှင့် ညီမျှမှုမရှိက တရားမျှတမှုလည်း ကင်းမဲ့လာမည်ဖြစ်ကာ တရားဥပဒေစိုးမိုးမှုလည်း ပျက်ပြားသွားမည် သာဖြစ်သည်။ မတူကွဲပြားသော လူမျိုးပေါင်းစုံ တို့ စုပေါင်းနေထိုင်ရာအရပ်တွင် တစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ၊ လူမျိုးတစ်မျိုးချင်း စီ၏ကိုယ်ပိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှင့် အစဉ်အလာများ၊ ယုံကြည်ကိုးကွယ်ခွင့် များကို အပြန်အလှန် လေးစားတန်ဖိုးထားကြရပါမည်။ လေးစားမှု၊ တန်ဖိုးထားမှုဟူသည် တစ်ဦးနှင့်တစ်ဦး နားလည်ပေးနိုင်စွမ်းအပေါ်တွင်လည်း အခြေခံသည်။ သို့မှသာ ထာဝရ တည်မြဲမည့် လွတ်လပ်ရေးအတွက် အာမခံနိုင်မည်ဖြစ်သည်ဟု ဆိုချင်ပါသည်။
ယခုကာလတွင် မိမိတို့အားလုံး ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ရရှိနေကြပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပုံမှန်ဘဝများတွင် ပြည့်ဝစွာရပ်တည်နိုင်ရေး ကြိုးပမ်း အားထုတ်မှုများနှင့်အတူ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းလျက် နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို အစဉ်မြှင့်တင်ပေးနေရမည့် အချိန်အခါကောင်း တစ်ခုလည်းဖြစ်သည်။ ကမ္ဘာ့ကပ်ဘေးနှင့်အတူ အရာခပ်သိမ်း ထိန်းသိမ်းရင်ဆိုင်နေရသည့် နှစ်ဦးအကူးတွင် ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို ရင်ဝယ်စွဲထင်လျက် ငြိမ်းချမ်းရေးခရီးအလှမ်းနီးရန် ဆုတောင်းမိပါသည်။ လောကပါလတရားများနှင့်အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်မိပါသည်။
ဒေါက်တာမြတ်မိုး


