လွတ်လပ်ရေးအရှိန်အဝါ ထိန်ကာဝင်းလက်

နေပြည်‌တော် ၂၄ ဒီဇင်ဘာ

 

“လွတ်လပ်ရေး အရှိန်အဝါသည် ထိန်ကာဝင်းမှည့်၊ တလက်လက်ပြောင်သည်။ မြန်မာ့မြေပေါ် တောက်ထွန်းခဲ့ပြီ၊ ထွန်းပါသောကော၊ ပြောပြမည်။ မဟာဗန္ဓုလမှ စကာအတည်၊ ဗိုလ်ချုပ်တို့ နောက်ဆုံးဖြစ်တော့သည်။ တစ်ရာ့နှစ်ဆယ့်နဲ့ နှစ်နှစ်တိုင်တိုင် မြန်မာ့သွေးတွေလည်း တဖြိုင်ဖြိုင်ပေးကာ ရွေးယူတော့မှရသည်။ ဟယ် - လွတ်လပ်ရေး သင်ဘယ်ကိုပြေးတော့ မလွတ်နိုင်၊ လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရပေပြီ။” ဤစာသာ။ တေးသွားကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံမှထုတ်လွှင့်ခဲ့သည့် တေးသီချင်း ဖြစ်သည်။ လွတ်လပ်ရေးဟူသည်ကား နိုင်ငံတိုင်း၊ နိုင်ငံတိုင်းအတွက် တန်ဖိုး မဖြတ်နိုင်သော အဖိုးအနဂ္ဃထိုက်တန်သည့် နိုင်ငံ့ရတနာ အမြူတေ ဖြစ်သည်။ နိုင်ငံတိုင်းသည် ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို အလွယ်တကူပြန်လည် ရရှိလာခဲ့ကြသည်မဟုတ်ပေ။ နိုင်ငံ့စည်းစိမ်ဥစ္စာ၊ လူ့အသက်သွေးတို့ကို အချိန်ကာလရှည်ကြာစွာ စွန့်လွှတ်ပေးဆပ်ပြီးမှ ပြန်လည်ရရှိလာကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်ကာ။ ဖော်ပြပါပထမအကြိမ် လွတ်လပ်ရေးနေ့ ဂုဏ်ပြုတေးသွားပါအတိုင်း အခြားနိုင်ငံများနှင့်မတူ ပိုမိုထူးကဲစွာဖြင့် ပြည်သူများ၏ အသက်များ၊ သွေးများ၊ ချွေးများအပါအဝင် နိုင်ငံတစ်ခုလုံးပါ နှစ်တစ်ရာကျော် ရင်းနှီးပေးဆပ်ခဲ့ရပေသည်။

 

သူ့ကျွန်မခံ တွန်းလှန်ကြမည်ဆိုသည့် သတ္တိဗျတ္တိ၊ စွန့်လွှတ်စွန့်စားမှုများဖြင့် နိုင်ငံအတွက် ပေးဆပ်ခဲ့မှုများသည် အံ့ချီးမကုန်ပင် ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စတင်ဖြစ်ပွားစဉ်ကာလ မတိုင်မီကတည်းက တိုင်းပြည်နိုင်ငံအတွက် ရဲဝံ့စွန့်စားခဲ့သည့် မြန်မာ့သူရဲကောင်း စစ်သူကြီး၊ မဟာဗန္ဓုလမှစ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိမည့် အချိန်အထိ စွန့်လွှတ်အနစ်နာခံပြီ၊ သူမတူအောင် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့သော အမျိုးသား ခေါင်းဆောင်၊ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ခေတ်ကာလအထိ မြန်မာတို့၏ရင်းနှီးပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားခဲ့ကြရမှုများမှာ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထုသွင်းပြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံအား တိုင်းတစ်ပါး၏ ကျူးကျော်သိမ်းပိုက်မှုအောက်မှ လွတ်မြောက်ပြီး လုံးဝလွတ်လပ်သော နိုင်ငံဖြစ်လာရေးအတွက် နှစ်ပေါင်း တစ်ရာနှစ်ဆယ့်နှစ်နှစ်ကြာ ကာလအတွင်း မြန်မာအမျိုးသား အာဇာနည် သူရဲကောင်၊ သိန်းသောင်းချီတို့၏ အသက်၊ သွေး အမြောက်အမြား ပေးဆပ်ပြီးမှ ရရှိလာခဲ့သော လွတ်လပ်ရေး၏ တန်ဖိုးကာ။ မည်မျှကြီးမားပြီး တန်ဖိုးမဖြတ်နိုင်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ယခုအခါ လွတ်လပ်ရေး ရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီဖြစ်ရာ မြန်မာ့လွတ်လပ်ရေးအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရမှုများကို မေ့ပျောက်ပစ်၍ ရနိုင်မည် မဟုတ်ပေ။ လူ့သမိုင်းတစ်ဆက်မက ကျော်ဖြတ်ခဲ့ပြီးဖြစ်၍ သမိုင်းကို သမိုင်းတွင် ပစ်ပယ်ထားခြင်း မေ့ပျောက်ထားခြင်းလည်။ မဖြစ်သင့်ပေ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လွတ်လပ်ရေးနေ့ အခါသမယနှင့် ကြိုကြိုက်သည့်အချိန်အခါသာမက အစဉ်ထာဝရ အမြဲမပြတ် မမေ့မပျောက်ဘဲ ရှိကြဖို့လိုအပ်ပါသည်။

 

ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်နေရသည့် ခေတ်မီတိုးတက်နေသောကာလ ခေတ်အမြင်၊ ခေတ်အတွေ။ ခေတ်ရှေ့ပြေးမှုများကို ဦးစားပေ။ အလေးထားနေကြရသည့် မျိုးဆက်သစ်တို့ ကာလများ၌ ယခုကဲ့သို့ လွတ်လပ်သည့် အခွင့်အရေးများ၊ တိုးတက်သည့် ခံစားမှုများ ရရှိနေကြရသည်မှာ လွတ်လပ်ရေးမရမီ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် ကာလအတွင်းက အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် သိန်းသောင်းချီသော မြန်မာဘိုးဘွား ဘီဘင် သူရဲကောင်းများ၏ ကျေးဇူးများနှင့် မကင်းနိုင်သည်ကို ရှုမြင်ဆင်ခြင် နိုင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ လွတ်လပ်ရေးနေ့ထူးသို့ ရောက်သည့်ကာလများ၌ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ခဲ့ကြသည့် မြန်မာသူရဲကောင်းများအား အလေးအမြတ်ဂုဏ်ပြုကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး အရှိန်အဝါယနေ့ထက်တိုင်အောင် ထိန်ကာဝင်းလက် တောက်ပစေနိုင်အောင် ဆောင်ကြဉ်းပေးခဲ့ကြပါသော ရှေးရှေးဘိုးဘွားဘီဘင် မြန်မာသူရဲကောင်းကြီးများအာ၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကာလတွင် အထူးဂုဏ်ပြု ချီးမြှောက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ