လွှတ်တော်တွင် အဆိုတင်မည်ဆိုပါက အစိုးရနှင့် တိုင်ပင်ညှိနှိုင်းပေးစေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြော

မကွေး ၂၂ ဇန်နဝါရီ 


ကောင်းစေချင်သောစေတနာဖြင့် အဆိုများတင်သွင်းကြသည်ကို အသိအမှတ်ပြုသော်လည်း အကောင် အထည်ဖော်ရသည့်နေရာတွင် အခက်အခဲများရှိနေသည့်အတွက် လွှတ်တော်တွင်အဆိုတင်မည်ဆိုပါက အစိုးရနှင့် တိုင်ပင်ညှိနှိုင်းပေးစေလိုကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။


“အဆိုတိုင်းကို တိုင်းဒေသကြီးနဲ့ ပြည်ထောင်စုအတွက် ကောင်းစေချင်တဲ့ စေတနာမေတ္တာနဲ့ တင်သွင်းကြတယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ အကောင်အထည်ဖော်ရတဲ့နေရာမှာ အခက်အခဲရှိတဲ့အတွက်ကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ကိုယ်စားလှယ်တော်ကြီးများ အဆိုတင်မယ်ဆိုရင် ကျွန်တော်တို့အစိုးရနဲ့ တိုင်ပင်ညှိနှိုင်းပေးစေလိုပါတယ်”ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောဆိုသည်။

 

mdn


ဇန်နဝါရီလ၂၁ရက်နေ့တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့တွင် ဝန်ကြီးချုပ် လွှတ်တော်သို့တက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာ၌  ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။


ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၏ အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုနှင့် မေတ္တာရပ်ခံချက်တို့ကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဟု လွှတ်တော်ဥက္ကဋ္ဌ က ကြေညာခဲ့ကြောင်း သိရသည်။


ဇေယျတု(မကွေး)

 

mdn