လွတ်လပ်သောဘဝနှင့် ထိုက်တန်အောင်

၂၄ ဒီဇင်ဘာ

 

လွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် ၂၀ လောက် ကျွန်တော်တို့  စကားခပ်ရိုင်းရိုင်းပြောရရင် . အတော့်ကို ပြဲအောင်ကြိုးစားမှ၊ လုပ်နိုင်မှ အဲ့ဒါ အတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်

 

မြန်မာ့လွတ်လပ်ရေးအကြိုကာလ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ အထက်ပါ ကောက်နုတ်ချက်က ထိုခေတ် ပြည်သူများကိုသာမက နောက်မျိုးဆက်ပြည်သူများကိုပါ နားထင်စွဲမြဲစေခဲ့သည်။ အဆိုပါ အစည်းအဝေးကြီးတွင် တိုင်းပြုပြည်ပြု လွှတ်တော်အကြောင်း၊ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရရှိစေရန် အာမခံသည့်အကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ်ကြိုးစားစေလိုကြောင်း ပြည်သူများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းသည် ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းပင်ဖြစ်သည်။

 

သုညမှစပြီး ပြန်လည်ထူထောင်ရမည့် နိုင်ငံတစ်ခုအနေဖြင့် အခြားနိုင်ငံများက ခြေလှမ်းတစ်လှမ်းလှမ်းလျှင် မိမိတို့က ၄၊ ၅၊ ၁၀ လှမ်း လှမ်းနိုင်ရန်၊ တစ်နည်းအားဖြင့် သူများထက် ၄၊ ၅၊ ၁၀ ဆပို၍ အလုပ်လုပ်နိုင်ကြရန်၊ တိုင်းရင်းသားအချင်းချင်း၊ တိုင်းသူပြည်သားအချင်းချင်း ညီညွတ်ကြရန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းကြရန်အတွက် မမေ့နိုင်လောက်စရာ စကားလုံး ဝေါဟာရများဖြင့် နားတွင် သံမှိုစွဲသလို စွဲအောင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့တော်ခန်းမ ပြည်သူ့အစည်းအဝေးကြီးအပြီး နောက်တစ်ပတ်မျှ မကြာမီမှာပင် ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက် လအနည်းငယ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်။

 

လွတ်လပ်ရေး အကြိုကာလကတည်းက သန္ဓေတည်ခဲ့သည့် နိုင်ငံရေးအကွဲအပြဲ၊ ပြည်တွင်း စစ်မီး၊ မညီညွတ်မှုများ၊ ပဋိပက္ခများ၊ ပါလီမန်ဒီမိုကရေစီကျဆုံးခန်းနှင့် ဗဟိုဦးစီးစနစ်တို့၏ ဒဏ်ရာဒဏ်ချက်များ နှင့်အတူ လွတ်လပ်ပြီးနောက် ရာစုနှစ်ဝက်ကျော် ကာလများသည် နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူများအဖို့ ကံကြမ္မာမုန်တိုင်းထန်သော ကာလများဟုပင် ဆိုရမည်ဖြစ်သည်။

 

ညီညွတ်ရေးကို မတည်ဆောက်နိုင်ခဲ့သလို ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သူများ ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့က ၄၊ ၅၊ ၁၀လှမ်း လှမ်းနိုင်ဖို့ဝေးစွ ဦးတည်ရာပင် လွဲချော်ခဲ့ရာ တစ်ချိန်တစ်ခါက မိမိတို့နောက်မှ နိုင်ငံများပင် မိမိတို့ကို ကျော်တက်သွားခဲ့ကြပြီ။ အလွဲများကို ပြင်၍ ဗိုလ်ချုပ်ပြောသကဲ့သို့ အားလုံးနင်းကန် အလုပ်လုပ်နိုင်လျှင်ပင် နောင်အနှစ်၂၀ လောကြ်ကာမှ တန်ကာကျမည် ဖြစ်သည်။

 

မည်သို့ပင်ဆိုစေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာ ပိုင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပြီဖြစ်သည်။ အတိတ်သမိုင်းသည် ဂုဏ်ယူဖွယ်ရာများနှင့် ပြည့်နေသကဲ့သို့ သင်ခန်းစာယူဖွယ်ရာ များလည်း ရှိနေခဲ့သည်။ ပစ္စုပ္ပန်သမိုင်းကိုမူ မိမိတို့အားလုံးရေးထိုး အက္ခရာတက်နေဆဲဖြစ်သည်။ မိမိတို့လက်ငင်း သမိုင်းပေးတာဝန်များဖြစ်သည့် လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝရတည်တံ့အောင် ညီညီညွတ်ညွတ် စုပေါင်းကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ကြိုးပမ်းတည်ဆောက်ရေး၊ အတိတ်၏ ဆိုးမွေဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ကာ ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် စည်းစည်းလုံးလုံး ညီညွတ်စွာ၊ စည်းကမ်းရှိစွာဖြင့် ဆတက်ထမ်းပိုး ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။