လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ လူ့အခွင့်အရေး ချိုးဖာက်ကြောင်း စွပ်စွဲချက်များကို စုံစမ်းစစ်ဆေး သွားရန်အတွက် အချက်အလက်များ စုဆောင်းတင်သွင်းနိုင်

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ထံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားရန်အတွက် အချက်အလက်များ စုဆောင်းတင်သွင်းနိုင်ကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင် သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ယနေ့ ပြောကြားသည်။

 

သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ၎င်းတို့ကော်မရှင်ထံ အချက်အလက်များ စုဆောင်းတင်သွင်း နိုင်ကြောင်း မီဒီယာများမှတစ်ဆင့် အသိပေးကြေညာသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းတည်ငြိမ်စေရန် ဆောင်ရွက်ရမည့် အကြံပြုချက်များကို တင်ပြခြင်း၊ တာဝန်ရှိမှုကို ဖော်ထုတ်ခြင်းတို့နှင့် ပတ်သက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကော်မရှင်ထံ အချက်အလက်များ တင်သွင်းပေးပို့ရာတွင် တိုင်ကြားစာများ၊ ထောက်ခံစာများ၊ စာရွက်စာတမ်းများ၊ သက်သေခံချက်များ၊ ဖြစ်စဉ်များအတွက် မှတ်တမ်းတင်ထားသည့် အစီရင်ခံစာများစသဖြင့် သက်သေခိုင်လုံစွာ ရေးသားမှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းများ၊ ဖြစ်စဉ်နှင့်ပတ်သက်သည့် ဗွီဒီယို၊ အသံဖိုင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့်အတူ တင်သွင်းသူအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နှင့် အီးမေလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) သို့မဟုတ် အခြားသက်သေခံ ကတ်ပြားများကို ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

 

တင်သွင်းလွှာများကို မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်နှင့် ဘင်္ဂလီစသည့် ဘာသာ လေးမျိုးမှ တစ်မျိုးမျိုးဖြင့် ရေးသားကာ ကော်မရှင်၏ အီးမေးလ်ဖြစ်သည့် info@icoe-myanmar-org သို့လည်းကောင်း၊ ရုံးလိပ်စာဖြစ်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဇေယျာအောင်မြေလမ်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ ဖုန်း-၀၉-၈၉၇၆၆၃၁၈၉ သို့ လိပ်မူကာစာတိုက်မှ တစ်ဆင့်လည်းကောင်း ပေးပို့နိုင်ကြောင်း သိရသည်။

 

ထိုကဲ့သို့ ပေးပို့လာသော အချက်အလက်များကို ကော်မရှင်အနေဖြင့် လျှို့ဝှက် ထားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ တင်သွင်း ပေးပို့ပေးကြရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖိတ်ခေါ်ထားသည်။

 

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် သြဂုတ်၂၅ ရက် ဖြစ်စဉ်နှင့် အဆိုပါဖြစ်စဉ် နောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေသွားမည် ဖြစ်ကြောင်း သိရပြီး ကော်မရှင်ထံ သက်သေခံချက် တင်သွင်းသူများကို တင်သွင်းမှု ခိုင်လုံစေရန်အလို့ငှာ ကော်မရှင် အနေဖြင့် တွေ့ဆုံသွားမည်ဖြစ် ကြောင်းသိရသည်။

 

ထို့ပြင် ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေ ထွက်ဆိုလိုပါကလည်း ကော်မရှင်ထံ ကြိုတင်အသိပေးကာ ကော်မရှင် အနေဖြင့် နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မည့် အချိန်နှင့် နေရာကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေကျင်းပသည့် အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်းနှင့် ကုလသမဂ္ဂ ဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ကြသည်။

 

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက် ရက်စွဲ နိုင်ငံတော်သမ္မတရုံး အမိန့်ကြေငြာစာအမှတ် ၆၁/၂၀၁၈ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ARSA အဖွဲ့မှ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်စပ်သော ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင်အနေဖြင့် တာဝန်ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးရရှိစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)